ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သော ငွေစက္ကူအတု အမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ လေးဦးအား ဗဟိုဘဏ် ဥပဒေဖြင့် စစ်ဆေး အရေးယူလျက် ရှိကြောင်း သိရသည်။စက်တင်ဘာ ၁၉ ရက်က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွီပြင်ကျေးရွာတွင် တစ်သောင်းကျပ်တန် ငွေစက္ကူ အတုများဖြင့် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ဝယ်ယူစားသောက်နေသော လူလေးဦးအား ကျေးရွာသားများ၏ သတင်းပေးချက်အရ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ တစ်သောင်းတန် ငွေစက္ကူအတု ၂၆၈ ရွက်နှင့်အတူ တရားခံလေးဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။ယင်းနှင့် ပတ်သက်ပြီး ပုဏ္ဏားကျွန်း မြို့မ ရဲစခန်းမှူး ဒုရဲမှူးသောင်းကြွယ်က “သူတို့ လေးဦးကို ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့် စစ်ဆေးနေတာ ဖြစ်ပါတယ်။ အခု သက်သေတွေကို စစ်ဆေးနေတုန်း ဖြစ်ပါတယ်။ အခု ချုပ်မိန့်ရမန်နဲ့ စစ်ဆေးနေတာ ဖြစ်ပါတယ်။ စစ်ဆေးပြီးရင်တော့ တရားရုံးကို တင်ပါမယ်” ဟု ပြောကြားသည်။၎င်းတရားခံ လေးဦးအား ပ/၁၁၀/၂၀၁၆ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားခြင်းဖြစ်ပြီး ဖြစ်စဉ်မှာ သတင်းအရ ပိုးရွီပြင်ကျေးရွာတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ခမရ (၃၄၄) မှ ဗိုလ်ကြီးဟိန်းထက်နိုင် ဦးစီးအဖွဲ့နှင့် ပိုးရွီပြင် စခန်းမှူး ဦးစီးအဖွဲ့၊ စရဖနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့သည် အဆိုပါ လူစိမ်းများအား လိုက်လံရှာဖွေပြီး ထိုသူတို့ ဝယ်ယူသော ဆိုင်များအား သွားရောက်စစ်ဆေးခဲ့ရာ ကျပ်တစ်သောင်းတန် ငွေစက္ကူ အတုများအား သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ ငွေအတု ကိုင်ဆောင်ခဲ့သူတို့သည် ယင်းရွာမှ စက်လှေဖြင့် တိမ်းရှောင်သွားခဲ့သဖြင့် လိုက်လံရှာဖွေခဲ့ရာ ပေါက်တောပြင်ကျေးရွာ အနီးတွင် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဖမ်းဆီးခံထားရသူ လေးဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ဘစောလှိုင် (ဘ) စောမောင်၊ ထွန်းထွန်းကျော် (ခ) ခိုင်ထွန်းကျော် (ဘ) ဦးစံမောင်သာ၊ သိန်းမောင်အေး (ဘ) ဦးမောင်သာစိန်နှင့် အောင်ရွှေသိန်း (ဘ) ဦးမောင်သိန်းတို့ဖြစ်ကြောင်း သိရှိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ငွေစက္ကူအတု သိန်း ၂၀ ကျော်နှင့်အတူ ဖမ်းဆီးရမိသူ လေးဦးအား ဗဟိုဘဏ် ဥပဒေဖြင့် အမှုဖွင့် စစ်ဆေး