နန်စီပွန်ဒေသ ပြဿနာများနှင့် ပတ်သက်၍ ရေမဆေးသမားများကို ထိန်းချုပ်ရုံ မပြီးဘဲ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကိုပါ ထည့်သွင်း စဉ်းစားပေးရန် လိုအပ်ဟု ဆို

နန်စီပွန်ဒေသ ပြဿနာများနှင့် ပတ်သက်၍ ရေမဆေးသမားများကို ထိန်းချုပ်ရုံ မပြီးဘဲ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကိုပါ ထည့်သွင်း စဉ်းစားပေးရန် လိုအပ်ဟု ဆို
ခန္တီးမြို့နယ် နန်စီပွန်ဒေသရှိ ကျောက်လုပ်ကွက်များအား စက်တင်ဘာလ ဒုတိယအပတ် အတွင်းက တွေ့ရှိရစဉ်
ခန္တီးမြို့နယ် နန်စီပွန်ဒေသရှိ ကျောက်လုပ်ကွက်များအား စက်တင်ဘာလ ဒုတိယအပတ် အတွင်းက တွေ့ရှိရစဉ်
Published 15 September 2016
အောင်သူထွန်း၊ မဖေငြိမ်း

ခန္တီးမြို့နယ် နန်စီပွန်ဒေသ ကျောက်လုပ်ကွက်များအတွင်း ကုမ္ပဏီများနှင့် ရေမဆေး သမားများ၏ ပြဿနာများနှင့် ပတ်သက်၍ ရေမဆေးသမားများကို ထိန်းချုပ်ရုံနှင့် မပြီးသေးဘဲ ရေမဆေးသမားများ၏ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကိုပါ ထည့်သွင်း စဉ်းစားပေးရန် လိုအပ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးသန်းဌေးက ပြောကြားသည်။“ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရဘက်က အားနည်းတယ်ဆိုတာ အမှန်အတိုင်း ဝန်ခံရပါမယ်။ ဒါက ရတနာနယ်မြေ ဖြစ်နေတော့ တိုင်းဒေသကြီး အစိုးရနဲ့ မသက်ဆိုင်ဘဲ ပြည်ထောင်စု အစိုးရနဲ့ပဲ တိုက်ရိုက် သက်ဆိုင်နေတာလေ။ ပြီးတော့ ဒီမှာ ကုမ္ပဏီ ၆၀ ကျော်လောက် ရှိပြီး ကျောက်မျက်ရုံးက ဝန်ထမ်းရှစ်ယောက်ပဲ ရှိတော့ သူတို့ အနေနဲ့ သေသေချာချာ ကြီးကြပ်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ လုပ်ကွက်ဧရိယာ သတ်မှတ်တာကအစ လွဲချော်မှုလေးတွေ ရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ နောက်တစ်ခုက ရေမဆေးရှာတဲ့ လူတွေဘက်က ကြည့်မယ်ဆိုရင် ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ ပြဿနာတို့ကြောင့် သူတို့ဘက်ကလည်း ဒီလို ရှာနေရတဲ့အခါ တရားဥပဒေအတိုင်း လိုက်နာဖို့ လိုအပ်တယ်ဆိုတာ ပညာပေး လုပ်ပေးရမယ်။ ဒီလို လုပ်တဲ့အခါ ရေမဆေးသမားတွေ သာမက ကုမ္ပဏီတွေ ဘက်ကလည်း လုပ်ကွက် ဧရိယာတွေ စီမံခန့်ခွဲမှု အပိုင်းတွေမှာ တရားဥပဒေအတိုင်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ အခုလို ပြဿနာတွေ ဖြစ်တဲ့အခါ ရေမဆေးသမားတွေကို ထိန်းချုပ်နေရုံနဲ့ မပြီးဘူး။ သူတို့တွေ အတွက် အလုပ်အကိုင် ရရှိရေးကိုလည်း ထည့်စဉ်းစားပေးရပါမယ်။ နှစ်ဦးနှစ်ဖက်လုံးကို မျှမျှတတ စဉ်းစားပေးမှ ဒီပြဿနာ  ပြေလည်မယ်လို့ ထင်ပါတယ်။ အခုဒီမှာ ဖြစ်နေတဲ့ ပြဿနာလေးတွေကို ဝန်ကြီးချုပ် အနေနဲ့ အမှန်အတိုင်း သိနိုင်အောင်လို့ ကျွန်တော်တို့က လာကြည့်တာပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးသန်းဌေးက ပြောကြားသည်။ခန္တီးမြို့နယ် နန်စီပွန်ကျောက်မှော်ရှိ ကျောက်မျက်ကုမ္ပဏီများနှင့် ရေမဆေးကျောက် ရှာဖွေသူများ အကြားတွင် ပြဿနာ  မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ကျောက်မျက်ကုမ္ပဏီများကလည်း ၎င်းတို့၏ လုပ်ကွက်ဧရိယာထဲတွင် ရေမဆေး ရှာဖွေနေသူများ အားလုံး စက်တင်ဘာ ၇ ရက်မှစ၍ တစ်ပတ်အတွင်း ထွက်ခွာသွားကြရန် ကြေညာချက် ထုတ်ပြန်ပြီးနောက် စက်တင်ဘာ ၁၄ ရက်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ အချို့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ခန္တီးမြို့နယ်မှ တာဝန်ရှိသူအချို့ သွားရောက်ကြည့်ရှုပြီးနောက် ကျောက်မျက်ကုမ္ပဏီများဘက်မှလည်း ရေမဆေးသမားများနှင့် လတ်တလော ပြေလည်မှု ရှိစေရန် ညှိနှိုင်းဆောင်ရွက်မှုများ ရှိလာသော်လည်း လက်တွေ့တွင်မူ ရေရှည်ဖြေရှင်းရမည့် ပြဿနာ ဖြစ်သည်ဟု သိရသည်။“ခန္တီးဒေသဟာ ခေတ်အဆက်ဆက်က ကျောက်စိမ်းထွက်ခဲ့တဲ့ နယ်မြေတစ်ခုပါပဲ။ ဒါပေမဲ့ ခေတ်အဆက်ဆက်မှာ လုပ်ကိုင်ခဲ့တဲ့ ကျောက်လုပ်ငန်းမှာ ဒေသခံတွေ ဘယ်လောက်များ အကျိုးအမြတ် ခံစားခဲ့ရလို့လဲ။ ဒေသခံတွေမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ဆင်းရဲမွဲတေမှု၊ မူးယစ်ဆေးဝါး ပြဿနာတွေပဲ အဓိက ရင်ဆိုင်ခဲ့ရတယ်။ အခုဆိုရင် ပြောင်းလဲချိန် တန်ပြီဆိုတဲ့ ကာလမှာ ကျွန်တော်တို့ ဒေသခံတွေ အနေနဲ့ မိမိနယ်မြေက ထွက်တဲ့ ရတနာနယ်မြေနဲ့ ပတ်သက်ပြီး ထိုက်သင့်တဲ့ အကျိုးခံစားမှုတွေ ရစေချင်တယ်။ ခေတ်အဆက်ဆက်ကလို ခရိုနီတွေ အာဏာရှင်တွေ လက်ဝါးကြီးအုပ်သွားသလိုမျိုး အဖြစ်မခံနိုင်ဘူး။ တရားမျှတမှု ဖြစ်စေချင်တယ်။ ဒီအတွက်လည်း ကျွန်တော်တို့ အနေနဲ့ စောင့်ကြည့်သွားမယ်” ဟု ခန္တီးမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောကြားသည်။ခန္တီးမြို့နယ် နန်စီပွန်ကျောက်မှော်တွင် ရေမဆေးရှာဖွေသူ ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်မှုများလာပြီး နောက်ပိုင်းတွင် ကုမ္ပဏီများနှင့် မကြာခဏ ပြဿနာ ဖြစ်ပွားလေ့ ရှိသည်ဟု သိရသည်။ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၉ ရက်က နန်စီပွန်တွင် မိုင်းကွဲမှု ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ခန္တီးမြို့နယ် နန်စီပွန် ကျောက်မှော်တွင် ဦးပိုင်ကုမ္ပဏီ အပါအဝင် ကုမ္ပဏီကိုးခုမှ လုပ်ကွက်ပေါင်း ၁၀၀ ကျော် လုပ်ကိုင်နေကြပြီး အခြားလျှောက်ထားသော ကုမ္ပဏီပေါင်း ၂၀၀ ကျော် ရှိနေကြောင်း သိရသည်။“ကျွန်တော်တို့ သွားကြည့်တော့ ရေမဆေးသမားတွေ ရှာဖို့ စွန့်ပစ်မြေစာပုံတွေ သတ်မှတ်တဲ့ နေရာမှာ ပုံပေးပါ့မယ်။ ရေမဆေးသမားတွေကိုလည်း စွန့်ပစ်မြေစာပုံမှာပဲ ရှာဖို့ သက်ဆိုင်ရာက တာဝန်ယူပေးပါလို့ ကုမ္ပဏီဘက်က ပြောလာပါတယ်။ ဒီလို ကုမ္ပဏီဘက်က စွန့်ပစ်မြေစာတွေ ပုံပေးမယ် ရေမဆေးသမားတွေကလည်း အဲဒီမှာပဲ ရှာကြမယ် ဆိုရင် လတ်တလောမှာ ပြေလည်သွားနိုင်ပေမယ့် ရေမဆေးသမားတွေက စွန့်ပစ်မြေစာပုံမှာပဲ ရှာဖို့ ကုမ္ပဏီရဲ့ ဧရိယာထဲကို ဝင်မရှာဖို့ ဆိုတာကို ထိန်းချုပ်ဖို့ကျတော့ တရားဥပဒေ စိုးမိုးမှုတွေ လိုအပ်လာတာပေါ့။ အဓိကက လုံခြုံရေးတာဝန် ယူရတဲ့ ရဲဝန်ထမ်းတွေလည်း အင်အား လုံလောက်မှု မရှိတာလည်း ပါတာပေါ့လေ။ အရင်က နန်စီပွန်ဒေသခံ ရွာသားတွေပဲ ရေမဆေး ရှာပေမယ့် အခုနောက်ပိုင်းမှာ ရွှေ့ပြောင်းလုပ်သားတွေ ဝင်ရောက်လာပြီး ရေမဆေးရှာတဲ့လူက သောင်းဂဏန်းလောက် ရှိလာတယ်။ ဒီလို လူပေါင်းစုံ လာတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာ တွေဖြစ်ပြီး တစ်ချိန်မှာ ရှုပ်ထွေးသွားနိုင်တဲ့ အနေအထားတွေ တွေ့မြင်နေရတဲ့အတွက် ကျွန်တော်တို့ အားလုံးက ဒါကို သတိထား စောင့်ကြည့်နေကြပါတယ်။ ကုမ္ပဏီဘက်ကိုလည်း စည်းမျဉ်းစည်းကမ်းနဲ့အညီ တူးဖော်မှု ရှိမရှိ စတာတွေကိုလည်း စောင့်ကြည့်နေပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက ပြောကြားသည်။ယခင်က ကျောက်မျက် ကုမ္ပဏီများနှင့် ရေမဆေးကျောက် ရှာဖွေသူများအကြား ပြဿနာဖြစ်ပွားခဲ့ပြီး ကုမ္ပဏီများဘက်မှ ရေမဆေး ရှာဖွေသူများသည် ၎င်းတို့ မရှာဖွေရသေးသော မြေစာပုံများတွင် ခြံစည်းရိုးဖျက်ကာ လူအင်အားဖြင့် အဓမ္မဝင်ရောက် ရှာဖွေခြင်း ကုမ္ပဏီပိုင် ဘက်ဟိုးများကို ဖျက်ဆီးခြင်း ဆီကန်များ ဖျက်ဆီးခြင်းများ ပြုလုပ်သည်ဟု ပြောကြားခဲ့ပြီး ရေမဆေး သမားများ ဘက်မှလည်း ကုမ္ပဏီက ၎င်းတို့ရှာဖွေရန် စွန့်ပစ်မြေစာပုံများ မချပေးတော့ဘဲ ကုမ္ပဏီဝင်းအတွင်း စွန့်ပစ်မြေစာပုံများကို သွပ်ပြားများကာရံကာ စုပုံထားကြောင်း ကုမ္ပဏီများသည် ၎င်းတို့၏ လုပ်ကွက်ဧရိယာကို တရားဝင် ထုတ်ပြန်ခြင်း မရှိကြောင်းနှင့် လုပ်ကွက်သက်တမ်းနှင့် ပတ်သက်၍လည်း ပွင့်လင်းမြင်သာမှု မရှိကြောင်း အပြန်အလှန် ပြောဆိုကြကာ ကုမ္ပဏီနှင့် ရေမဆေး ရှာသူတို့အကြား မကြာခဏ ပြဿနာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent