ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်အပါအဝင် စားသောက်ကုန်အချို့တွင် ခွင့်မပြုဆိုးဆေးများ ပါဝင်နေပြီး အဏုဇီ၀ သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိသည်ကို စစ်ဆေးတွေ့ရှိ

ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်အပါအဝင် စားသောက်ကုန်အချို့တွင် ခွင့်မပြုဆိုးဆေးများ ပါဝင်နေပြီး အဏုဇီ၀ သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိသည်ကို စစ်ဆေးတွေ့ရှိ
Published 7 September 2016
အိသဉ္ဇာကျော်

ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့် အပါအဝင် စားသောက်ကုန်အချို့တွင် ခွင့်မပြုဆိုးဆေးများ အသုံးပြုထားခြင်းအပြင် အဏုဇီဝသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။
ဈေးကွက်အတွင်း ရောင်းချနေသည့် အစားအသောက်များကို နမူနာယူ စစ်ဆေးခဲ့ရာ မြရတီအမှတ်တံဆိပ် ငရုတ်သီးမှုန့်၊ ဟိန်း အမှတ်တံဆိပ် ငရုတ်သီး အရောင်တင်မှုန့်များတွင် ခွင့်မပြုဆိုးဆေး Sudan III များ အသုံးပြုထားသည့်အပြင် အဏုဇီဝသတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ငွေကျေးမင်း အမှတ်တံဆိပ် ငရုတ်ဆီ၊ ညိုညိုအမှတ်တံဆိပ် ငရုတ်သီး အစိမ်းမှုန့်၊ ဆီတို့ဟူး၊ သရပ်သီးသနပ်၊ နနွင်းမှုန့်၊ ရွှေပြည်သာ အမှတ်တံဆိပ်ချင်းချဉ်၊ ကံ့ကော်အမှတ်တံဆိပ် ပဲငါးပိချဉ်စပ်များတွင် အဏုဇီ၀ သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် ရွှေမင်းအမှတ်တံဆိပ် ဂျယ်လီ (ပန်းရောင်)၊ လင်းစန္ဒာ အမှတ်တံဆိပ် ကြက်သွန်မုန့်ခြောက်၊ ကောင်းလွန်း အမှတ်တံဆိပ် ပဲကြီးလှော်၊ သိန်းပျံအမှတ်တံဆိပ်ငရုတ်ဆီ၊ နဂါးအမှတ်တံဆိပ်ရှာ လကာရည်၊ တရုတ်စာတန်းဖြင့် ဖော်ပြထားသည့် ရောင်စုံဝေဖာလုံး၊ ရွှေပုဇွန်အမှတ် တံဆိပ်ပုစွန်ငါးပိ၊ ပစ်တိုင်းထောင် အမှတ်တံဆိပ် ငရုတ်သီး အရောင်တင်မှုန့်၊ ရွှေသာစည် အမှတ်တံဆိပ်အရောင်တင်မှုန့်၊ ရွှေပင်ဆင့် အမှတ်တံဆိပ ်အရောင်တင်မှုန့်၊ ဟိုင်းမင်းအမှတ်တံဆိပ် ငရုတ်ဆီ၊ သိန်းမင်းအမှတ် တံဆိပ်ငရုတ်ဆီအစပ်၊ အမှတ်တံဆိပ်မပါ တုတ်ထိုးသကြားလုံး၊ ပုရှယ်အမှတ်တံဆိပ် ငရုတ်ပွ အရောင်တင်မှုန့်၊ ပုံပုံအမှတ်တံဆိပ် ငရုတ်ဆီ၊ စူပါအမှတ်တံဆိပ် ရောင်စုံသကြားလုံး၊ ရွှေဧရာအမှတ်တံဆိပ်ရှယ် မျှင်ငါးပိထောင်းတို့တွင် ခွင့်မပြုဆိုးဆေးများ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ခွင့်မပြုဆိုးဆေးပါ အစားအသောက် အမှတ်တံဆိပ်များကို FDA က ထုတ်ပြန်ကြေညာ ထားသည်ကို တွေ့ရစဉ်
ထို့ပြင် စစ်ဆေးတွေ့ရှိခဲ့သည့် ခွင့်မပြုဆိုးဆေးပါ စားသောက်ကုန ်အမှတ်တံဆိပ်များအနက် အချို့မှာ ခွင့်မပြု ဆိုးဆေးများကို တစ်မျိုးချင်းသာမက နှစ်မျိုးရော သုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် စစ်ဆေးတွေ့ရှိခဲ့သည့် စားသောက်ကုန် အားလုံးကို စားသုံးရန် မသင့်ကြောင်း စစ်ဆေးတွေ့ရှိချိန်မှစ၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခွင့် ပိတ်ပင်ကာ လက်ခံတင်သွင်း ရောင်းချသူအား လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်အထိ ဥပဒေအရ အရေးယူမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အများဆုံး တွေ့ရှိရသော ခွင့်မပြုဆိုးဆေးများမှာ Auramine O, Rhodamine B, Sudan Dyes, Orange II တို့ဖြစ်ကြောင်းနှင့် ထိုခွင့်မပြုဆိုးဆေးများသည် အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းစသော လတ်တလော ဆိုးကျိုးများ ဖြစ်ပေါ်စေပြီး ရေရှည်တွင် ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေခြင်း၊ အသည်းနှင့် ကျောက်ကပ်များ ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပေါ်စေနိုင်ကြောင်း အစားအသောက်နှင့် ဆေးဝါးဌာနမှ ပြောကြားချက်အရ သိရသည်။
Auramine O (အဝါရောင်) ကို ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများ အရောင်ဆိုးရာတွင် အသုံးပြုရခြင်းဖြစ်ပြီး လက်ဖက်၊ ပဲကြီးလှော်၊ မျှစ်တို့တွင် အများဆုံး အသုံးပြုနေသည်ကို တွေ့ရကြောင်း သိရသည်။                                       

Most Read

Most Recent