ကျွန်တော် ဆေးကျောင်းတက်စဉ် ငယ်စဉ်ဘဝက အဖြစ်အပျက်တစ်ခုကို ပြန်တွေးမိတိုင်း အရှက်ရမိနေပါတယ်။ အဲဒီတုန်းက သူငယ်ချင်းတွေစုစုပြီး စကားတွေ ပြောဖြစ်ခဲ့ကြပါတယ်။ လူငယ်ဘာသာဘာ၀ ဝတ္ထုဇာတ်လမ်း ရုပ်ရှင်ဟာသ အချစ်အကြောင်းတွေကနေ နိုင်ငံရေးအထိ အစုံပါပဲ။ နိုင်ငံရေးအကြောင်း ဆွေးနွေးနေတဲ့ သူငယ်ချင်းအုပ်စုရဲ့ဘေးမှာ ကျွန်တော်က စာအုပ်တစ်အုပ်ကို ဖတ်နေမိပါတယ်။ နားကတော့ စွင့်ထားတာပါ။ သူငယ်ချင်းတစ်ဦးက ဆိုပါတယ်။ ဒီပုံစံအတိုင်းသာ ရှေ့ဆက်သွားမယ်ဆို ငါတို့ဘ၀ တိုးတက်ရေးအတွက် နိုင်ငံခြားကို ထွက်ကို ထွက်မှဖြစ်မယ်လို့ ဆိုလိုက်ပါတယ်။
ကျွန်တော်အဲဒီအချိန်က အသက် ၂၀ သာသာပါ။ နိုင်ငံခြားထွက်တာကို ပညာသွားသင်တာ လေ့လာတာကိုပဲ နှစ်သက်သူ ဖြစ်ပြီး ဒီမှာပညာသင်ကာ နိုင်ငံခြားမှာ သွားအလုပ်လုပ်တာကို မနှစ်သက်ပါဘူး။ ကိုယ်တိုင်ကလည်း ဆရာဝန်ဖြစ်ရင် ပြည်တွင်းမှာပဲ အလုပ်လုပ်မယ်။ ပြည်သူတွေနှင့် တသားတည်းနေပြီး ပြည်သူတွေ ဘဝတိုးတက်ဖို့ ကြိုးစားချင်တယ်။ နိုင်ငံခြားဆိုတာကို ပညာသင်ဖို့နှင့် လေ့လာရေးခရီး သွားဖို့သာ ရည်ရွယ်ထားခဲ့သူလည်း ဖြစ်ပါတယ်။ သူငယ်ချင်းရဲ့ သူ့အရည်အချင်းနဲ့ ဒီတိုင်းပြည်မတန်ဘူးဆိုတဲ့ စကားအတွက် နားကြားပြင်းကတ်သွားပါတယ်။ ချက်ချင်း စကားဝိုင်းထဲ ဝင်ပါလိုက်ပါတယ်။
“ဟုတ်တယ် သူငယ်ချင်း၊ မင်းနိုင်ငံခြား သွားအလုပ်လုပ်သင့်တယ်။ အားလုံးသွား အလုပ်လုပ်သင့်တယ်။ ဘယ်သူမှ မရှိတော့ဘဲ ငါတစ်ယောက်တည်း ကျန်ခဲ့ရင် မြန်မာပြည်မှာ ငါဗိုလ်ပဲ” လို့ ပြောခဲ့မိပါတယ်။
ကျွန်တော့်ဟာသစကားကြောင့် အားလုံး ဝါးခနဲ ရယ်လိုက်ရင်း နိုင်ငံရေးအကြောင်းထက် ဒီပြင်အကြောင်းတွေဆီ ရောက်သွားပါတော့တယ်။ နောက်ပိုင်း ပြန်တွေးကြည့်မိတိုင်း ဒီလိုပြောခဲ့တဲ့အတွက် ရှက်မိပါတော့တယ်။ အမှန်စင်စစ်ဆို သူငယ်ချင်း မင်းသွားပါ။ ပြီးရင် ဟိုကရခဲ့တဲ့ အတွေ့အကြုံတွေနှင့် ဒီကို အကျိုးပြုပေးပါလို့ ဝင်ရောက်ပြောဆိုသင့်တာပါ။ ခုလို ပြောလိုက်တော့ ကိုယ်ကိုယ်တိုင်လည်း အရည်အချင်း မရှိတဲ့သူဘ၀ ရောက်သွားခဲ့ပါတော့တယ်။ လူတော်တွေမရှိမှ လူစွာလုပ်ရမယ့်အဖြစ်ဟာ ရှက်စရာပါပဲ။ ဒီလို သုံးသပ်မိချိန်ကတည်းက ကျွန်တော် တစ်နေ့ထက်တစ်နေ့ ကိုယ့်ကိုယ်ကိုယ် အရည်အချင်းပြည့်အောင် တည်ဆောက် နေမိပါတော့တယ်။
နိုင်ငံခြားကို မျှော်ကိုးတဲ့ သူငယ်ချင်းလည်း နိုင်ငံခြားကိုထွက် အောင်မြင်မှုတွေ တသီကြီး ရနေပါတယ်။ မြန်မာပြည်ကို ချစ်စွာ ပြုပြင်ပြောင်းလဲချင်ရင် အခြေခံကျကျ ထဲထဲဝင်ဝင် လုပ်ရမယ်လို့ ရည်စူးထားသူ ကျွန်တော်လည်း ရုန်းကန်လှုပ်ရှားရင်း နေရာလေးတစ်ခုတော့ ထိုက်သင့်သလောက် ရလာခဲ့ပါပြီ။ ဒါပေမဲ့ ငယ်ငယ်က ဟာသဆိုခဲ့သလို ကျွန်တော်ရရှိတဲ့ အောင်မြင်မှု လုပ်ဆောင်မှု နေရာတွေအားလုံးဟာ လူတော်တွေမရှိလို့ (အနှစ်မရှိတဲ့ တောကြက်ဆူမင်းမူတာ) မဟုတ်ဘဲ ထိုက်တန်လို့ ရသင့်ရထိုက်လို့ ကြိုးစားခဲ့လို့ ရခဲ့တာတွေချည်းပါပဲ။ (ရှက်စိတ်က ကျွန်တော့်ကို ကြိုးစားမိအောင် အမြဲသတိပေးနေတာပါ။) မကြာသေးခင်က သူငယ်ချင်းက ကျွန်တော့်ကို ဆက်သွယ်လာပြီး ကျွန်တော့် လုပ်ရပ်တွေအတွက် ဂုဏ်ယူကြောင်းနှင့် သူအခြေအနေတစ်ခုကျရင် ပြန်လာပြီး ကျွန်တော်တို့တွေ တိုင်းပြည်အတွက် ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့ စကားပြောလာပါတယ်။ ကျေနပ်အားရစရာပါပဲ။ ငါတို့တွေ လက်တွဲ လုပ်နိုင်မယ့်နေ့ကို စောင့်နေပါ့မယ်လို့ ပြန်ပြောဖြစ်ခဲ့ပါတယ်။
ကျွန်တော့်မူရင်းစိတ်က ရိုးသားမှုကို မြတ်နိုးပါတယ်။ Honesty is best Policy လို့ အမြဲ မှတ်ယူထားသူလည်း ဖြစ်ပါတယ်။ တစ်ခါတုန်းက အဖြစ်တစ်ခုလည်း သတိရနေပါသေးတယ်။ အင်မတန်ရိုးသားတဲ့ စကားပြောရင် ယဉ်ကျေးပေမယ့် အမှန်အတိုင်း ပြော ယုံကြည်တဲ့အတိုင်း လုပ်တတ်တဲ့ ဆရာဝန်ကြီးတစ်ယောက်ကို အဲဒီအချိန်က ဘုန်းမီးနေလတောက်ခဲ့တဲ့ အဆင့်မြင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်က ပြောခဲ့တာပါ။ မင်းလိုကောင်မျိုး ဆရာဝန်ဖြစ်လာတာ ကောင်းတယ်။ နိုင်ငံရေးသာ လုပ်စားလို့ကတော့ ထောင်ကျမလား ထမင်းငတ်မလားမသိဘူး။ ဟေ့ ဆရာဝန်မှတ်ထား နိုင်ငံရေးမှာ ရိုးသားစရာမလိုဘူး။ ပရိယာယ်ရှိဖို့ ကြံတတ်ဖန်တတ်ဖို့ ပြိုင်ဘက်ကို အလဲထိုးဖို့ပဲ လိုတယ်ကွဟု ဖြစ်ပါတယ်။ ပြန်ကြားမိတဲ့အချိန်မှာ ယခင်က အထင်ကြီး လေးစားခဲ့တဲ့ အဲဒီပုဂ္ဂိုလ်ကြီးကို တိတ်တခိုး မုန်းမိခဲ့ပါသေးတယ်။ သူ့ပရိယာယ်တွေ သူ့စတန့်ထွင်ကွက်တွေ သူ့မာယာကြိုးတွေနှင့် ရှုပ်ထွေးသွားခဲ့ပြီး အဲဒီပုဂ္ဂိုလ်ကြီးလည်း နိုင်ငံရေးမှာ မိုးမချုပ်ခင် နေဝင်သွားခဲ့ပါတော့တယ်။
ကျွန်တော် သုံးသပ်မိတာကတော့ နိုင်ငံရေး လုပ်သူတွေ မရိုးသားဘဲ စတန့်ထွင်ရင် လတ်တလော အောင်မြင်ချင်အောင်မြင်မယ်။ ဒါပေမဲ့ အတိုင်းအတာတစ်ခု အထိပဲ အောင်မြင်မယ်။ ရေရှည်မအောင်မြင်ရုံမက ဘေးထွက်ဆိုးကျိုးပါ များမယ်လို့ ယုံကြည်ပါတယ်။ စတန့်ထွင်တဲ့ နိုင်ငံရေးဟာ တစ်ဖက်ပိတ် အစွန်းတစ်ခုမှာ ချောင်ပိတ်မိတတ်ပါတယ်။
မဟာဗျူဟာမြောက် ပြိုင်ဘက်ရုရှားကို Counter လုပ်ချင်တော့ တာလီဘန်ကို တစ်ဖက်လှည့် မွေးခဲ့တဲ့သူ၊ အာဆတ်ကိုဖြုတ်ချင်လို့ IS ကို မသိမသာအင်အားပြည့်လာအောင် လုပ်ပေးခဲ့တဲ့သူတွေဟာ ဘယ်သူလဲလို့ ခု မေးခွန်းတွေကို ထုတ်လာကြပါပြီ။ ဒါတွေဟာ ဟီလာရီတို့၊ အိုဘားမားတို့ရဲ့ နိုင်ငံရေး စတန့်တွေလို့ စွပ်စွဲမှုတွေ ထွက်ပေါ်လာခဲ့ပါပြီ။ (ရွေးကောက်ပွဲမတိုင်မီ အချိန်ကိုက် ဖော်ထုတ်မှုပါ။) ပျိုးထောင်သူတွေရဲ့ နိုင်ငံကို အကြီးအကျယ် ထိပါးလာကြပါပြီလို့ ဆိုရတော့မှာပါ။ သူများအိမ် မီးလောင်ဖို့အတွက် ပျိုးခဲ့တဲ့ မီးပွားက ကိုယ့်အိမ်ကိုပါ ပြန်ကူးလာခဲ့သလိုပဲ။ ကိုယ့်ရှူးကိုယ်ပတ် မြွေပွေး ခါးပိုက်ပိုက်တဲ့ အဖြစ်တွေပါပဲ။ အဲဒီနိုင်ငံရေး စတန့်ထွင်မှုကြောင့် စတန့်ထွင်သူတွေမှာလည်း အမှန်တကယ် အောင်မြင်ရတော့မယ့်အချိန်မှာ ထိခိုက်မှုတွေ နစ်နာမှုတွေဖြစ်သွားနိုင်ပါတယ်။ သူတို့တင်မက သူတို့နိုင်ငံရဲ့ အနာဂတ်ကံကြမ္မာပါ ပြောင်းလဲသွားနိုင်ပါတယ်။
ဒါကြောင့် ကျွန်တော်ယုံကြည်တဲ့ နိုင်ငံရေးနှင့် အယူဝါဒ ပြိုင်ဆိုင်မှုဆိုတာ ပြိုင်ဘက် ပြိုလဲသွားရေးထက် မိမိ ခိုင်မာလာစေရေးပဲ ဖြစ်ပါတယ်။ မိမိရဲ့မူဝါဒကို အမြဲသန့်စင်နေအောင် အမြဲတိုးတက်နေအောင် အမြဲရှင်သန်နေအောင် အမြဲအောင်မြင်နေအောင် စောင့်ရှောက် စီမံဆောင်ရွက်ရမှာပါ။ ပိုမို သန့်စင် အောင်မြင်ခိုင်မာလာမှုတွေကြောင့် အများက အားကျလာမယ် နောက်လိုက်တွေရဲ့ ယုံကြည်မှုတွေ ခိုင်မာလာမယ်။ လက်ခံသူ ပရိသတ်များလာမယ်။ နောက်ဆုံးပြိုင်ဘက်ကပင် မိမိအားလေးစားချစ်ခင်လာပြီး မိမိလုပ်ဆောင် ရပ်တည်နေတဲ့ လုပ်ဆောင်ချက် ရပ်တည်ချက်ကို ယုံကြည်လာပြီး မသိမသာရော သိသိသာသာပါ ပူးပေါင်းပါဝင်လာစေရေး (ခပ်ရိုင်းရိုင်းဆိုရရင် တပည့် ခံလာစေရေး နောက်လိုက်ဖြစ်စေရေး) ပါပဲ။ ဒီလိုလုပ်ဆောင်နိုင်မှသာ အောင်မြင်တဲ့ နိုင်ငံရေးအယူအဆဖြစ်လာမှာပါ။ ကျွန်တော့်အတွက်ဆိုရင် ကောက်ကျစ်တတ်တဲ့ နောက်လိုက်ထက် ရိုးသားတဲ့ ရန်သူကို ပိုလိုချင်မိပါတယ်။
စီမံခန့်ခွဲမှု စတန့်နှင့် ရိုးသားမှုမရှိတဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးတွေကို သုံးသပ်ကြည့်ရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ လူငယ်ထုတွေအတွက် ခြိမ်းခြောက်မှုကြီးအဖြစ် လက်ရှိ ကြုံနေတဲ့ မူးယစ်ဆေးဝါးပြဿနာ တွေဟာလည်း နိုင်ငံရေး စီမံခန့်ခွဲရေးစတန်ရဲ့ နောက်ဆက်တွဲတွေလို့ ဆိုရမှာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုလောက်ကတည်းက နယ်စပ်တွေမှာ ပေါများခဲ့တဲ့ မူးယစ်ဆေးတွေကို ပြည်တွင်းကိုမလာပါဘူးကွာ ငါတို့ကို တစ်ဖက်ကနေ မှောင်ခိုနဲ့ ဒုက္ခပေးခဲ့တဲ့ နိုင်ငံကိုရည်ရွယ်တာပါ။ ဒီဘက်ကိုကာပြီး ဟိုဘက်ကို အသာ လွှတ်ပေးထားလိုက်မယ်လို့ ပြောတဲ့သူ ပြောခဲ့ဖူးပါတယ်။ မျက်စိမှိတ်ပေးခဲ့ဖူးပါတယ်။ (အချိန်ရွေးဆွဲစေ့နိုင်အောင် ဟထားပေးတယ်လို့လည်း ဆိုကြပါသေးတယ်။) ခုတော့ လူထူထူနေရာတိုင်းမှာ မူးယစ်ဆေးက ရနေကြပါပြီလို့ ဆိုရမလောက်ပါပဲ။ (အဖေ ဖမ်းခံရတယ် အမေက ဆက်ရောင်းတယ်။ အမေဖမ်းခံရတယ်။ သမီးက ဆက်ရောင်းတယ်။ သမီးဖမ်းခံရတယ်။ သမက်ဆက်ရောင်းတယ်။ သမက်ဖမ်းခံရတယ်။ အဖေပြန်လွတ်လာပြီ အဖေပြန်ရောင်းမယ်ဆိုတာ လူရွှင်တော်တွေ နောက်နေတဲ့ ပြက်လုံးတစ်နည်း ရယ်စရာမဟုတ်တော့တဲ့ တကယ့်ဖြစ်ရပ်တွေ ဖြစ်လာပါပြီ) ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေမှာတာင် မူးယစ်ဆေးပြဿနာဟာ ထည့်သွင်း စဉ်းစား ဆွေးနွေးရမယ့် အချက်လို့ ကျွန်တော်ထင်ပါတယ်။
ကျွန်တော်ကတော့ အားလုံးကို ရိုးသားစေချင်ပါတယ်။ အထူးသဖြင့် အနာဂတ်အတွက် စီမံရတဲ့ ဆောင်ရွက်ချက်တွေ စီမံချက်တွေမှာ ရိုးသားမှုကို အခြေခံစေချင်ပါတယ်။ တစ်ခါတလေကျတော့ ရိုးသားမှုဟာ ဆေးခါးကြီးနှင့် တူကောင်းတူပေမယ့် အမြဲတမ်း ကောင်းကျုးိကို ပေးစေပါတယ်။ စိတ်ကောင်းရှိပြီး ရိုးသားမှုဖြင့် အနာဂတ်ကို တည်ဆောက်ကြပါစို့။










