သပိတ်ကျင်းမြို့နယ်မှ သတင်းထောက်တစ်ဦးအား အီလက်ထရွန်နစ် ဆက်သွယ်ရေးပုဒ်မ ၃၄-ဃ ဖြင့် အမှုဖွင့်

သပိတ်ကျင်းမြို့နယ်မှ သတင်းထောက်တစ်ဦးအား အီလက်ထရွန်နစ် ဆက်သွယ်ရေးပုဒ်မ ၃၄-ဃ ဖြင့် အမှုဖွင့်
Published 10 August 2016
ယဉ်မျိုးသွယ်

သပိတ်ကျင်းမြို့နယ်မှ မြို့ခံသတင်းထောက် ကိုတင်ဇော်ဦးအား အိမ်နီးချင်းတစ်ဦးမှ အီလက်ထရွန်နစ် ဆက်သွယ်ရေးပုဒ်မ ၃၄-ဃ ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
 
သပိတ်ကျင်းမြို့နယ် ကဘဲ့တောင်ရပ်နေ ကိုတင်ဇော်ဦးသည် ယင်း၏ Facebook စာမျက်နှာတွင် “မျက်နှာချင်းဆိုင် အိမ်မှ နှစ်လုံးသုံးလုံးတွေ ပေါ်တင်ရောင်းတော့ ထိုးမိတာပေ့ါ”ဟူသော စာများ ရေးသားထားမှုသည် ဂုဏ်သိက္ခာကျဆင်းစေမည့် စာများ ဖြစ်သဖြင့် မျက်နှာချင်းဆိုင်တွင် နေထိုင်သည့် ဒေါ်နွယ်နွယ်ဦးက အီလက်ထရွန်နစ် ဆက်သွယ်ရေးပုဒ်မ ၃၄-ဃ ဖြင့် ကိုတင်ဇော်ဦးကို အရေးယူပေးပါရန် သြဂုတ် ၉ ရက်က အမှုဖွင့်ခဲ့ကြောင်း သိရသည်။ 
 
အဆိုပါ အမှုဖွင့်ထားမှုကို သပိတ်ကျင်းမြို့မရဲစခန်းမှ (ပ) ၁၂၄/၂၀၁၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
 
အမှုဖွင့်ခံထားရသူ ကိုတင်ဇော်ဦးအား မေးမြန်းခဲ့ရာ“ကျွန်တော်တို့မြို့နယ်မှာ တရားမဝင်လုပ်ငန်းတွေ ဆောင်ရွက်နေတာကို ဆင်ခြင်အောင်ဆိုပြီး ဖြစ်ပျက်နေတာတွေကို အပြုသဘောဆောင်ပြီး ရေးတာပါ။ သူတို့ကို ပုတ်ခတ်ပြီး ရေးတာ မဟုတ်ပါဘူး။ အဲဒါကို အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ၃၄-ဃ နဲ့ အမှုဖွင့်ထားကြောင်း ရဲစခန်းက အကြောင်းကြားပါတယ်။ အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်လို့ သောကြာနေ့လောက် လာရောက် အစစ်ဆေးခံဖို့ ပြောထားပါတယ်။ ကျွန်တော်တို့ နယ်သတင်းထောက်တွေမှာ အသက်စွန့် သတင်းယူနေရသလို ရန်ငြိုးထားတာတွေလည်း ခံရပါတယ်။ အခုလည်း အပြုသဘောဆောင် ရေးတာကို ခုလိုအမှုဖွင့်ခံရတာပါပဲ”ဟု ၎င်းက ဆိုသည်။