ဖားကန့်ဒေသ၌ မြေစာပုံ ရေစီးကြောင်းအတွင်း ရေမဆေးကျောက် ရှာဖွေနေစဉ် ကမ်းပါးယံပြိုကျ၍ လူသေဆုံးမှု ဖြစ်ပွား

ဖားကန့်ဒေသ၌ မြေစာပုံ ရေစီးကြောင်းအတွင်း ရေမဆေးကျောက် ရှာဖွေနေစဉ် ကမ်းပါးယံပြိုကျ၍ လူသေဆုံးမှု ဖြစ်ပွား
Published 10 August 2016
အောင်ဟိန်းမင်း

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုရှိ မြေစာပုံမျှောကြောင်းအတွင်း ရေမဆေးကျောက် ရှာဖွေနေစဉ် ချောင်းကမ်းပါးယံပြိုကျမှု ဖြစ်ပေါ်၍ အထက်မက်လင်ချောင်ကျေးရွာမှ ရေမဆေးကျောက် ရှာဖွေသူတစ်ဦး မြေစာပိ သေဆုံးခဲ့ကြောင်း သိရသည်။ 
 
သြဂုတ် ၉ ရက် ညနေ ၄ နာရီခွဲခန့်တွင် အထက်မက်လင်ချောင်ကျေးရွာနေ ကိုစိုးသူ (ခ) စိုးနိုင်ဦး (၂၈)နှစ်မှာ ဆိပ်မူကျေးရွာအုပ်စု၊  အထက်မက်လင်ချောင်ကျေးရွာနှင့် အောက်မက်လင်ချောင် ကျေးရွာအကြား တစ်သုံးလုံး ကျောက်မျက်ကုမ္ပဏီနှင့် ရတနာရောင်ခြည် ကျောက်မျက်ကုမ္ပဏီသွား ကားလမ်းဘေးရှိ မြေစာပုံရေစီးချောင်းအတွင်း ရေမဆေးကျောက် ရှာဖွေနေစဉ် ချောင်းကမ်းပါးယံအမြင့် ၁၀ ပေခန့်မှ မြေစာများ ရုတ်တရတ် ပြိုကျလာပြီး ၎င်း၏ကိုယ်ပေါ်သို့ ဖုံးအုပ်သွားခြင်း ဖြစ်ကြောင်း သိရသည်။ 
 
ထိုသို့ မြေစာပိခံခဲ့ရသည့် စိုးသူ(ခ) စိုးနိုင်ဦးအား ရွာသားများမှ ဝိုင်းဝန်းတူးဖော် ရှာဖွေကြရာ နဖူးထိပ် နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ယာပေါင်ရင်း ဖူးရောင်ဒဏ်ရာ၊ ဝဲခြေသလုံးရိုးကျိုးဒဏ်ရာတို့ဖြင့် သေဆုံးနေပြီဖြစ်ပြီး အလောင်းအား ဖားကန့်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။