ဝန်ထမ်းမိန်းကလေးအား မေးရိုးကျိုးသည်အထိ ရိုက်နှက်ခဲ့သည့် ပန်ဒိုရာ အဆီချလုပ်ငန်းပိုင်ရှင်ကို အချုပ်လွတ် အမှုရင်ဆိုင်ခွင့် အာမခံရုပ်သိမ်းပေးရန် တရားလိုက လျှောက်ထား

ဝန်ထမ်းမိန်းကလေးအား မေးရိုးကျိုးသည်အထိ ရိုက်နှက်ခဲ့သည့် ပန်ဒိုရာ အဆီချလုပ်ငန်းပိုင်ရှင်ကို အချုပ်လွတ် အမှုရင်ဆိုင်ခွင့် အာမခံရုပ်သိမ်းပေးရန် တရားလိုက လျှောက်ထား
Published 3 August 2016
ယဉ်မျိုးသွယ်

ဝန်ထမ်းမိန်းကလေး တစ်ဦးဖြစ်သူ မဇာလီဝင်းအား မေးရိုးကျိုးသည်အထိ ရိုက်နှက်ခဲ့သည့် ပန်ဒိုရာအဆီချလုပ်ငန်းပိုင်ရှင်အား အချုပ်လွတ် အမှုရင်ဆိုင်ခွင့် အာမခံရုပ်သိမ်းပေးရန် တရားလိုက သြဂုတ် ၃ ရက် အမှုရုံးချိန်းတွင် လျှောက်ထားခဲ့ပြီး ပိုင်ရှင်ဖြစ်သူ ဦးလှဌေးမှာ လာရောက်ခဲ့ခြင်းမရှိကြောင်း သတင်းရရှိသည်။
 
ရုံးချိန်းသို့ ဦးလှဌေးနှင့် ရှေ့နေတို့ လာရောက်ခြင်းမရှိသဖြင့် အမှုကို စစ်ဆေးနိုင်ခြင်း မရှိဘဲ သြဂုတ် ၁၂ ရက်သို့  ပြန်လည် ချိန်းဆိုခဲ့သည်။
 
နစ်နာသူ မဇာလီဝင်းဘက်မှ လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက “ပြီးခဲ့တဲ့ ရုံးချိန်းအခြေအနေအရ ဇာလီဝင်းက သူ့အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေရှိလို့ ဦးလှဌေး အာမခံရုပ်သိမ်းပေးဖို့ လျှောက်ပါတယ်။ အဲဒီအတွက် ဥပဒေအရာရှိ သဘောထားမှတ်ချက်နဲ့ တရားရုံးတင်ပြီး သီးခြား အမိန့်ချလိမ့်မယ်။ ဒီနေ့ ရုံးချိန်းအမှုစစ်ဖို့ ခေါ်ချိန်မရှိတာနဲ့ ပတ်သက်ပြီးလည်း ဥပဒေရုံးက ဆက်လက် ဆောင်ရွက်ရမှာပါ။ 
ပြီးခဲ့တဲ့ ရုံးချိန်းမှာ ကျွန်တော်မရှိပေမယ့် ဗွီဒီယိုဖိုင်တွေနဲ့ မျက်မြင်သက်သေ ပြောကြားချက်တွေအရ  ဆွေဆွေနှင်းကို ဇွတ်အတွင်းဆွဲခေါ်ပြီး အော်ကြ ဟစ်ကြ ရုတ်ရုတ်သဲသဲတွေ ဖြစ်တယ်။ နောက်ပြီး သူက လက်နက်ကိုင်တပ်ဖွဲ့ ဗိုလ်မှူးသတ်မယ် ဖြတ်မယ် ပြောထားပြီး ခြိမ်းခြောက်တာတွေ လုပ်ထားတယ်။ အဲဒါကြောင့် ကလေးတွေ ကြောက်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေဖြစ်လို့ အာမခံရုပ်သိမ်းဖို့ လျှောက်တာပါ။ နောက်ပြီး ဆေးစာအရ ဇာလီဝင်း မေးရိုးကျိုးသွားတဲ့အတွက် ပုဒ်မ ၃၂၆ မြောက်သွားပါပြီ။ အဲဒီအတွက် အမျိုးသားကို အာမခံပေးခွင့် မရှိပါဘူး” ဟု အမှုနှင့်ပတ်သက်၍ ရှင်းပြသည်။
 
၂၀၁၅ ခုနှစ်ကုန်ပိုင်းအတွင်းက ပန်ဒိုရာအဆီချလုပ်ငန်းတွင် လုပ်ကိုင်နေသည့် မဇာလီဝင်းအား အလုပ်ရှင်နှင့် ဝန်ထမ်းများက ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ မဇာလီဝင်းမှ ဦးလှဌေး အပါအဝင် ၁၀ ဦးကို ပုဒ်မ ၂၉၄/၃၂၅/၃၄၄ ဖြင့် တရားစွဲဆိုထားပြီး မဇာလီဝင်းကိုလည်း အလုပ်ရှင်ဘက်မှ ငွေကျပ် ရှစ်သိန်းရလိုမှုနှင့် ပြစ်မှုပုဒ်မ ၄၁၇ တို့ဖြင့် ပြန်လည် တရားစွဲဆိုထားသည်။
 
ပန်ဒိုရာအဆီချလုပ်ငန်းမှ ပိုင်ရှင်ဖြစ်သူအပါအဝင် ဝန်ထမ်း ၁၀ ဦးအား ပြစ်မှုဆိုင်ရာ ပုဒ်မသုံးခုဖြင့် စွဲဆိုထားသော ဇူလိုင် ၂၁ ရက် ရုံးချိန်းတွင် စွပ်စွဲခံရသူ စာရင်းတွင် ပါဝင်သည့် ဝန်ထမ်းမိန်းကလေး ငါးဦးက အလုပ်ရှင်ဘက်မှ ၎င်းတို့အား ဖိအားပေးသည်ဟုဆိုကာ အလုပ်မှ နုတ်ထွက်ခဲ့ပြီး မဇာလီဝင်းအား စွဲဆိုထားသောအမှုမှ တရားလိုဖြစ်သူ မဆွေဆွေနှင်းက အမှုကို ရုပ်သိမ်းလိုကြောင်း သြဂုတ် ၁ ရက်က လျှောက်ထားခဲ့ကြောင်း သိရသည်။