မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ရှစ်ဘီလျံကျော် ရှိသော်လည်း ယခင် ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ သန်း ၇၅၀ ကျော် လျော့ကျနေ

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ရှစ်ဘီလျံကျော် ရှိသော်လည်း ယခင် ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ သန်း ၇၅၀ ကျော် လျော့ကျနေ
Published 3 August 2016
မင်းသီဟဇော်

ဇူလိုင် နောက်ဆုံးပတ် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ရှစ်ဘီလျံကျော်ရှိပြီ ဖြစ်သော်လည်း ယခင် ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာသန်း ၇၅၀ ကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၂၉ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၈၀၇၁ ဒသမ ၁၁၈ သန်း ရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အလားတူကာလ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၈၈၂၃ ဒသမ ၄၅၅ သန်း ရှိသဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၇၅၂ ဒသမ ၃၃၇ သန်း လျော့နည်းခဲ့ခြင်းဖြစ်သည်။လက်ရှိ ဘဏ္ဍာနှစ် ဇူလိုင် ၂၉ ရက်အထိ ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၈ ဒသမ ၀၇ ဘီလျံကျော်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၃၂၇၅ ဒသမ ၇၅၀ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၄၇၉၅ ဒသမ ၃၆၈ သန်း ပါဝင်ကြောင်း သိရသည်။ ပို့ကုန်ထက် သွင်းကုန်တန်ဖိုး များပြားနေသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၅၁၉ ဒသမ ၆၁၈ သန်း ဖြစ်ပေါ်နေကြောင်း သိရသည်။ပြည်ပကုန်သွယ်မှုကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးတို့မှ ဆောင်ရွက်နေပြီး လက်ရှိတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ ပို့ကုန်နှင့် သွင်းကုန်မှာ ယခင် ဘဏ္ဍာနှစ် ကာလတူထက် လျော့နည်းနေကြောင်း သိရသည်။ နယ်စပ်ကုန်သွယ်ရေးတွင်မူ ပို့ကုန်လျော့နည်းနေပြီး သွင်းကုန်တင်သွင်းမှုမှာ ယခင် ဘဏ္ဍာနှစ် ကာလတူထက် ပိုမို များပြားခဲ့ကြောင်း ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် အများစုမှာ သယံဇာတအပေါ် အခြေခံနေသည့်အတွက် လက်ရှိဘဏ္ဍာနှစ် အပါအဝင် ဘဏ္ဍာနှစ် ငါးနှစ်အတွင်း စက်မှုထွက်ကုန်နှင့် ကုန်ပစ္စည်း အသစ်များ တင်ပို့နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယ ကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်)တွင် ဖော်ပြထားသည်။မြန်မာနိုင်ငံ၏ လက်ရှိ ပို့ကုန်တင်ပို့မှု ပုံစံသည် သဘာဝရင်းမြစ်များဖြစ်သည့် သဘာဝဓာတ်ငွေ့၊ သစ်၊ စိုက်ပျိုးရေး ထုတ်ကုန်နှင့် ရေထွက်ပစ္စည်း အစရှိသည့် အနည်းငယ်သော ကုန်စည်များ အပေါ်တွင်သာ အဓိက ထားနေကြောင်း၊ ထို့ကြောင့် ဝန်ဆောင်မှု လုပ်ငန်းများကို ပံ့ပိုးပေးနိုင်မည့် စီးပွားရေးဆိုင်ရာ အခြေခံကောင်းများ တိုးတက်လာစေရေးနှင့် တန်ဖိုးမြှင့် ကုန်စည်များ ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ရေး ပို့ကုန်မူဝါဒ တစ်ခုကို ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ပို့ကုန်အများစုသည် သဘာဝသယံဇာတ အရင်းအမြစ်များကိုသာ အခြေခံနေသည့်အတွက် စက်မှုထွက်ကုန်နှင့် ကုန်ပစ္စည်းအသစ်များ တင်ပို့နိုင်ရန်အတွက် ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent