ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် ‘ဝ’၊ မိုင်းလား ခေါင်းဆောင်များ တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် ‘ဝ’၊ မိုင်းလား ခေါင်းဆောင်များ တွေ့ဆုံ
Published 30 July 2016
ငြိမ်းဇော်လင်း

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် ‘ဝ’ အထူးဒေသ-၂ မှ ဦးပေါက်ယူယိ ဦးဆောင်သော တိုင်းရင်းသား ကိုယ်စားလှယ်များ၊ မိုင်းလား အထူးဒေသ-၄ မှ ဦးစိုင်းလင်း ဦးဆောင်သော တိုင်းရင်းသား ကိုယ်စားလှယ်များသည် ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ပါတီဌာနချုပ်ရုံး ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်က တိုင်းရင်းသား ညီအစ်ကိုများကို ယခုလို တွေ့ဆုံရသည့်အတွက် များစွာ ဝမ်းမြောက်ရပါကြောင်း၊ နိုင်ငံတော် အစိုးရ တာဝန်ယူစဉ်က တိုင်းရင်းသား ဒေသများကို ဖွံ့ဖြိုးရေး လုပ်ငန်းများအား ဦးစားပေး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခု ပါတီဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသည့် အတွက်လည်း တိုင်းရင်းသား ဒေသများကို တတ်နိုင်သမျှ ပံ့ပိုး ကူညီပေးသွားမှာဖြစ်ကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးတို့အတွက် ပါတီသည် ကျရာ အခန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ပြည်ခိုင်ဖြိုး ပါတီ၏ Facebook မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။ထို့အတူ တိုင်းရင်းသား ခေါင်းဆောင်များက ပါတီဥက္ကဋ္ဌသည် နိုင်ငံတော် အစိုးရတာဝန် ယူစဉ်က ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပံ့ပိုး ကူညီခဲ့သည့်အတွက် ဒေသခံ တိုင်းရင်းသားများ၊ ၎င်းတို့ တိုင်းရင်းသား ခေါင်းဆောင်များက အထူး ကျေးဇူးတင်နေရပါကြောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများသည် ယခင်ကနှင့် မတူ တိုးတက်လာခဲ့ပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးများ ကောင်းမွန်လာခြင်း၊ ရေအားလျှပ်စစ်များ ရရှိလာခြင်းတို့သည် ပါတီဥက္ကဋ္ဌ ဦးသိန်းစိန် နိုင်ငံတော် တာဝန်ယူစဉ် အချိန်က ပံ့ပိုးကူညီမှုများကြောင့် ဖြစ်ကြောင်း၊ မိုင်းလား အထူးဒေသ-၄ ဆိုပါက ပြီးခဲ့သော (၃၀-၆-၂၀၁၆) ရက်က မိုင်းမ ရေအားလျှပ်စစ် စက်ရုံကို ဖွင့်လှစ်ခဲ့ပါကြောင်း၊ ဒေသ ဖွံ့ဖြိုး တိုးတက်နေမှုများကို ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်နှင့်အဖွဲ့ လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်ပါကြောင်း၊ နိုင်ငံတော်အတွက် ဒီမိုကရေစီ လမ်းကြောင်းပေါ် အရောက် တင်ပေးနိုင်ခဲ့သော ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်သည် ၎င်းတို့ တိုင်းရင်းသားများ၏ ခေါင်းဆောင်ဟောင်း ဖြစ်ကြောင်း၊ ကြံ့ခိုင်ရေးပါတီသည် နိုင်ငံအတွက် အရေးကြီးသော ပါတီကြီးတစ်ခု ဖြစ်ပြီး ယခင်ကအတိုင်း ၎င်းတို့ တိုင်းရင်းသား ခေါင်းဆောင်များက လက်တွဲ ပူးပေါင်းသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်ဟု ပြည်ခိုင်ဖြိုးပါတီက သတင်းထုတ်ပြန်ခဲ့သည်။ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် အတူ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဗဟိုအကြံပေး ဦးသိန်းဇော်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် သူရဦးမြင့်မောင်နှင့် ဗဟိုအတွင်းရေးမှူး အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ‘ဝ’ အထူးဒေသ (၂)မှ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ ဗဟိုပေါလစ်ဗျူရို အမြဲတမ်းကော်မတီ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယူယိ ဦးဆောင်သည့် အဖွဲ့ဝင်များ၊ အထူးဒေသ(၄) မိုင်းလား ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သည့် အဖွဲ့ဝင်များအား ဇူလိုင် ၂၉ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်၌ လက်ခံ တွေ့ဆုံခဲ့သည်။ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပြီး ပင်လုံစိတ်ဓာတ်ကို အခြေခံ၍ တည်ဆောက်မည့် ၂၁ ရာစု ပင်လုံညီလာခံတွင် လုံခြုံမှုနှင့် လွတ်လပ်မှု ပေးနိုင်သည့် ခိုင်မာသော ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် ညှိနှိုင်းဆွေးနွေးကြမည့် အရေးကြီးသော ပထမခြေလှမ်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။ထို့ပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ရှမ်းပြည်နယ် အထူးဒေသ (၂)မှ UWSA ‘ဝ’ အဖွဲ့ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယူယိ ဦးဆောင်သော အဖွဲ့နှင့် ရှမ်းပြည်နယ် အထူးဒေသ(၄)မှ NDAA (မိုင်းလား) အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သော အဖွဲ့တို့အား တွေ့ဆုံခဲ့သည်။ 

Most Read

Most Recent