ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်လေးခုရှိ နေအိမ်၊ ဝန်ထမ်းတန်းလျားနှင့် ဆိုင်ခန်းများအတွင်းမှ ရွှေထည်များ၊ ဖုန်းများ ခိုးယူခဲ့သည့် လူငယ်အဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဇူလိုင် ၂၀ ရက်တွင် စုံစမ်းသိရှိရသည်။
အဆိုပါ လူငယ်အဖွဲ့ ခိုးမှုများကျူး လွန်ခဲ့သည့် မြို့နယ်လေးခုမှာ တောင်ဥက္ကလာပမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မြောက်ဒဂုံမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့်ဖြစ်စဉ်မှာ ဇူလိုင် ၁၅ ရက်၊ နံနက် ၃ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့ လှည့်ကင်းဆောင်ရွက်နေစဉ် ယင်းမြို့နယ် ၅ ရပ်ကွက်၊ တောင်ငူလမ်းထိပ်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် အတူနေကြသည့် ကိုအောင် (၂၀) နှစ်၊ ကိုရဲ (၁၉) နှစ်၊ ဖိုးသဲ (၁၈)နှစ်တို့ကို ဖုန်းတစ်လုံးနှင့်အတူ မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရာ အဆိုပါဖုန်းကို တောင်ဥက္ကလာပမြို့နယ်၊ ၁၁ ရပ်ကွက်၊ သံသုမာလမ်းရှိ နေအိမ်တစ်အိမ်မှ ခိုးယူလာကြောင်း သိရသဖြင့် ၎င်းတို့အား အမှုဖွင့်၍ ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးရာ ၎င်းတို့သည် မြောက်ဥက္ကလာပမြို့နယ်နေ နိုင်ဝင်းထွန်း(ခ) ငါးရှဉ့် နှင့်အတူ ခိုးမှုများ ကျူးလွန်ထားကြောင်း သိရသဖြင့် နိုင်ဝင်းထွန်းအား စုံစမ်းဖမ်းဆီးရာ ဇူလိုင် ၁၈ ရက် နံနက် ၄ နာရီခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းတွင် တွေ့ရှိဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
၎င်းတို့ လေးဦးအား ဆက်လက်စစ်ဆေးရာ ၂၀၁၆ ခုနှစ် ဇွန် ၈ ရက် နံနက်အစောပိုင်းတွင် ဒဂုံမြောက်မြို့နယ်၊ ၄၃ ရပ်ကွက်ရှိ ဖုန်းပြု ပြင်ရောင်းဝယ်ရေး ဆိုင်တစ်ဆိုင်မှ စုစုပေါင်း ငွေကျပ် သိန်း ၇၀ ကျော် တန်ဖိုးရှိ ကွန်ပျူတာ တစ်လုံး၊ ဖုန်း ၅၂ လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ဒဂုံမြောက်မြို့နယ်၊ ၃၃ ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှလည်း ရွှေထည်ငါးမျိုး၊ ဒဂုံမြောက်မြို့နယ်၊ ၄၂ တိုးချဲ့ရပ်ကွက်၊ သဲကွင်းရုံးခန်းအတွင်းမှ လက်ကိုင်ဖုန်း တစ်လုံး၊ မရမ်းကုန်းမြို့နယ်၊ ၈ ရပ်ကွက်ရှိ ရေပေးဝေသော ရေစက်ခန်းအတွင်းမှ ဖုန်းတစ်လုံးတို့ကို အသီးသီး ခိုးယူခဲ့ကြသည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့သည် မတ်လအတွင်းတွင် ဒဂုံမြောက်မြို့နယ်၊ ၄၂ တိုးချဲ့ရပ်ကွက်၊ သဲကွင်းအနီးရှိ နေအိမ်တစ်အိမ်မှ ရွှေလက်ကောက် သုံးကွင်း၊ ရွှေဆွဲကြိုး တစ်ကုံးတို့ကိုလည်းကောင်း၊ မေလအတွင်းက တောင်ဥက္ကလာပမြို့နယ်၊ ၅ ရပ်ကွက်၊ သံသုမာလမ်းမပေါ်ရှိ တာယာဆိုင်အတွင်းမှ ဖုန်းနှစ်လုံး၊ ဒဂုံမြောက်မြို့နယ်၊ ၃၃ ရပ်ကွက်၊ ကူးတို့ဆိပ်အနီးရှိ နေအိမ်တစ်အိမ်မှ ရွှေဆွဲကြိုး သုံးကုံး၊ ရွှေလက်စွပ်နှစ်ကွင်း ခိုးယူခဲ့ကြကြောင်း သိရသည်။
မေလအတွင်း၌ပင် မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ အလုပ်သမားတန်းလျားတစ်ခုမှ ဖုန်းတစ်လုံး၊ (ဃ) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ဖုန်းတစ်လုံး၊ တက်ပလက်တစ်လုံး နှင့် ငွေကျပ်သုံးသောင်း၊ (င)ရပ်ကွက်ရှိနေ အိမ်တစ်အိမ်မှ ကွန်ပျူတာတစ်လုံးနှင့် ငွေကျပ် သုံးသောင်းအား လည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ (၈) ရပ်ကွက်ရှိ အလုပ်သမားတန်းလျား တစ်ခုမှ ရွှေထည်ခုနစ်မျိုးတို့ကို အသီးသီး ခိုးယူရောင်းချခွဲဝေယူခဲ့ကြကြောင်း သိရသည်။
ဇူလိုင်လအတွင်းကလည်း တောင်ဥက္ကလာပမြို့နယ်၊ (၆)ရပ်ကွက်ရှိ ဖုန်းဆိုင်တစ်ဆိုင်မှ လက်ကိုင်ဖုန်း ၁၉ လုံး အသီးသီးခိုးယူပြီး ရောင်းချကာ ဝေစုခွဲဝေယူခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ သိရသည်။
ထို့အတူ ဧပြီလအတွင်းကလည်း မရမ်းကုန်းမြို့နယ်ရှိ နေအိမ်တစ်အိမ်၊ ဝန်ထမ်းတန်းလျား၊ ဆိုဖာဆိုင်တစ်ဆိုင်တို့အတွင်းမှ ဖုန်းများ၊ တက်ပလက်နှင့် ပိုက်ဆံများ အသီးသီးခိုးယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရပြီး ၎င်းတို့အား သက်ဆိုင်ရာ ရဲတာဝန်ရှိသူများက ကျူးလွန်ထားသည့်ပြစ်မှုများအရ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မြို့နယ်လေးခုရှိ နေအိမ်၊ ဝန်ထမ်းတန်းလျားနှင့် ဆိုင်ခန်းများအတွင်းမှ ရွှေထည်များ၊ ဖုန်းများ ခိုးယူခဲ့သည့် လူငယ်အဖွဲ့အား ဖမ်းဆီးရမိ