ဒဂုံအရှေ့မြို့နယ်တွင် တစ်သောင်းတန် ငွေစက္ကူအတု ၁၄၀၀ ကျော်ကို ဖြန့်ဖြူးရန် စီစဉ်နေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၁၈ ရက်က အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။ဇူလိုင် ၁၆ ရက် နံနက် ၉ နာရီခန့်က ဒဂုံအရှေ့မြို့နယ် (၁၂) ရပ်ကွက်တွင် နေထိုင်သည့် ဦးရဲထွန်းဇော် (ခ) အငယ်လေး (၅၄)နှစ်နှင့် ၎င်း၏နေအိမ်တွင် လာရောက်နေထိုင်သော မြဝတီမြို့နေ ဒေါ်မြင့်မြင့်အေး (ခ) ဒေါ်ခင်ခင်ဝင်း (ခ) မကုလားမကြီး (၅၂)နှစ် ဆိုသူတို့က ငွေစက္ကူအတုများကို ဖြန့်ဖြူးရန် စီစဉ်နေသည်ဟု သတင်းရရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြောင်း သိရသည်။ရှာဖွေရာ ဒေါ်မြင့်မြင့်အေးထံမှ တစ်သောင်းတန် ငွေစက္ကူအတုများဖြစ်သည့် AC/ 1022 နံပါတ်ပါ စက္ကူ ၂၄၇ ရွက်၊ AE/2324 နံပါတ်ပါ စက္ကူ ၇၄ ရွက်၊ AF/1606 နံပါတ်ပါ စက္ကူ ၁၅၈ ရွက်၊ AQ/2877 နံပါတ်ပါ စက္ကူ ၄၃၀ ရွက်၊ AT/7123 နံပါတ်ပါ စက္ကူ ၁၂၀ ရွက်၊ AZ/1159 နံပါတ်ပါ စက္ကူ ၃၂၃ ရွက်၊DC/3522 နံပါတ်ပါ စက္ကူ ၁၁၇ ရွက်နှင့် နံပါတ်မပါ တစ်သောင်းတန် စက္ကူအတု ရှစ်ရွက်တို့အား ဖမ်ဆီးရမိခဲ့ကြောင်း သိရသည်။ထို့နောက် ဆက်လက်စစ်ဆေးရာ ၎င်းတို့ သည် အဆိုပါငွေစက္ကူအတုများကို မဲဆောက်မြို့မှ တင်သွင်းလာခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် တစ်ရွက်လျှင် ကျပ်သုံးထောင်ဖြင့် ပြန်လည် ရောင်းချဖြန့်ဖြူးရန် စီစဉ်ထားကြောင်း သိရသည်။“တစ်သောင်းတန်ငွေစက္ကူအတုတွေ ဖမ်းမိတာ ဟုတ်ပါတယ်။ အခု ဒီဖြစ်စဉ်ကို စီအိုင်ဒီအဖွဲ့က ကိုင်တွယ်ပြီး အသေးစိတ်ကို စစ်ဆေးမှုတွေပြုလုပ်နေပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။အဆိုပါဖြစ်စဉ်မှ ငွေစက္ကူအတုများ ရောင်းချဖြန့်ဖြူးရန် စီစဉ်သူနှစ်ဦးအား ဒဂုံအရှေ့မြို့မရဲစခန်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
တစ်သောင်းတန် ငွေစက္ကူအတု ၁၄၀၀ ကျော် ဖြန့်ဖြူးရန် စီစဉ်နေသူနှစ်ဦးအား ဒဂုံအရှေ့မြို့နယ်တွင် ဖမ်းဆီးရမိ