တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသော စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် ပါတီများနှင့် တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ENAC) တို့ ပူးပေါင်း၍ ပညာရေး၊ ကျန်းမာရေးနှင့် မြေယာကဏ္ဍတို့နှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲကို ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်များတွင် ရန်ကုန်မြို့ရှိ အင်းယားလိတ်ဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ UNA အဖွဲ့ဝင် ပါတီ ၁၂ ပါတီအပြင် UNA အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရရှိရေး အဆိုပြုထားသည့် ချင်းပြည်နယ်ဒီမိုကရေစီပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ရှမ်းနီ (တိုင်းလိုင်) ပါတီများကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း SNLD တွဲဖက်အတွင်းရေးမှူး (၂) ဦးစိုင်းကျော်ညွန့်၏ ပြောကြားချက်အရ သိရသည်။
ဦးစိုင်းကျော်ညွန့်က “၂၁၊ ၂၂ ရက်မှာ အင်းယားလိတ်မှာ မူဝါဒကိုးခုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးမယ်။ ဒါက ENAC နဲ့ပါပဲ။ ပြီးခဲ့တဲ့ပွဲက လုပ်တာမျိုးပေါ့။ ENAC က တစ်နှစ်ခွဲ နှစ်နှစ်လောက်ရှိပြီ။ သူတို့ စုစည်းထားတဲ့ မူဝါဒတွေ ဘာတွေလဲဆိုတော့ ပညာရေးဆိုင်ရာမူဝါဒတို့ ကျန်းမာရေးဆိုင်ရာမူဝါဒတို့ မြေယာမူဝါဒတို့ နောက်ပြီးတော့ အခွန်ကောက်ခံမှုတို့ ၊ လူသားချင်း စာနာထောက်ထားမှုတို့ နောက်ပြီးတော့ IDPs တို့ အဲဒီလို မျိုးတွေပေါ့ဗျာ။ မူဝါဒကိုးခု ရှိတယ်။ အဲဒါတွေကို UNA ကိုချပြပြီးတော့ ဆွေးနွေးမယ်။ အကြံပြုချက်တွေယူမယ် ဆိုတာမျိုးပါ”ဟု ဇူလိုင် ၁၇ ရက်တွင် ပြောကြားသည်။
ဦးစိုင်းကျော်ညွန့်က “အဓိက ကတော့ မကြာခင်မှာလည်း ဒါတွေက ဆွေးနွေးရမှာလေ။ အဓိက က ညီလာခံ (ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ) မှာ အစိုးရမူအရဆိုရင် နိုင်ငံရေးနဲ့ လုံခြုံရေးဆွေးနွေးမယ် ဆိုပေမယ့် ကျန်တဲ့ကဏ္ဍတွေမှာလည်း သူ့ဟာနဲ့သူ အကုန်ချိတ်ဆက်နေတယ်။ မြေယာဆိုတာလည်း ဘာပဲပြောပြော တိုင်းရင်းသားဒေသတွေ၊ ပြည်နယ်တွေမှာ မြေယာပြဿနာတွေ ရှိနေတယ်။ ပြီးတော့ ပညာရေး၊ ကျန်းမာရေးတွေ၊ ဒါတွေအကုန်လုံးက ကြို တင်ပြင်ဆင်ထားရမယ့် ဆွေးနွေးထားရမယ့် ကိစ္စတွေဖြစ်တယ်”ဟု ဆက်လက်ပြောကြားသည်။
UNA နှင့် တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ENAC) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိကကျသော မူဝါဒနှင့် လက္ခဏာများ ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၃၀ ရက်မှ ဇူလိုင် ၂ ရက် အထိ ရန်ကုန်မြို့၌ ကျင်းပခဲ့သေးကြောင်း သိရသည်။
UNA အဖွဲ့ဝင်ပါတီများမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်အမျိုးသားများဒီမို ကရေစီကွန်ဂရက်ပါတီ၊ ခူမီး (ခမီ) အမျိုးသားပါတီ၊ ရခိုင်မျိုးချစ်ပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီနှင့် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ စသည်တို့ဖြစ်ကြောင်း သိရသည်။
UNA အဖွဲ့ဝင်ပါတီများနှင့် တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ENAC) တို့ ပူးပေါင်း၍ ပညာရေး၊ ကျန်းမာရေး၊ မြေယာကဏ္ဍတို့နှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲကို ဇူလိုင် ၂၁ ရက်မှစ၍ ရန်ကုန်မြို့၌ ကျင်းပမည်