မြန်မာ-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် ဆက်ဆံရေး တိုးမြှင့်ရေးအတွက် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံ၊ နိုင်ငံတော် လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး H.E.Mr.GENG Huichang သည် ဇူလိုင် ၈ ရက် ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လာရောက် တွေ့ဆုံဆွေးနွေးပြီး တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ထပ်မံဖိတ်ခေါ်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်အေးအေးစိုးက ပြောကြားသည်။
တရုတ် နိုင်ငံတော် လုံခြုံရေးဝန်ကြီး အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခြင်းမှာ မြန်မာနှင့်တရုတ် နှစ်နိုင်ငံကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရှိသည့်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးတို့အား အဓိက တွေ့ဆုံဆွေးနွေးရန် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ၎င်းလာရောက်သည့် အကြောင်းရင်းကို ပြောကြားခြင်းနှင့် ဂါရဝပြု တွေ့ဆုံခြင်းသာဖြစ်ပြီး အသေးစိတ် ဆွေးနွေးမှုများ မရှိကြောင်း ဒေါ်အေးအေးစိုးက ပြောကြားသည်။
“တရုတ်နဲ့မြန်မာ နှစ်နိုင်ငံကြားမှာ ဘက်စုံမဟာဗျူဟာမြောက် ဆက်ဆံရေး ရှိတယ်လေ။ အဲဒီဆက်ဆံရေးကို မြှင့်တင်လိုတဲ့ ဆန္ဒရှိလို့ သူလာတာပါ။ သူတို့တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ ပူးပေါင်းဆောင်ရွက်ရမယ့် ဟာတွေကိုအစဉ် ပူးပေါင်းဆောင်ရွက်ဖို့ ရှိနေပါတယ် ဆိုတာရယ်။ နောက်ပြီးတော့ အစ်မတို့ ဝန်ကြီးကို သူတို့တရုတ်ပြည်လာလည်ဖို့ ဖိတ်ခေါ်တယ်လေ။ အဲဒါက တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ လာကတည်းက ဖိတ်ထားတယ်။ ခရီးစဉ်က နှစ်နိုင်ငံကြားမှာ ညှိနေတုန်းမို့ အဆင်မပြေ ရက်မထွက်သေးတာ။ အဲဒါကို သူတစ်ခါ ထပ်ဖိတ်ပါတယ်။ လာလည်ပါ ဆိုတာပေါ့” ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ရေးအတွက် တရုတ်နိုင်ငံမှ အိမ်နီးချင်းကောင်း ပီသစွာ ကူညီပေးရန် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေါ်အေးအေးစိုး၏ ပြောကြားချက်အရ သိရသည်။
“လက်နက်ကိုင် ငြိမ်းချမ်းရေးတော့ အတိအကျ မပြောဘူး။ ဒါပေမဲ့ ဒီဘက်က အစ်မတို့ဝန်ကြီးကတော့ အစ်မတို့ မြန်မာနိုင်ငံမှာ ဒီလိုကိစ္စတွေ လုပ်နေတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဝိုင်းဝန်းကူညီဖို့။ အိမ်နီးချင်းနိုင်ငံ အနေနဲ့ မိတ်ဆွေကောင်းနိုင်ငံ အနေနဲ့ ဝိုင်းဝန်းကူညီပေးပါ။ အစ်မတို့ရဲ့ ငြိမ်းချမ်းရေး Process လည်း အောင်မြင်ဖို့ပေါ့လေ။ သူတို့ကလည်း သူ့ဘက်က ကူညီပါမယ်ပေါ့။ အဲဒါလောက်ပဲ နှုတ်ဆက်ရင်း ပြောတာ။ သိပ်ပြီးရှည်ရှည်ဝေးဝေး ဘာမှတော့ များများမဆွေးနွေးဘူး” ဟု ဒေါ်အေးအေးစိုးက ပြောကြားသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ နိုင်ငံတော် လုံခြုံရေးဝန်ကြီး တို့သည် ဇူလိုင် ၈ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ဖေ့စ်ဘွတ်စာမျက်နှာမှ တစ်ဆင့် သတင်းထုတ်ပြန်မှုအရ သိရသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေး၊ အကြမ်းဖက်မှု ကာကွယ်တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှု၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘာပေါ်တွင် ပြီးပြည့်စုံသည့် လုံခြုံရေး ဆောင်ရွက်နိုင်သော နိုင်ငံဟူ၍ မရှိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များတွင် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများ မရှိမဖြစ် လိုအပ်ကြောင်း၊ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများ၏ ဆက်ဆံရေးသည် လုံခြုံရေးအပေါ် များစွာမူတည်ကြောင်း၊ တစ်ဦးနှင့် တစ်ဦး ဆက်ဆံရေးတွင် ယုံကြည်မှုမှာ အရေးကြီးကြောင်း၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား အပြန်အလှန် ယုံကြည်မှု၊ လေးစားမှု၊ ရိုးသားမှု၊ စိတ်ရင်းစေတနာကောင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
အလားတူ တရုတ်နိုင်ငံ နိုင်ငံတော် လုံခြုံရေးဝန်ကြီးက ကမ္ဘာ့နိုင်ငံ အသီးသီးတွင် လုံခြုံရေးကိစ္စရပ် အပါအဝင် ပြဿနာများစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ယင်းပြဿနာများကို ဖြေရှင်းရာတွင် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးသည် ပိုမိုလိုအပ်ပါကြောင်းနှင့် မိမိခရီးစဉ်၏ ရည်ရွယ်ချက်မှာ မြန်မာ-တရုတ် နှစ်နိုင်ငံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၊ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်ဟု ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်အား တရုတ် နိုင်ငံတော်လုံခြုံရေးဝန်ကြီး လာရောက် တွေ့ဆုံဆွေးနွေးပြီး တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ထပ်မံဖိတ်ကြား















