NCA လက်မှတ် မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် သဘောထား အမြင်များ တင်ပြနိုင်သော်လည်း မဲခွဲဆုံးဖြတ်နိုင်မည် မဟုတ်ဟု အစိုးရ ကိုယ်စားလှယ် ပြောကြား

NCA လက်မှတ် မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် သဘောထား အမြင်များ တင်ပြနိုင်သော်လည်း မဲခွဲဆုံးဖြတ်နိုင်မည် မဟုတ်ဟု အစိုးရ ကိုယ်စားလှယ် ပြောကြား
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီ အစည်းအဝေး (ဓာတ်ပုံ-ဇေယျာထွန်း)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီ အစည်းအဝေး (ဓာတ်ပုံ-ဇေယျာထွန်း)
Published 6 July 2016

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတွင် ၎င်းတို့၏ သဘောထား အမြင်များကို တင်ပြနိုင်သော်လည်း အဆိုပါ တင်ပြချက်များကို ညီလာခံတွင် မဲခွဲဆုံးဖြတ်နိုင်မည် မဟုတ်ဟု အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးက ဇူလိုင် ၆ ရက်တွင် ပြောကြားသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီတို့သည် ဇူလိုင် ၅ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ရာ အစည်းအဝေးတွင် ကော်မတီ တာဝန်ရှိသူများက NCA လက်မှတ် ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးမှု အခြေအနေ၊ NCA လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေး မူဝါဒချမှတ်ခြင်း ဆောင်ရွက်ခဲ့သည်။အကြိုပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးက “နိုင်ငံတော် အတိုင်ပင်ခံနဲ့ တွေ့တဲ့ အခါမှာ ဒီနိုင်ငံရေး ဆွေးနွေးပွဲကို လက်မှတ် မထိုးတဲ့ အဖွဲ့တွေ အနေနဲ့ ဘယ်လိုပုံစံမျိုး ဆိုရင် တက်ရောက်လို့ ရတယ်။ ဘယ်လို ပုံစံမျိုး ဆိုရင်တော့ ဆွေးနွေးလို့ ရတယ်၊ ညှိနှိုင်းလို့ ရတယ်၊ UPDJC မှာ ပါလို့ရတယ် ဆိုတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးကြပါတယ်။ နံပါတ်တစ်ကတော့ NCA လက်မှတ် မထိုးထားတဲ့ အဖွဲ့တွေ အနေနဲ့ သုံးဖွဲ့ အနေနဲ့ကတော့ လက်ရှိ သူတို့နဲ့ ညှိနှိုင်း ဆောင်ရွက်ရမယ့် ကိစ္စတွေ ရှိတယ်။ ညှိနှိုင်း ဆောင်ရွက်ရမယ့် ကိစ္စတွေ အဆင်ပြေတယ်ဆိုရင် သူတို့ မူဘောင် သုံးသပ်တာကိုလည်း လာ။ ပြီးလို့ရှိရင် အခြားအဖွဲ့တွေလိုပဲ ညီလာခံကို လာတက်မယ် ဆိုရင် ဥပမာ ‘ဝ’ တို့ ဘာတို့ဆိုရင် လက်မှတ်တော့ မထိုးထားဘူး။ ဒါပေမဲ့ လာတက်မယ် ဆိုရင် လာတက်လို့ ရတယ်။ သူတို့ရဲ့ သဘောထားကို သူတို့ ဖော်ပြပိုင်ခွင့် ရှိတယ်” ဟု ပြောကြားသည်။ဆက်လက်၍ ဒေါက်တာ မင်းဇော်ဦးက “ဖော်ပြတဲ့ အခါမှာလည်း NCA ရဲ့ မူတွေကိုတော့ ကျော်လို့ မရဘူးပေါ့။ NCA မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်။ ခွဲထွက်ရေးတို့ ဘာတို့ မရှိဘူး ဆိုတဲ့ မူတွေ ရှိပြီးသား ဖြစ်တဲ့အတွက် ဒီမူတွေကိုတော့ ကျော်လို့ မရဘူး။ ဒီမူဘောင် အတွင်းမှာ ဆိုလို့ ရှိရင်တော့ တင်ပြ ဆွေးနွေးလို့ ရတယ်ဆိုတဲ့ တင်ပြပိုင်ခွင့် သူတို့ရဲ့ အမြင်တွေကို ပြောပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ ညီလာခံမှာ တက်ပြီးတော့ ဆွေးနွေး ဆုံးဖြတ် မဲခွဲတဲ့အဖြစ် ဖြစ်မယ် ဆိုရင်တော့ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ NCA ထိုးတဲ့ အဖွဲ့တွေဖြစ်ဖို့ လိုတယ်။ UPDJC တို့လို အဖွဲ့တွေမှာ ပါမယ် ဆိုလို့ ရှိရင်တော့ NCA ထိုးတဲ့ အဖွဲ့တွေ ဖြစ်ဖို့ လိုတယ်ဆိုတာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။အဆိုပါ တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတွင် ပါဝင်သင့် ပါဝင်ထိုက်သူ အဓိကကျသည့် ပုဂ္ဂိုလ်များ ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဆောင်ရွက်ကြရာတွင် နိုင်ငံတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား သင့်မြတ်အောင် ဆောင်ရွက်ကြရုံ သာမက တိုင်းရင်းသားများ အချင်းချင်းအကြား ပြန်လည် သင့်မြတ်ရေး အတွက်ပါ ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက သတင်းဖော်ပြထားသည်။နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ခေါင်းဆောင်များသည် ဇွန် ၂၈ ရက်က နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးခဲ့ရာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို သြဂုတ်လနောက်ဆုံးပတ် မတိုင်မီ ကျင်းပနိုင်ရန် သဘောတူညီမှု ရရှိခဲ့သည်။ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များ ဇူလိုင်လလယ်တွင် တွေ့ဆုံနိုင်ရန် အကြိုပြင်ဆင်ရေး ကော်မတီနှင့် UNFC ၏ ကိုယ်စားလှယ် အဖွဲ့တို့အကြား သဘောတူညီထားသည်။အစိုးရ၏ အကြိုပြင်ဆင်ရေး ကော်မတီ အနေဖြင့် တွေ့ဆုံရန် ကျန်နေသေးသည့် တအာင်း လက်နက်ကိုင် အဖွဲ့ TNLA၊ ကိုးကန့် လက်နက်ကိုင် အဖွဲ့ MNDAA နှင့် ရခိုင် လက်နက်ကိုင် အဖွဲ့ AA တို့အား ညီလာခံတွင် ပါဝင် တက်ရောက်နိုင်ရေး နည်းလမ်းများအား ရှင်းပြရန် ဆက်သွယ်နေပြီး ရှမ်းပြည်နယ် မိုင်းလားဒေသ သို့မဟုတ် ‘ဝ’ ဒေသတွင် တွေ့ဆုံနိုင်ဖွယ် ရှိကြောင်း သိရသည်။NCA လက်မှတ် ထိုးထားသည့် အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ KNLA ငြိမ်းချမ်းရေး ကောင်စီ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်ဖွဲ့ (DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) တို့ဖြစ်သည်။NCA မထိုးရသေးသည့် အဖွဲ့များမှာ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP/UWSA)၊ မိုင်းလား လက်နက်ကိုင် အဖွဲ့ (NDAA)၊ နာဂ လက်နက်ကိုင် အဖွဲ့ (NSCNK)၊ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်း လက်နက်ကိုင်အဖွဲ့ (PSLF/TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ဖြစ်သည်။

Most Read

Most Recent