မြန်မာနိုင်ငံ အတွင်း မူးယစ်ဆေးဝါးများ လုံး၀ ပပျောက်ရေးအတွက် စီမံကိန်းများ ချမှတ် ဆောင်ရွက်လျက် ရှိပေရာ ၂၀၂၀ ပြည့်နှစ်တွင် လုံး၀ ချုပ်ငြိမ်း ကင်းစင်သွားရန် ရည်မှန်း ဆောင်ရွက်နေပေသည်။ ယမန်နှစ်ဆီက မူးယစ်ဆေးဝါး အများအပြား တင်ဆောင်ထားသည့် မော်တော်ယာဉ်များ ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီး ရမိခဲ့သည်။၂၀၁၂ ခုနှစ် အတွင်းက မူးယစ်ဆေးဝါး အမှု ၄၀၀၆ မှုနှင့် ကျူးလွန်သူ ၅၇၄၀ ဖမ်းဆီး ရမိခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် အချို့ပင် ပါဝင်ခဲ့သည်ဟု ဆိုပေသည်။မူးယစ်ဆေးဝါး ဖမ်းဆီး ရမိမှုများ ကြည့်ပြန်တော့လည်း အသေးအဖွဲ့မျှလောက်သာ ဖမ်းဆီးမိပြီး ကွန်တိန်နာလိုက် သယ်ဆောင်သူများကျတော့ လက်ရ ဖမ်းဆီးနိုင်မှု မတွေ့ရဘဲ ပိုင်ရှင်မဲ့အဖြစ် စာရင်းသွင်းလိုက်ရပုံများက သက်ဆိုင်ရာ အဖွဲ့အစည်းများအပေါ် အမြင်မရှင်းရာ ဖြစ်ခဲ့ပေသည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှစ်ပတ်လည်နေ့ ရောက်တိုင်း မီးရှို့ဖျက်ဆီးပြသည့် မူးယစ်ဆေးဝါး ပမာဏမှာ များပြားလှပါသည်။ သို့သော်လည်း နောက်ဆုံး သတ်မှတ်ထားသည့် ၂၀၂၀ ကာလ ရောက်သည့်တိုင် မြန်မာနိုင်ငံ အတွင်း၌ ဘိန်းနှင့် မူးယစ်ဆေးဝါးများ အမှန်တကယ် ချုပ်ငြိမ်း ပပျောက်သွားမလား ဆိုသည်ကတော့ မရေရာ မသေချာလှပါ။ ဘိန်းထွက်ရှိရာ အများဆုံး နိုင်ငံအဖြစ် စာရင်း၌ ကြည့်ပြန်တော့ အာဖဂန်နစ္စတန်က ပထမစွဲပြီး မြန်မာနိုင်ငံက ဒုတိယ နေရာမှ ရပ်တည်နေသည်။တစ်နှစ်တစ်နှစ် ဘိန်းစိုက်ဒေသများသို့တိုင် သွားရောက်၍ ဖျက်ဆီးခဲ့ကြသည့်တိုင် ထွက်ရှိလာသည့် ဘိန်းထွက်ပစ္စည်းများမှာတော့ မတိုးပွားလျှင်သာ ရှိမည် လျော့ကျသွားသည်ဟုတော့ မကြားခဲ့ရပါပေ။ တလောဆီက ကချင်ပြည်နယ်ဘက်မှ ဘိန်းခင်း ဖျက်ဆီးမှုနှင့် ပတ်သက်သည့် အသံများဆီ နားစွင့်ကြည့်မိတော့ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံနှင့် တိုက်ရိုက် ဆက်စပ်နေပုံကို ကြားလိုက်ရပေသည်။ကချင်ဒေသမှ ဘိန်းခင်းများ ရှင်းလင်းရေးနှင့် ပတ်သက်ပြီး အသံတချို့ကို နားဆင်ကြည့်ရာ၌ ကချင်လူထု အခြေပြု မူးယစ်ဆေး တိုက်ဖျက်ရေး အဖွဲ့မှ ပုဂ္ဂိုလ် တစ်ဦးက “ကျွန်တော်တို့ အဖွဲ့ကတော့ ပြည်နယ် အစိုးရကိုလည်း အရမ်း ကျေးဇူးတင်ပါတယ်။ ကေအိုင်အေ ဒေသမှာကတော့ ဘိန်းစိုက်တာ ရှိပါတယ်။ ကန်ပိုက်တီး ဒေသကတော့ နေရာ အများစုမှာ စိုက်တာ တွေ့ရပြီး ဧကထောင်ချီ ရှိတယ်လို့ သတင်းတွေ ကျွန်တော့်ဆီ ရောက်ပါတယ်။ စက်တွေနဲ့ လုပ်ကိုင်နေကြတာလည်း ရှိတယ်။ ကေအိုင်အေ နယ်တွေမှာ ဘိန်းခင်းတွေ ဖျက်ပေမယ့် ကျန်တဲ့ နေရာတွေလည်း ရှိဦးမှာပါ” လို့ ပြောခဲ့သည်။ထိုစကားများ နားဆင်ခဲ့ရပြီးနောက် တစ်နေ့မှာပင် ဘိန်းခင်း ဖျက်ဆီးရန် ထွက်ခွာလာခဲ့ကြသည့် ကချင်လူထု အခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ဝင်များအား ဘိန်းစိုက်တောင်သူများမှ နှောက်ယှက် တားဆီးခဲ့ကြပြီး ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံရကာ ဒဏ်ရာများ ရခဲ့ကြသည်။ ကချင်ဒေသနှင့် ရှမ်းမြောက်ဒေသတို့မှ ဒေသခံများမှာ အဆိုပါဘိန်းနှင့် မူးယစ်ဆေးဝါးများ၏ နှိပ်စက်မှုဒဏ်ကြောင့် လင်သေ သားဆုံးဖြစ်ကာ တစ်ခြမ်းပဲ့ ဘဝများဖြင့် ရှင်သန်ခဲ့ကြရသည်မှ စကာ မူးယစ်တိုက်ဖျက်ရေး အဖွဲ့အစည်း ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပေသည်။ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဝဒေသမှ ထွက်ရှိပြီး ထိုင်းနိုင်ငံအတွင်း ရောက်ရှိကာ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး တန်ဖိုးမှာ ဒေါ်လာ သန်း ၅၀ ကျော် ရှိကြောင်း သတင်းတစ်ပုဒ် ဖော်ပြခဲ့သည်။ဒီကနေ့ထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများက သူ့ထက်ငါ သာလွန်မှုတို့ဖြင့် ပန်းပန်နေကြဆဲသာပင်။ သတင်းစာ စာမျက်နှာများပေါ် မျှော်ကြည့်တိုင်းပင် “သုံးဘီလျံ တန်ကြေးရှိ မူးယစ်ဆေးဝါး အများအပြား ထပ်မံ ဖမ်းဆီး ရမိ” ဆိုသည့် သတင်းများက ရင်ကော့၍ ခေါင်းမော့ဆဲ။ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ရက် ၁၀၀ စီမံချက် ကာလ၏ ၄၄ ရက်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ တစ်နှစ်စာ ဖမ်းဆီးရမိမှု ပမာဏ၏ ထက်ဝက်ကျော်အထိ ရှိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ခွဲ (၃) ဒုတိယရဲမှူးကြီး ကျော်ကျော်မင်းက ထုတ်ဖော် ပြောကြားခဲ့သည်။ စီမံချက်ကာလ ၄၄ ရက်အတွင်း ဖမ်းဆီးရမိ အမှုပေါင်း ၂၂၀ နှင့် အမျိုးသား ၂၈၈၊ အမျိုးသမီး ၃၆ ဦး ဖမ်းဆီးမိခဲ့သည်။ ဖမ်းမိသည့် မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ ၄၇ ကီလိုဂရမ်၊ ဘိန်းမည်း၊ ၆ ကီလိုဂရမ်၊ အိုက်စံ ၄၂၂ ကီလိုဂရမ်၊ မက်သာဒုန်း ၁၈ ဒသမ ၅ စီစီ၊ စိတ်ကြွရူးသွပ်ဆေးပြား ၉၂၄၀၀၊ ဆေးခြောက် ၃ ဒသမ ၉၇၂ ကီလိုဂရမ်၊ အက်ဂရာဇိုလမ်ဆေးပြား နှစ်သိန်း အပါအဝင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပေသည်။မူးယစ်စေတတ်သည့် ဆေးဝါးများ၏ အန္တရာယ်မှာ ကမ္ဘာနှင့်ချီ၍ ရင်ဆိုင်နေရသည့် ပြဿနာ ဖြစ်ပေသည်။ ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်ဖောက်ကားသူတို့က မိမိတို့ ငွေကြေးအမြတ်အစွန်း ရရှိရေး တစ်ခုတည်းအပေါ် အာရုံစိုက်ကာ ဆောင်ရွက်ကျူးလွန်နေကြပြီး ကျန်ရှိသည့် လူသားအများစုတို့အပေါ် ဆိုးကျိုးများ ကျရောက်နေရပေသည်။နှစ်စဉ် မူးယစ်သားကောင်များအဖြစ် အသက်ဆုံးပါးကြရသည့် လူသားမျိုးနွယ် မည်မျှ ရှိသည်ကိုတော့ မှတ်တမ်းများ မသိရ၍ မခန့်မှန်းနိုင်ပေ။ သို့သော်လည်း ထို မူးယစ်ဆေးဝါး၏ ကျေးကျွန်များအဖြစ် နွံအတွင်း သက်ဆင်းကြရကာ အသက်ဆုံးပါးမှုများကတော့ တစ်နေ့တခြား တိုးပွားလျက်သာ ရှိပေသည်။ မအိုဆေးဆိုသည့် အတိုင်းပင် အသက်အရွယ် ငယ်ငယ်မှာပင် ဆုံးပါးကြွေလွင့် ကြရသည့် ကိန်းဂဏန်းများလည်း မြင့်တက်လျက်သာပင်။ မူးယစ်ကိစ္စများနှင့် စပ်လျဉ်း၍ ဖမ်းဆီးမှုတို့ဖြင့် ထိန်းချုပ်နေသည့်တိုင် လျော့ပါးသွားသည် မရှိဘဲ အစဉ်တစိုက် တိုးပွားလျက်သာပင်။ပြည်နယ်တစ်ခု၊ တိုင်းဒေသကြီးတစ်ခုတည်း၌ သာမဟုတ်ဘဲ နေရာဒေသ အနှံ့ထိ ပြန့်နှံ့နေသည်မှာလည်း အားလုံး အသိပင်။ ယခင်ကာလများဆီက ရှမ်း၊ ကချင်နှင့် ဆက်စပ်ဒေသများတွင်သာ အများအပြား တွေ့ရှိကြရပြီး ယခုကာလမှာတော့ ထိုသို့ မဟုတ်တော့ပြီ။ ရန်ကုန်မြို့၌ သိမ်းမိခဲ့သည့် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများက သက်သေပြု၍ နေပေသည်။ ကိုင်းဖျားကိုင်းနာ ရှင်းနေရုံနှင့်တော့ အမြစ်ပြတ်ဖို့ ဆိုသည်မှာ မလွယ်ကူသော ကိစ္စသာ ဖြစ်ပေသည်။ စတင် စီးဆင်းရာ မြစ်ဖျားသို့တိုင် ထိရောက်စွာ ပိတ်ဆို့ဟန့်တားဖို့ လိုပါသည်။ ရှင်းလင်းရာတွင်လည်း တစ်ကြိမ်တစ်ခါ ဆောင်ရွက်ရုံနှင့် အမြစ်ပြတ်ဖို့ မလွယ်ပါ။ ထာဝရ အာရုံနှစ်၍ ဆောင်ရွက်ရမည့် ရေရှည် ကိစ္စမျိုး ဖြစ်ပါသည်။မူးယစ်ကိစ္စများမှာ တစ်ဦးတစ်ယောက်တည်း၊ နိုင်ငံ တစ်နိုင်ငံတည်းဖြင့် ဖြေရှင်း ဆောင်ရွက်ရမည့် ကိစ္စ မဟုတ်ပါ။ တစ်ကမ္ဘာလုံးရှိ လူသားမျိုးနွယ် တစ်ရပ်လုံးနှင့် သက်ဆိုင်သည့် ကိစ္စ ဖြစ်သဖြင့် အားလုံးသော လူသားများက ဝိုင်းဝန်း ဖြေရှင်းကြရမည့် ဘုံကိစ္စ ဖြစ်ပေသည်။သို့အတွက်လည်း သူ့ကို ငါ့ကို လက်ညှိုးညွှန်နေကြရန် မဟုတ်ဘဲ လူသားစိတ်ဖြင့် အားလုံးပူးပေါင်း ပါဝင်ကြဖို့ လိုအပ်လှပါသည်။ ကျွန်တော်တို့၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကတော့ မူးယစ်ဆေးဝါးနဲ့ အရက်သေစာတွေ ထိန်းချုပ်နိုင်ရေးအတွက် အရက်ဘီယာလိုင်စင် ချထားပေးခြင်းများ ကန့်သတ်ရေးနှင့် လိုင်စင်ကြေးများ တိုးမြှင့်မည့် ကိစ္စ၊ မူးယစ်ဆေးဝါးမှာ တစ်မျိုးသားလုံးနှင့် ကမ္ဘာ့ လူသားမျိုးနွယ်အတွက် အန္တရာယ် ကြီးမားသည့်အတွက် မူးယစ်ဆေးဝါးကို ထိန်းချုပ်ရေးများအတွက် တိုင်းဒေသကြီး ပြည်နယ်အစိုးရများသို့ ညွှန်ကြားထားကြောင်းများလည်း သိရှိရပေသည်။










