NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များ ပါဝင်လာပါက အပစ်ရပ်စဲရေး ပူးတွဲ စောင့်ကြည့်မှု လုပ်ငန်းစဉ်များ တိုးချဲ့ဆောင်ရွက်ရန် ကြိုတင် ပြင်ဆင်ထားဟု ပြည်ထောင်စုအဆင့် JMC တာဝန်ရှိသူ ပြောကြား

NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များ ပါဝင်လာပါက အပစ်ရပ်စဲရေး ပူးတွဲ စောင့်ကြည့်မှု လုပ်ငန်းစဉ်များ တိုးချဲ့ဆောင်ရွက်ရန် ကြိုတင် ပြင်ဆင်ထားဟု ပြည်ထောင်စုအဆင့် JMC တာဝန်ရှိသူ ပြောကြား
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့၌ ဇွန် ၂ ရက်က ကျင်းပစဉ်
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့၌ ဇွန် ၂ ရက်က ကျင်းပစဉ်
Published 3 July 2016
အောင်ဇော်ထွန်း၊ ဝီရမိုးနေ

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ NCA တွင် ပါဝင်လာပါက အပစ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်မှု လုပ်ငန်းစဉ်များ တိုးချဲ့ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ထားသည်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အဖွဲ့ဝင် အစိုးရကိုယ်စားလှယ် ဒေါက်တာ မင်းဇော်ဦးက ပြောကြားသည်။ဒေါက်တာ မင်းဇော်ဦးက “ကျွန် တော်တို့ JMC လုပ်ငန်းစဉ်က ဟိုးစစချင်း လုပ်ကတည်းက လက်မှတ် မထိုးတဲ့ အဖွဲ့တွေ ပါလာအောင်ဆိုတဲ့ လမ်းကြောင်းကို အမြဲတမ်း ဖွင့်ထားတယ်။ ဖွင့်ထားတာဖြစ်တဲ့ အတွက်ကြောင့် အကယ်၍ KIA ပါလာပြီဆိုရင် ကချင်ပြည်နယ်မှာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ် ရှိမှာပဲ။ ထိုနည်းလည်းကောင်း အခု လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ လက်မှတ်ထိုးတဲ့အထဲ ပါလာပြီဆိုရင် သူတို့ရှိတဲ့ နေရာတွေကို ဒီလုပ်ငန်းစဉ်တွေကို တိုးချဲ့ဖို့ အစီအစဉ် ရှိပါတယ်။ ကျွန်တော်တို့က ဘတ်ဂျက်ကို တွက်တဲ့ အခါတောင်မှ လက်ရှိ ဘတ်ဂျက်က ဘယ်လောက် ဒီအဖွဲ့တွေ ပါလာနိုင်ရင် ဘယ်လောက် ဖြစ်နိုင်တယ် ဆိုတာက ကျွန်တော်တို့ ကြိုပြီးတော့ တွက်ထားတာတွေလည်း ရှိပါတယ်” ဟု ပြောကြားသည်။၂၀၁၆ ခုနှစ် သြဂုတ်လ နောက်ပိုင်းမှ စတင်၍ လာမည့် သုံးနှစ်အတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ လုပ်ငန်းစဉ်များတွင် အသုံးပြုရန်အတွက် ယခင် ရေးဆွဲထားသည့် ဘတ်ဂျက်များ ပြန်လည်ပြင်ဆင် ရေးဆွဲခြင်းကို JMC-U ၏ အလုပ်အဖွဲ့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။“အလုပ်အဖွဲ့ကနေ ဒီဘတ်ဂျက်တွေ ပြန်လည်ရေးဆွဲတဲ့ ကိစ္စတွေ ကျွန်တော်တို့ လုပ်သွားမယ်။ ပြီးရင် နိုင်ငံတော် အစိုးရဆီကို တင်ပြမယ်။ နိုင်ငံတော် အစိုးရဆီက ခွင့်ပြုချက် ရပြီဆိုရင် သက်ဆိုင်ရာ အလှူရှင်နိုင်ငံတွေနဲ့ ဆွေးနွေးဖို့ ရှိပါတယ်။ နိုင်ငံတကာ အလှူရှင်တွေက ကျွန်တော်တို့ကို ကူညီချင်တဲ့ ဆန္ဒတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ နိုင်ငံတော် အစိုးရရဲ့ မူနဲ့လည်း ကျွန်တော်တို့ လုပ်တဲ့ဟာနဲ့ ကိုက်ဖို့ လိုတာပေါ့။ ကိုက်ညီဖို့လိုတဲ့ အပေါ်မှာ ကျွန်တော်တို့ရဲ့ ဘတ်ဂျက်ကို ပြင်မယ်။ ပြင်တယ် ဆိုတာကလည်း ကျွန်တော်တို့ အဖွဲ့တွေအားလုံး ပါတယ်။ တတ်ကျွမ်းတဲ့ ပညာရှင်တွေရဲ့ အကြံဉာဏ်ယူတဲ့ ဟာတွေ ရှိတယ်။ ပြီးပြီဆိုရင် ဒီဘတ်ဂျက်ကို နိုင်ငံတော် အစိုးရကို တင်ပြပြီး နိုင်ငံတော် အစိုးရဘက်ကနေ အတည်ပြုချက်ကို ယူရမယ်။ အတည်ပြုချက် ယူပြီးမှ နိုင်ငံတကာ အလှူရှင်တွေနဲ့ ဘယ်လိုမျိုး ဘတ်ဂျက်ကို စီမံခန့်ခွဲမယ် ဆိုတာ အသေးစိတ် ဆက်ဆွေးနွေးရမယ်” ဟု JMC-U အလုပ်အဖွဲ့ ခေါင်းဆောင်လည်းဖြစ်သူ ဒေါက်တာ မင်းဇော်ဦးက ဆိုသည်။သုံးနှစ်အတွင်း ဆောင်ရွက်မည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် အမေရိကန် ဒေါ်လာ ၂၃ သန်း ကုန်ကျမည်ဟု ယခင်က ခန့်မှန်း သတ်မှတ်ထားရာ ယင်းဘတ်ဂျက်အတွက် နိုင်ငံတကာ အလှူရှင် နိုင်ငံများနှင့် JMC-U တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။“နိုင်ငံတကာနဲ့ ယှဉ်ရင် နီပေါမှာဆိုရင် တစ်နှစ်ကို ၅၅ သန်း ရှိတယ်။ ကျွန်တော်တို့ ၂၃ သန်းဆိုတာ သုံးနှစ်။ သုံးနှစ်ဆိုတော့ ပျမ်းမျှ ခုနစ်သန်းခွဲလောက်။ ကျွန်တော်တို့ရဲ့ ကုန်ကျစရိတ်က အခြားနိုင်ငံတွေနဲ့ စာရင် အများကြီး နည်းတယ်။ ဘာကြောင့် အများကြီး နည်းလဲဆိုတော့ အဓိကက ကျွန်တော်တို့က နိုင်ငံတကာက အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်တဲ့ သူတွေကို ခေါ်တာ မဟုတ်ဘူး။ ပြည်တွင်းက အင်အားစုတွေ၊ ပညာရှင်တွေနဲ့ အခြေခံပြီး လုပ်တာ။ နိုင်ငံတကာက ပညာရှင်တစ်ယောက် ခေါ်တယ် ဆိုလို့ရှိရင် သူ့ရဲ့ တစ်ယောက်စရိတ်က တစ်နှစ်ကို သန်းတစ်ဝက်လောက် ကျွန်တော်တို့ သုံးရမှာ” ဟု ဒေါက်တာမင်းဇော်ဦးက ဆိုသည်။ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) သည် ပစ်ခတ်တိုက်ခိုက်မှုများကို တည်ငြိမ်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများကို အထောက်အကူ ဖြစ်စေရန်၊ နှစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်စေရန်နှင့် ပဋိပက္ခဒေသများတွင် ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်နေရာ ပြည်ထောင်စုအဆင့် JMC ကို တပ်မတော်ကိုယ်စားလှယ်များ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ၊ အရပ်သား ကိုယ်စားလှယ်များ စုစုပေါင်း ၂၆ ဦးဖြင့် ဖွဲ့စည်းထားသည်။ဆဋ္ဌမအကြိမ် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေးကို ဇွန်လ ၂၇၊ ၂၈ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

Most Read

Most Recent