နေပြည်တော် နိုင်ငံတော် ဧည့်ဂေဟာဝင်းအတွင်းရှိ Royal Ace ဟိုတယ်အတွင်း မိုးလေဝသ အစည်းအဝေး တက်ရောက်ရန် လာရောက်သည့် နိုင်ငံခြားသားတစ်ဦး သေဆုံးမှုဖြစ်ပွား

နေပြည်တော် နိုင်ငံတော် ဧည့်ဂေဟာဝင်းအတွင်းရှိ Royal Ace ဟိုတယ်အတွင်း မိုးလေဝသ အစည်းအဝေး တက်ရောက်ရန် လာရောက်သည့် နိုင်ငံခြားသားတစ်ဦး သေဆုံးမှုဖြစ်ပွား
Published 30 June 2016
ကျော်မျိုး

နေပြည်တော်၊ နိုင်ငံတော် ဧည့်ဂေဟာဝင်းအတွင်းရှိ Royal Ace ဟိုတယ်တွင် မိုးလေဝသနှင့် ပတ်သက်သည့် အစည်းအဝေး တက်ရောက်ရန် လာသည့် နိုင်ငံခြားသားတစ်ဦး သေဆုံးမှု ဇွန် ၂၉ ရက်က ဖြစ်ပွားခဲ့ကြောင်း ဒက္ခိဏသီရိ မြို့မရဲစခန်းမှ သိရသည်။
ဇွန် ၂၉ ရက် ညနေ ၃ နာရီခွဲခန့်တွင် ဖုန်းဖြင့် အကြောင်းကြားမှုအရ ရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးရာ အခန်းအမှတ် ၁၆၃၃ တွင် အိန္ဒိယနိုင်ငံသားတစ်ဦးဖြစ်သူ Mr.NAGES WARARAO VAJAHA မှာ အခန်းတွင်းရှိ ခုတင်ပေါ်တွင် ကန့်လန့်ဖြတ် ပက်လက်အနေအထားဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ဒက္ခိဏသီရိမြို့မရဲစခန်းမှ စခန်းမှူးကျော်ခိုင်က “ကျွန်တော်တို့က အနီးအနား ပတ်ဝန်းကျင်ကို စစ်ဆေးတဲ့အခါ သူလတ်တလော သောက်ထားတဲ့ ဆေးနှစ်မျိုး တွေ့ရတယ်။ ဒီဆေးတွေကို ဆရာဝန်တွေကို မေးကြည့်တဲ့အခါ ဒီဆေးတွေက နှလုံးငြိမ်ဆေး ဖြစ်တယ်။ အခြား အဆိပ်ဖြစ်စေတတ်တဲ့ဟာ မရှိဘူးလို့ သိရတယ်” ဟု ပြောကြားသည်။
ဆက်လက်ပြီး စခန်းမှူးက “ ဒီနေ့မနက်ခင်း ၈ နာရီခွဲမှာ ရင်ခွဲစစ်ဆေးချက် အဖြေအရ သူက နှလုံးရောဂါရှိတယ်။ ဖြစ်တဲ့နေ့ညနေကလည်း သူ့မှာ ဘာရောဂါ ရှိသလဲဆိုတာ အိန္ဒိယသံရုံးကို မေးပါတယ်။ သူ့မှာ နှလုံးရောဂါရှိတယ်။ ရင်ခွဲစစ်ဆေးတဲ့အခါမှာလည်း မှုခင်းဆရာဝန်ကြီး ဒေါက်တာသန့်ကျော်ရဲ့ ပြောကြားချက်အရ အဓိက နှလုံးသွေးကြောတွေ ပိတ်တာရယ်။ သူ့ကျောက်ကပ်က လုံး၀ ပျက်စီးနေတာရယ် နှစ်ခုကြောင့်လို့ ဆေးစာ အဖြေရရှိပါတယ်။ ပြင်ပဒဏ်ရာ လုံးဝမရှိပါဘူး။ အခန်းထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ အခြေအနေလည်း မတွေ့ရပါဘူး” ဟု ပြောကြားသည်။
အဆိုပါ အိန္ဒိယနိုင်ငံသားမှာ မြန်မာနိုင်ငံ မိုးလေဝသဌာနမှ ပညာရှင်အဖြစ် အစည်းအဝေးများ တက်ရောက်ရန် ဖိတ်ခေါ်မှုအရ ဇွန် ၂၇ ရက် ညပိုင်းက ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး မိုးလေဝသဌာနမှ ၂၈ ရက်တွင် ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း၊ သို့ရာတွင် ၂၉ ရက်တွင် ကျင်းပသော အစည်းအဝေးသို့ တက်ရောက်ခြင်း မရှိသဖြင့် အစည်းအဝေး အတူတက်ရောက်နေသော အင်္ဂလန်နိုင်ငံသား  Mr.STEVEN DAVID နှင့် ဟိုတယ်ဝန်ထမ်း တစ်ဦးတို့မှ သွားရောက်ကြည့်ရှုရာတွင်  အထက်ပါ သေဆုံးနေသည့် အနေအထားအတိုင်း တွေ့ရှိရသဖြင့် ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားခဲဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်ပြီး ဒက္ခိဏသီရိ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၆၊ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် ဆက်လက် စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။