ထိုင်းနိုင်ငံ နယ်စပ်ရှိ ဒုက္ခသည် စခန်းများမှ မြန်မာနိုင်ငံသို့ ပြန်လာရန် လက်ရှိတွင် ဆန္ဒပြုထားသူ ၁၉၆ ဦးအား ပြန်လည် ခေါ်ယူရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်၍ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ် ဆောင်ရွက်မည်

ထိုင်းနိုင်ငံ နယ်စပ်ရှိ ဒုက္ခသည် စခန်းများမှ မြန်မာနိုင်ငံသို့ ပြန်လာရန် လက်ရှိတွင် ဆန္ဒပြုထားသူ ၁၉၆ ဦးအား ပြန်လည် ခေါ်ယူရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်၍ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ် ဆောင်ရွက်မည်
Published 29 June 2016
ကျော်ဇင်ဝင်း

ထိုင်းနိုင်ငံ နယ်စပ်ရှိ ဒုက္ခသည် စခန်းများမှ မြန်မာနိုင်ငံသို့ ပြန်လာရန် လက်ရှိတွင် ဆန္ဒပြုထားသူ ၁၉၆ ဦးအား ပြန်လည် ခေါ်ယူရေးအတွက် မြန်မာအစိုးရမှ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်၍ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၂၉ ရက်တွင် သတင်း ထုတ်ပြန်သည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန် ၂၃ ရက်မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သော ချစ်ကြည်ရေး ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကိစ္စ၊ နှစ်နိုင်ငံ နယ်စပ်ရှိ ဒုက္ခသည် စခန်းများမှ မြန်မာနိုင်ငံသားများအား နေရပ်သို့ ပြန်လည် ပို့ဆောင်ရေး ကိစ္စ၊ နှစ်နိုင်ငံအကြား နယ်နိမိတ်ပြန်လည် တိုင်းတာရေး ကိစ္စများ အပါအဝင် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ ဆွေးနွေး သဘောတူခဲ့မှုနှင့် စပ်လျဉ်း၍ သတင်း ထုတ်ပြန်ရာတွင် ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။ထိုင်းနိုင်ငံ နယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင် ရောက်ရှိနေသည့် ဒုက္ခသည်များအား မူရင်းနေရပ်သို့ ခေါ်ဆောင်ရေးအတွက် နှစ်နိုင်ငံ အစိုးရများ အချင်းချင်း ပူးပေါင်း ဆောင်ရွက်သွားရန်နှင့် ၎င်းတို့၏ မူရင်း နေရပ်တွင် အလုပ်အကိုင် အခွင့်အလမ်းများ၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး ဝန်ဆောင်မှု အခြေအနေကောင်းများကို စီစဉ် ဆောင်ရွက်ပေးနိုင်သည့် အချိန်မှသာ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းများကို စတင်သွားရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ထို့ပြင် လတ်တလော အခြေအနေတွင် နေရပ်သို့ ပြန်လာလိုကြောင်း ဆန္ဒပြုထားကြသူ ၁၉၆ ဦးအား မူရင်းနေရပ်သို့ ပြန်လည် ခေါ်ယူနိုင်ရန် မြန်မာနိုင်ငံ အစိုးရမှ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့အား စေလွှတ်၍ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်များ ဆောလျင်စွာ ဆောင်ရွက်ပြီး ၎င်းတို့၏ မူရင်းနေရပ်များသို့ ပြန်လည် ပို့ဆောင်ရေးနှင့် ပြန်လည်နေရာ ချထားရေး ကိစ္စရပ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံမှ ဒုက္ခသည်များအား စိစစ်၍ နေရပ်သို့ ပြန်ခေါ်နိုင်ရေးအတွက် နိုင်ငံတော်၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ကာလတို၊ ကာလရှည် အစီအမံများ ချမှတ်ကာ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း မြန်မာဒုက္ခသည် စခန်းတစ်ခုသို့ သွားရောက်ရန် မူလက စီစဉ်ထားသော်လည်း ရာသီဥတု အခြေအနေ ဆိုးရွားမှုကြောင့် အဆိုပါ ခရီးစဉ်အား ဖျက်သိမ်းခဲ့ရသည်။မြန်မာ-ထိုင်း နယ်စပ်ရှိ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ဘန့်ဒုံယမ်း၊ ထမ့်ဟင်၊ ကရင်နီအမှတ် (၁) နှင့် အမှတ် (၂)  စသည့် မြန်မာဒုက္ခသည်စခန်း ကိုးခု၌ ဒုက္ခသည် စုစုပေါင်း တစ်သိန်းလေးသောင်း ဝန်းကျင်ရှိရာ အများစုမှာ ကရင်တိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။