EMG ၏ CEO တိုက်ခိုက်ခံရမှု (၂၆) ကြိမ်မြောက် ရုံးချိန်း၌ တရားလိုပြသက်သေ တစ်ဦးအား စစ်ဆေးပြီး ဇူလိုင် ၄ ရက်သို့ ပြန်လည်ချိန်းဆို

EMG ၏ CEO တိုက်ခိုက်ခံရမှု (၂၆) ကြိမ်မြောက် ရုံးချိန်း၌ တရားလိုပြသက်သေ တစ်ဦးအား စစ်ဆေးပြီး ဇူလိုင် ၄ ရက်သို့ ပြန်လည်ချိန်းဆို
Published 28 June 2016
အောင်မျိုးသန့်

Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်အား တိုက်ခိုက်မှုတွင် ပါဝင်မှုဖြင့် ဖမ်းဆီးထားသော အမျိုးသားနှစ်ဦးကို ဗဟန်းမြို့နယ် တရားရုံးတွင် ဇွန်၂၈  ရက်က (၂၆) ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။
 
ယင်းရုံးချိန်းတွင် တရားလိုပြသက်သေ ဇော်မင်းထွဋ်အား  နှစ်ဖက်ရှေ့နေများက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ရုံးချိန်းအား ဇူလိုင် ၄  ရက်သို့  ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။
 
ထို့အပြင် ကျူးလွန်သူများ အသုံးပြုခဲ့သည့် ယာဉ်အား ယာဉ်ပိုင်ရှင်ဘက်မှ အာမခံပေးရန် မြို့နယ်တရားရုံးနှင့် ခရိုင်တရားရုံးတို့အား လျှောက်ထားရာ ပယ်ချခဲ့ပြီး တိုင်းတရားလွှတ်တော်ရုံးသို့ ထပ်မံလျှောက်ထားရာ တိုင်းတရားရုံးမှ လက်ခံခဲ့ပြီး ယာဉ်ပိုင်ရှင်အား ခံဝန်ဖြင့် ယာဉ်အား ပြန်လည်ပေးအပ်ခဲ့သည်။ 
 
အဆိုပါအမှုမှာ ၁၁ လ ကြာပြီဖြစ်သော်လည်း အမှုနှင့်ပတ်သက်၍  တရားလိုပြသက်သေ ၁၃ ဦးထဲမှ ငါးဦးကိုသာ စစ်ဆေးနေဆဲဖြစ်ကြောင်း၊ ထို့ပြင် အဓိက ကျူးလွန်ရာတွင် ပါဝင်သူမှာ အမှတ် (၁) တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ် (ရန်ကုန်) မှ သန်းထိုက်အောင်ဖြစ်ပြီး ယခုလက်ရှိအချိန်ထိ စုံစမ်း ဖမ်းဆီးမှုရလဒ်အခြေအနေကိုမူ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများမှ ဇွန် ၂၈ ရက်အထိ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။ 
 
ယင်းအမှုနှင့် ပတ်သက်၍ ကျူးလွန်သူ နှစ်ဦး၏ မိဘများမှာ အမှုရင်ဆိုင်နေသည့် ကာလအတွင်း အခက်အခဲ ဒုက္ခများစွာဖြစ်နေကြောင်း  ပြောကြားသည်။
 
အမှုဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီခန့်က ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်း၊ မင်းလမ်းမှတ်တိုင်အနီး ဖြစ်ပွားခဲ့သော Eleven Media Group ၏ CEO ဖြစ်သူ ဒေါက်တာသန်းထွဋ်အောင်အား အမျိုးသားငါးဦး ပါဝင်သောအဖွဲ့မှ ကုန်းသီးဖြင့် အနီးကပ် ပစ်ခတ် လုပ်ကြံမှု ဖြစ်ပွားခဲ့သည်။ 
 
ဇူလိုင် ၁၄ ရက် ညပိုင်းနှင့် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတို့တွင် ကျူးလွန်ရာ၌ ပါဝင်သော မျိုးမြင့်အောင် (ခေါ်) စပိုက်ဒါနှင့် ရန်နိုင် (ခေါ်) တီကောင်တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဖမ်းဆီးရမိသည့် သတင်းအား ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
 
ဖြစ်စဉ်နှင့် ပတ်သက်၍ ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့က ဖမ်းဆီးရမိထားသော ကျူးလွန်သူနှစ်ဦးအား ဗဟန်းမြို့မရဲစခန်းမှ ပုဒ်မ ၃၀၇/ ၄၂၇/ ၁၁၄ တို့အရ အမှုဖွင့် အရေးယူထားကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ဖမ်းဆီးထားသူများအား ပုဒ်မ ၄၄၀/ ၁၁၄သို့ ပြောင်းလဲ အမှုဖွင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ထပ်မံထုတ်ပြန်ချက်အရ သိရသည်။
 
ယင်းနောက် အမှု၏ နောက်ဆက်တွဲ အခြေအနေကို သတင်းထုတ်ပြန်ခြင်း မရှိသေးဘဲ ကျူးလွန်ရာတွင် ပါဝင်သော အခြားသူများကိုလည်း ထပ်မံ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရကာ ဇူလိုင် ၁၈ ရက်နှင့် ဇူလိုင် ၂၀ ရက်တို့တွင် Eleven Media Group အနေဖြင့် စုံစမ်းသိရှိရသော အချက်အလက်များအရ ကျူးလွန်ရာတွင် သန်းထိုက်အောင်ဆိုသူ ပါဝင်ကြောင်း ရဲတပ်ဖွဲ့ကို သတင်းပေးပို့ခဲ့သည်။
 
ဒေါက်တာသန်းထွဋ်အောင် တိုက်ခိုက်ခံရမှုတွင် တတိယ ပါဝင်သူအဖြစ် ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ အမှတ် (၁) တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ် (ရန်ကုန်)မှ သန်းထိုက်အောင် ဖြစ်ကြောင်း သိရပြီး ဖမ်းဆီးရမိရေးနှင့် စစ်ဆေးခြင်းကို စစ်ဘက်တရားရုံး၌သာ ဆောင်ရွက်မည်ဟု တပ်မတော်က တရားရုံးသို့ အကြောင်းပြန်ခဲ့ကြောင်း ယခင် မြို့နယ်တရားသူကြီး ဦးရဲလွင် က ပြောကြားသည်။
 
အဆိုပါ ဗဟန်းမြို့နယ် တရားသူကြီး ဦးရဲလွင်မှာ ရာထူးတိုးဖြင့် နေပြည်တော်သို့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပြီး အမှုကို ဒီဇင်ဘာ ၂၈ ရက်က တောင်သာမြို့မှ ပြောင်းရွှေ့လာသည့် မြို့နယ်တရားသူကြီး ဦးကျော်နိုင်လတ် က ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။