တိုက်ပွဲများဖြစ်ပါက ပြည်သူများ ဒုက္ခရောက်စေသည့်အပြင် နိုင်ငံရေးဆွေးနွေးမှုများကို ထိခိုက်စေ၍ အောက်ခြေ၌ အပစ်ရပ်စဲရေး ခိုင်ခံ့အောင် ထိန်းသိမ်းရန်လိုဟု JMC-U အစိုးရကိုယ်စားလှယ် ပြောကြား

တိုက်ပွဲများဖြစ်ပါက ပြည်သူများ ဒုက္ခရောက်စေသည့်အပြင် နိုင်ငံရေးဆွေးနွေးမှုများကို ထိခိုက်စေ၍ အောက်ခြေ၌ အပစ်ရပ်စဲရေး ခိုင်ခံ့အောင် ထိန်းသိမ်းရန်လိုဟု JMC-U အစိုးရကိုယ်စားလှယ် ပြောကြား
Published 27 June 2016

စစ်ရေးအရ သဘောတူညီချက်များ မထိန်းနိုင်ဘဲ တိုက်ပွဲများဖြစ်ပါက ပြည်သူများ ဒုက္ခရောက်စေသည့်အပြင် နိုင်ငံရေးဆွေးနွေးမှုများကို ထိခိုက်စေ၍ အောက်ခြေ၌ အပစ်ရပ်စဲရေးကို ခိုင်ခံ့အောင် ထိန်းသိမ်းနိုင်ရန် လိုဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစိုးရကိုယ်စားလှယ် ဒေါက်တာမင်းဇော်ဦးက ဇွန် ၂၅ ရက်တွင် ဆိုသည်။
 
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလမှ လက်ရှိအချိန်ထိ တပ်မတော်နှင့် လက်မှတ်ထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ အကြား အသေးစား ထိတွေ့ပစ်ခတ်မှု နှစ်ကြိမ်၊ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ အကြား အသေးစား ထိတွေ့ပစ်ခတ်မှုတစ်ကြိမ် စုစုပေါင်း သုံးကြိမ်သာ ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် တနင်္သာရီတိုင်းရှိ KNU တပ်မဟာ (၄) ၏ ဂိတ်အား ဖယ်ရှားခိုင်းမှုနှင့် ပတ်သက်၍ မပြေလည်မှု ဖြစ်ပေါ်နေကြောင်း သိရသည်။
 
ဒေါက်တာမင်းဇော်ဦးက “နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနေတဲ့အချိန်မှာ အောက်ခြေမှာ စစ်ရေးအရ သဘောတူညီချက်တွေ မထိန်းထားနိုင်လို့ တိုက်ပွဲတွေ ဖြစ်နေမယ်ဆိုရင် ဒီတိုက်ပွဲတွေကြောင့် ပြည်သူလူထုကိုလည်း ဒုက္ခရောက်မယ်။ ပြီးရင် ဒီတိုက်ပွဲတွေ ဖြစ်နေတဲ့အပေါ်မှာ ခေါင်းဆောင်တွေရဲ့ ဆွေးနွေးမှုတွေကို လာပြီး ထိခိုက်တယ်ဆိုတဲ့ သာဓကတွေကလည်း အခြားနိုင်ငံတွေမှာ လည်း အများကြီး တွေ့ရပါတယ်။ အောက်ခြေမှာဖြစ်တဲ့ တိုက်ပွဲတွေက အပေါ်ကိုလာပြီးတော့ နိုင်ငံရေးပြဿနာ ဖြစ်လာတယ်ဆိုတာလည်း အများကြီးတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးဆွေးနွေးပွဲတွေ အရှိန်အဟုန် ကောင်းဖို့ဆိုရင် အောက်ခြေမှာ အပစ်အခတ်ရပ်စဲရေးကို ခိုင်ခိုင်ခံ့ခံ့နဲ့ ထိန်းသိမ်းနိုင်ဖို့ လိုလိမ့်မယ်။ ဒါမှလည်း ယုံကြည်မှု တည်ဆောက်ရေး ပိုပြီး အားကောင်းလာမှာကိုး။ တိုက်ပွဲတွေ ဖြစ်တယ်ဆိုတာ ယုံကြည်မှု တည်ဆောက်ရေးကို သွားပြီး ထိခိုက်နိုင်တဲ့ သဘောပါပဲ” ဟု ပြောကြားသည်။
 
NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်းတွင် နှစ်ဖက်ယုံကြည်မှုအရဆုံး ခရီးအတွင်ဆုံးလုပ်ငန်းမှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ဖြစ်ကြောင်း၊ လက်မှတ်ထိုးပြီးသည့် အဖွဲ့များနှင့် တပ်မတော်တို့အကြားတွင် လက်နက်ကိုင် ထိတွေ့မှု သုံးကြိမ် ဖြစ်ပွားခဲ့ရာ နှစ်ဖက်လုံးက တိုက်ပွဲတွေ မဖြစ်အောင် ဝိုင်းပြီး အဖြေရှာနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
 
“နှစ်ဖက်လုံး ပူးပေါင်းဆောင်ရွက်မှုက တော်တော်ကို အားရဖို့ကောင်းပါတယ်။ အဲဒီတော့ ဒါကိုကောင်းတဲ့ အစဉ်အလာကို ဆက်ထိန်းသွားပြီးတော့ တကယ့်လုပ်ငန်းပိုင်းအရ ခိုင်ခံ့တဲ့ နှစ်ဖက်ရဲ့နိုင်ငံရေး ဆန္ဒတစ်ခုတည်း မဟုတ်ဘူး။ လုပ်ငန်းပိုင်းအရရော စနစ်အရရော ခိုင်ခံ့တဲ့ ယန္တရားဖြစ်လာဖို့ အားသွန်ခွန်စိုက် ဆောင်ရွက်နေပါတယ်” ဟု ဒေါက်တာ မင်းဇော်ဦးက ပြောကြားသည်။
 
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) သည် ပစ်ခတ်တိုက်ခိုက်မှုများကို တည်ငြိမ်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံရေးဆွေးနွေးပွဲများကို အထောက်အကူဖြစ်စေရန်၊ နှစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်စေရန်နှင့် ပဋိပက္ခဒေသများတွင် ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်နေရာ ပြည်ထောင်စုအဆင့် JMC ကို တပ်မတော်ကိုယ်စားလှယ်များ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ၊ အရပ်သား ကိုယ်စားလှယ်များ စုစုပေါင်း ၂၆ ဦးဖြင့် ဖွဲ့စည်းထားသည်။
 
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကို ယခု ဇွန်၂၇၊ ၂၈ ရက်များတွင် ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်သည်။
 
“ကျွန်တော်တို့ JMC ရဲ့ လုပ်ငန်းလုပ်တဲ့ ပုံစံက အခုအချိန်မှာ JMC ကို နေရာအနှံ့မှာ ဖွဲ့ဖို့လုပ်တယ်။ ဖွဲ့တဲ့အခါမှာ JMC ရဲ့ သဘောသဘာဝအရ ဘက်ပေါင်းစုံက လာကြတာဖြစ်တဲ့အတွက် ပြဿနာတွေဖြစ်ရင် ကျွန်တော်တို့က ဒီအတိုင်းကြီး ရှင်းဆိုလို့ပြောမယ့်အစား နှစ်ဖက်သဘောတူညီတဲ့ လုပ်ထုံးလုပ်နည်း ရေးဆွဲဖို့ လိုတယ်ပေါ့ဗျာ။ သဘောကတော့ ဘယ်သူပဲ ဒီပြဿနာကို ရှင်းရှင်း ဘက်လိုက်စရာမရှိဘဲနဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်နိုင်တဲ့စနစ်တစ်ခုကို ထူထောင်သွားနိုင်ပြီဆိုရင် ယန္တရားကို လည်ပတ်လို့ ရသွားပြီပေါ့။ နှစ်ဖက်က သဘောတူလက်ခံထားတဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိခြင်းအားဖြင့် ပြဿနာဖြစ်လာရင် တစ်ဖက်နဲ့တစ်ဖက် အငြင်းပွားစရာ မလိုတော့ဘူး။ အဲဒီပုံစံနဲ့ သွားတော့ ပြည်ထောင်စုအဆင့်မှာလည်း တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု တော်တော်ရှိပါတယ်။ ပြဿနာဖြစ်ရင် ကျွန်တော်တို့က နှစ်ဖက်ငြင်းတာ မဟုတ်တော့ဘဲနဲ့ ဝိုင်းဝန်းပြီး ဘယ်လိုအဖြေရှာမလဲဆိုတာ စဉ်းစားနိုင်တယ်။ အဲဒီအခြေအနေတော့ ရောက်နေပါတယ်” ဟု ဒေါက်တာမင်းဇော်ဦးက ရှင်းပြသည်။
 
JMC ၏ လက်ရှိလုပ်ငန်းစဉ်များကို ထိရောက်စေရန်အတွက် စနစ်တကျ လုပ်ဆောင်နိုင်သော အခြေအနေသို့ မရောက်ရှိသေးကြောင်း၊ နှစ်ဖက်ခေါင်းဆောင်များ၏ နားလည်မှုနှင့် ဆက်ဆံရေးကို အခြေခံပြီး လုပ်ငန်းအကောင်အထည်ဖော်နေရခြင်း ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူအပြောင်းအလဲ လုပ်သည့်အခါ၊ မြေပြင်တပ်များ အပြောင်းအလဲလုပ်သည့် အခါများတွင် လက်ရှိတည်ငြိမ်မှုကို ဆက်ထိန်းနိုင်ရန် အခက်အခဲရှိကြောင်း၊ ထို့ကြောင့် JMC လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော်နိုင်သည့် ယန္တရားတစ်ခု ဖြစ်လာစေရန် အချိန်ယူတည်ဆောက်ရဦးမည် ဖြစ်ကြောင်း၊ ဤယန္တရားတစ်ခု ဖြစ်လာရန် အဓိကကျသည့် အလုပ်အဖွဲ့ (ရုံးအဖွဲ့) အဆင့်ဆင့်ကို ဖွဲ့စည်း အကောင်အထည်ဖော်သွားရမည် ဖြစ်ကြောင်း JMC-U  ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဧပြီ လ အစည်းအဝေးတွင် ပြောကြားထားသည်။