ဝန်ကြီး ဦးအုန်းမြင့်၏ ကိုယ်စားလှယ်က တရားလိုပြုလုပ်၍ ကျောက်တန်းမြို့နယ် အနိုင်ရ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးအား လမ်းပိတ်ဆို့မှု အပါအဝင် ရွေးကောက်ပွဲဥပဒေများဖြင့် တရားစွဲဆိုထားသည့်အမှု ၁၇ မှုအား ယနေ့ (ဇွန် ၂၇ ရက် ) နံနက်ပိုင်းတွင် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းနေ့ရုံးချိန်းတွင် ကျောက်တန်းမြို့နယ် အနိုင်ရ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးအား ရွေးကောက်ပွဲ ကာလအတွင်း လမ်းပိတ်ဆို့မှုဖြင့် ဝန်ကြီးဦးအုန်းမြင့်၏ ကိုယ်စားလှယ်က တရားလိုပြုလုပ်၍ စွဲဆိုထားသည့်အမှုမှ တရားလိုပြသက်သေများအား စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်အေးမြမြမျိုးအား ဝန်ကြီးဦးမျိုးချစ်မှ အမှုဖွင့် တိုင်ကြားထားမှုတွင် နိုဝင်ဘာ ၄ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအုန်းမြင့်နှင့် အဖွဲ့သည် ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာ အရှေ့ကျောင်းတိုက်ဓမ္မာရုံတွင် ဟောပြောပွဲ ပြုလုပ်ခဲ့ပြီး ကြာကန်ကျေးရွာသို့သွားစဉ် NLD ပါတီဝင်များက ပိတ်ဆို့ထား၍ ရွာတောင်ပိုင်းသို့ ပြန်ထွက်ခဲ့ရာ တောင်ဘက်ဘုန်းကြီးကျောင်း၏ မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်အစီး ၅၀ ခန့်ဖြင့် ပိတ်ဆို့ထားကြောင်း၊ ပိတ်ဆို့ထားသည့် ကားတစ်စီးတွင် NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အေးမြမြမျိုး လိုက်ပါလာသည်ကို တွေ့ရှိခဲ့သဖြင့် ဖြတ်သန်းသွားလာခွင့် မရစေရန် ရည်ရွယ်ချက်ဖြင့် မတရားတားဆီး ကန့်ကွက်မှုပြုလုပ်ခဲ့သည် ဟုဆိုကာ ဒေါ်အေးမြမြမျိုးနှင့်အဖွဲ့အား အရေးယူပေးရန် ဦးမျိုးချစ် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းမြင့်၏ ကိုယ်စားလှယ်) ကျောက်တန်းမြို့မရဲစခန်းသို့ နိုဝင်ဘာ ၁၁ ရက်က တိုင်ကြားပြီး ရဲစခန်းမှတစ်ဆင့် တရားရုံးသို့ တင်ခဲ့ပြီး တရားစွဲဆိုခဲ့ကြောင်း သိရသည်။
ဦးအုန်းမြင့်၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးမျိုးချစ်က တရားလိုပြုလုပ်၍ ရွေးကောက်ပွဲဥပဒေဖြင့် တရားစွဲဆိုထားသော အမှု ၁၅ မှုနှင့် ဒေါ်အေးမြမြမျိုးအား ပြစ်မှုပုဒ်မ ၃၄၁ ဖြင့် စွဲထားသည့် အမှုများတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် ပထမအကြိမ် ရုံးချိန်းတွင် ကျောက်တန်းမြို့နယ် တရားရုံးမှ စတင်စစ်ဆေးခဲ့ပြီး ယခု ၂၀၁၆ ခုနှစ် ဇွန်၂၇ ရက် ရုံးချိန်းအပါအဝင် ရုံးချိန်း ၂၇ ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။
ဝန်ကြီး ဦးအုန်းမြင့်၏ ကိုယ်စားလှယ်မှ တရားလိုပြုလုပ်၍ ကျောက်တန်းမြို့နယ် အနိုင်ရ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးအား လမ်းပိတ်ဆို့မှု အပါအဝင် ရွေးကောက်ပွဲဥပဒေဖြင့် တရားစွဲဆိုထားသည့်အမှု ၁၇ မှု ယနေ့ စစ်ဆေးမည်