ရိုဟင်ဂျာအမည်ကို မြန်မာအစိုးရအနေဖြင့် သုံးနှုန်းမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီလီအား ပြောကြား

ရိုဟင်ဂျာအမည်ကို မြန်မာအစိုးရအနေဖြင့် သုံးနှုန်းမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီလီအား ပြောကြား
Published 22 June 2016
ငြိမ်းကို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီနှင့် ဇွန် ၂၀ ရက်က တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ရှိ မွတ်စလင်အသိုင်းအဝိုင်းနှင့် ပတ်သက်ပြီး သုံးစွဲရာတွင် ရိုဟင်ဂျာအမည်ကို မြန်မာအစိုးရအနေဖြင့် သုံးနှုန်းမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
 
ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီ၏ ယခု မြန်မာနိုင်ငံခရီးစဉ်သည် NLD ပါတီ ဦးဆောင်သည့် အစိုးရသစ် တက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် လာရောက်သည့် ခရီးစဉ်လည်း ဖြစ်သည်။
 
“ရိုဟင်ဂျာ၊ ဘင်္ဂါလီစကားများနေတဲ့ ကိစ္စမှာ အသုံးအနှုန်း နှစ်ခုစလုံးကို အန်တီတို့ မသုံးပါဘူး။ အဲဒီစကားများနေတဲ့ အသုံးအနှုန်းတွေက လက်ရှိအခြေအနေကို အကျိုးမပြုဘူးလေ။ အခုလုပ်နေတဲ့ နိုင်ငံသားစိစစ်တဲ့ ကိစ္စတွေရော ဆက်ပြီး လုပ်နေတဲ့ လုပ်ငန်းတွေကိုရော အကျိုးမပြုတဲ့အတွက် အဲဒီအသုံးအနှုန်းတွေကို ရှောင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတာပါ။ UN ရော တခြားဧည့်သည်တွေကိုပါ ဒီအသုံးအနှုန်းတွေဟာ အခုလုပ်နေတဲ့ လုပ်ငန်းတွေကို အထောက်အကူမပြုဘဲ ဆန့်ကျင်ဘက်အခြေအနေ ရောက်သွားနိုင်တဲ့အတွက် မသုံးဘူးလို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အားလုံးကို မေတ္တာရပ်ခံပြောတာပါ။ သူပြောတာကို လိုက်နာပြီး ရှောင်ရှားသုံးတဲ့ သူတွေကတော့ အန်တီတို့ တိုင်းပြည်ကို ကူညီရာရောက်တာပေါ့”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ပြောကြားသည်။ 
 
ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စယန်ဟီလီတို့ တွေ့ဆုံခဲ့သည့် ဇွန် ၂၀ ရက်တွင်ပင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra'ad al-Hussein က အစီရင်ခံစာ ထုတ်ပြန်ကာ မြန်မာနိုင်ငံတွင် ဘင်္ဂါလီများကို ခွဲခြားဆက်ဆံမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား အဆုံးသတ်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
 
ဂျနီဗာရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက မြန်မာ့လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံ၌ ဇွန် ၂၉ ရက်တွင် အစီရင်ခံစာ မတင်သွင်းမီ ဇွန် ၂၀ ရက်က ကြိုတင်ထုတ်ပြန်သည့် စာမျက်နှာ ၁၈ မျက်နှာပါ အစီရင်ခံစာတွင် Zeid Ra'ad al-Hussein က ထိုကဲ့သို့ တိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
ယင်းအစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် လူနည်းစုဘင်္ဂါလီများအပေါ် ပစ်မှတ်ထား ကျူးလွန်နေသည့် ပုံစံမျိုးတွေ့ရှိရကြောင်း၊ ၎င်းတို့၏ အခြေခံအခွင့်အရေးများကို ငြင်းပယ်ထားသည့် မူဝါဒနှင့် ဥပဒေများ အသက်ဝင်နေဆဲ ဖြစ်တာကြောင့် ၎င်းတို့အပေါ် အကြမ်းဖက်မှုများ ထပ်မံပေါ်ပေါက်လာစေရန် တွန်းအားပေးသလို ဖြစ်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra'ad al-Hussein က ပြောကြားခဲ့သည်ဟု သိရသည်။ 
 
ထို့ပြင် မေ ၃၀ ရက်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍  ဖွဲ့စည်းခဲ့ခြင်းနှင့် ပတ်သက်ပြီးလည်း ယင်းအစီရင်ခံစာတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra'ad al-Hussein က ယင်းကော်မတီများ၏ အစီအစဉ်များမှာ ရှင်းရှင်းလင်းလင်း မရှိဟု ဝေဖန်ခဲ့ကြောင်း သိရသည်။
 
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ဇွန် ၁၃ ရက်မှ ဇူလိုင် ၁ ရက်အထိ ကျင်းပနေသည့် ကုလသမဂ္ဂ (၃၂) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံ၌ ဇွန် ၁၇ ရက်က ဘင်္ဂါလီများကို ခေါ်ဝေါ်သုံးစွဲမှုနှင့် ပတ်သက်ပြီး “ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်းဟု”သုံးနှုန်းပြောဆိုရန် မြန်မာအစိုးရကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက ပြောကြားခဲ့သည်။
 
ထို့အတူ နေပြည်တော်တွင် မေ ၂၂ ရက်က ပြုလုပ်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင်လည်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင် ၂၀၁၂ခုနှစ်က အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားပြီးနောက် လူမှုအသိုင်းအဝိုင်းနှစ်ခုအကြား တင်းမာမှုများ ဆက်ရှိနေပြီး အဆိုပါအရေးကို ဖြေရှင်းရာတွင် အမည်နာမ အငြင်းပွားမှုထက် အရေးကြီးသည့်အရာများ ရှိသေးကြောင်း ပြောကြားခဲ့သည်။
 

Most Read

Most Recent