ဘီဘီစီ သတင်းထောက် ကိုနေမျိုးလင်းအား ထောင်ဒဏ် သုံးလ ချမှတ်ခံရမှုကို မန္တလေးခရိုင်တရားရုံးသို့ အယူခံတက်

ဘီဘီစီ သတင်းထောက် ကိုနေမျိုးလင်းအား ထောင်ဒဏ် သုံးလ ချမှတ်ခံရမှုကို မန္တလေးခရိုင်တရားရုံးသို့ အယူခံတက်
Published 16 June 2016

ကျောင်းသားများဆန္ဒပြ သတင်းယူစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ရုန်းရင်းဆန်ခတ် ဖြစ်မှုတွင် ဘီဘီစီသတင်းထောက် ကိုနေမျိုးလင်း (ခ) ကိုနေလင်းမှ လက်သီးဖြင့် ထိုးသည်ဟုဆိုကာ ချမ်းမြသာစည်မြို့နယ် တရားရုံးမှ ထောင်ဒဏ် သုံးလ ချမှတ်မှုအား ခရိုင်တရားရုံးသို့ ဇွန် ၁၅ ရက်က အယူခံတက်ခဲ့ကြောင်း ကိုနေလင်းဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းထံမှ သိရသည်။
 
“ကိုနေလင်းအမှုကို ဒီနေ့ အယူခံတင်ပါတယ်။ ကိုနေလင်းအနေနဲ့ ကတော့ ဒီပြစ်ဒဏ်ကို လုံးဝရှုတ်ချပြီး အယူခံမတက်လိုပေမယ့် သူ့အမျိုးသမီးက မွေးဖွားခါနီး ဖြစ်နေတဲ့အတွက် တက်ခြင်းဖြစ်ပါတယ်။ အယူခံတင်သွင်းခြင်း လက်ခံလိုက်ပြီး ၂၉ ရက်နေ့ နှစ်ဖက်ကြားနာဖို့ ပြန်လည် ချိန်းဆိုလိုက်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက အယူခံတင်သွင်းမှုနှင့် ပတ်သက်၍ ပြောကြားသည်။
 
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြသဖြင့် ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများ ပြန်လွှတ်ပေးရေးအတွက် မတ် ၂၇ ရက်တွင် ဆိုင်ကယ်များဖြင့် ဆန္ဒပြကျောင်းသားများကို ၆၄ လမ်းနှင့် ၆၅ လမ်းကြား သိပ္ပံလမ်းမပေါ်တွင် ရဲတပ်ဖွဲ့က တားဆီးရာ ကျောင်းသားနှစ်ဦး စီးနင်းလာသော ဆိုင်ကယ်တစ်စီးမှာ လဲကျသွားသဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့စဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ မျက်ခုံးကွဲဒဏ်ရာ ရရှိခဲ့သည်။
 
ထိုသို့ ရဲတပ်ဖွဲ့တစ်ဦး ဒဏ်ရာရရှိမှုမှာ ဘီဘီစီသတင်းဌာနမှ သတင်းထောက် ကိုနေမျိုးလင်း (ခ) ကိုနေလင်းက လက်သီးဖြင့် ထိုးသည်ဟုဆိုကာ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) ရဲစခန်းမှ ဒုတပ်ကြပ် ဘမော်က တရားလိုပြုလုပ်ကာ ပြစ်မှုပုဒ်မ ၃၂၃ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ ကိုနေမျိုးလင်း၏ အမှုအား ၂၀၁၅ ခုနှစ် မတ်လအတွင်းကတည်း က စတင်တရားစွဲဆိုခဲ့ရာ ၂၀၁၆ ခုနှစ် ဇွန် ၆ ရက်တွင် ချမ်းမြသာစည်မြို့နယ် တရားသူကြီး ဦးထွန်းကြည်က အပြစ်ရှိသည်ဟုဆိုကာ အလုပ်နှင့်ထောင်ဒဏ် သုံးလ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။