လက်ရှိ ဘဏ္ဍာနှစ်အတွင်း ကျွန်းနှင့် သစ်မာ ထုတ်လုပ်မှု လုံး၀ ရပ်ဆိုင်းသွားမည်ဖြစ်ပြီး လာမည့်နှစ်များတွင်လည်း ပြည်တွင်း လိုအပ်ချက် အတွက်သာ ထုတ်လုပ်မည်

လက်ရှိ ဘဏ္ဍာနှစ်အတွင်း ကျွန်းနှင့် သစ်မာ ထုတ်လုပ်မှု လုံး၀ ရပ်ဆိုင်းသွားမည်ဖြစ်ပြီး လာမည့်နှစ်များတွင်လည်း ပြည်တွင်း လိုအပ်ချက် အတွက်သာ ထုတ်လုပ်မည်
Published 15 June 2016

လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ကျွန်းနှင့် သစ်မာ ထုတ်လုပ်မှု လုံး၀ ရပ်ဆိုင်းသွားမည်ဖြစ်ပြီး လာမည့်နှစ်များတွင်လည်း ပြည်တွင်း လိုအပ်ချက် အတွက်သာ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ဇွန် ၁၃ ရက်တွင် ပြုလုပ်သော သစ်တောများ ပြန်လည် ထူထောင်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားတွင် သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။FRA ၂၀၁၅ ခုနှစ်အရ မြန်မာနိုင်ငံ ဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းတွင် သစ်တောများ ဖုံးလွှမ်းလျက် ရှိသော်လည်း သစ်တော ဖုံးလွှမ်းမှု ရာခိုင်နှုန်း လျော့နည်းလာခြင်းမှာ သစ်အလွန်အကျွံ ထုတ်လုပ်ခြင်း၊ လူဦးရေ တိုးတက် များပြားလာသည်နှင့်အမျှ မြို့ရွာများ တိုးချဲ့လာခြင်း၊ အခြား မြေအသုံးချမှု ပြောင်းလဲခြင်း၊ သစ်၊ တိုင်၊ မျော၊ ထင်း၊ မီးသွေးများ တိုးမြှင့် ထုတ်လုပ်လာခြင်းအပြင် တရားမဝင် သစ်ခိုးယူ ထုတ်လုပ်သည်လည်း တစ်ခုအပါအဝင် ဖြစ်သောကြောင့် သစ်တော သယံဇာတများ လေလွင့် ဆုံးရှုံးမှု မဖြစ်ရန် တရားမဝင် သစ်ဖမ်းဆီးရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်မှသာ မြန်မာနိုင်ငံ၏ အဖိုးတန် သစ်တောများအား စနစ်တကျ စီမံအုပ်ချုပ်နိုင်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။သဘာ၀ သယံဇာတ အရင်းအမြစ်များ ထုတ်ယူသုံးစွဲရာတွင် အကန့်အသတ်ရှိသည်နှင့် အညီ စနစ်တကျ ထုတ်ယူသုံးစွဲရန် အရေးကြီးခြင်းကြောင့် သစ်တောပြန်လည် တည်ထောင်ရေး စီမံကိန်းကို ငါးနှစ် စီမံကိန်း နှစ်ကြိမ် စုစုပေါင်း ၁၀ နှစ်စီမံကိန်းနှင့် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ထားပြီး စီမံကိန်းကာလ ပြီးဆုံးချိန်တွင် သိသာထင်ရှားသော ရလဒ်၊ နိုင်ငံတကာ အသိအမှတ်ပြု လက်ခံနိုင်သော ရလဒ်အဖြစ် မှတ်ကျောက် အတင်ခံနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။သစ်တောများ ပြန်လည် တည်ထောင်နိုင်ရေးအတွက် မြန်မာ့ကျွန်းသစ် မူရင်းဒေသ ဖြစ်သော ပဲခူးရိုးမကို ခရိုင်သစ်တောအုပ်ချုပ် လုပ်ကိုင်မှု စီမံကိန်းအဖြစ် ၁၀ နှစ်အထိ ကျွန်းနှင့် သစ်မာ ထုတ်လုပ်ခြင်း မပြုဘဲ အနားပေး ဆောင်ရွက်သွားရန် ဆွေးနွေးထားပြီး ကျန်ဒေသ အသီးသီးမှ ကျွန်းနှင့် သစ်မာများကိုလည်း သတ်မှတ်နှစ်စဉ် တောထွက်ပမာဏအောက် သိသိသာသာ လျှော့ချပြီး ပြည်တွင်း လိုအပ်ချက် အတွက်သာ ထုတ်လုပ်သွားရန် မူဝါဒ ချမှတ်ထားသည်။သစ်တောများ ပြန်လည် ထူထောင်ခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဇွန် ၁၃ ရက် နှင့် ၁၄ ရက်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent