အောက်ကျ နောက်ကျ တိုင်းပြည်

အောက်ကျ နောက်ကျ တိုင်းပြည်
Published 15 June 2016
ဒေါက်တာခင်မောင်ညို

(၁)
လွန်ခဲ့တဲ့ ရက်က ကျွန်တော်တို့ မော်လမြိုင် တက္ကသိုလ်ထွက် ကျောင်းသားဟောင်းများ တွေ့ဆုံပါတယ်။ (၁၉၆၀-၇၀ ပြည့်နှစ်က ကျောင်းသားတွေ ဖြစ်တယ်။)ဒီလို တွေ့ဆုံပွဲကို ကျွန်တော်တို့က တစ်လ တစ်ခါ ပြုလုပ်ပါတယ်။ အဲဒီလမှာ ကျရောက်တဲ့ မွေးနေ့ရှင်တွေက နံနက်စာ၊ ဒါမှမဟုတ် နေ့လယ်စာကို ကျွေးလေ့ ရှိတယ်။ တကယ်တော့ တွေ့ဆုံပွဲပါပဲ။လူကြီးတွေ အတွက်တော့ တွေ့ဆုံပွဲတွေဟာ အရေးပါတယ်။ ယနေ့ လူငယ်တွေ အတွက်တော့ Facebook ဟာ အရေးကြီးတဲ့ လူမှုကွန်ရက် ဖြစ်ပေမယ့် ကျွန်တော်တို့လို အသက်အရွယ် ကြီးလာသူတွေဟာ Facebook ကနေ တွေ့တာ နည်းပါတယ်။လူဆိုတာ လူမှုရေး သတ္တဝါ ဖြစ်တဲ့အလျောက် တွေ့ကြ ဆုံကြ နှီးနှော ဖလှယ်ကြတာဟာ တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်တယ်။ ဘယ်လောက် အသက်ကြီးကြီး သတင်း အချက်အလက်တွေကတော့ အရေးပါဆဲပါပဲ။မိတ်ဆွေ အပေါင်းအသင်း ဆိုတာ အရေးကြီးကြောင်း အားလုံး သိပါတယ်။ ဒါကို ဗုဒ္ဓက အကြိမ်ကြိမ် ဟောခဲ့ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် အများစု ရှိနေပြီး ဗုဒ္ဓ ယဉ်ကျေးမှုကို လက်ခံတဲ့ လူမှု အသိုင်းအဝိုင်းမှာ မှန်ကန်တဲ့ တိုးတက်မှုကို ရယူနိုင်ပါလျက်နဲ့ ကျွန်တော်တို့ တစ်တွေဟာ ကမ္ဘာမှာ အောက်ကျ နောက်ကျ ဖြစ်နေပါတယ်။“ခင်ဗျား အောက်ကျ နောက်ကျ ဖြစ်ချင်လား”ဒီလို မေးရင်တော့ ရယ်မှာပေါ့။ ဘယ်သူက အောက်ကျ နောက်ကျ ဖြစ်ချင်မှာလဲ။ အောက်ကျ နောက်ကျ မဖြစ်ချင်လို့လည်း ကြိုးစားကာ ပညာ ရှာတယ်။ ကြိုးစားပြီး ဥစ္စာ ရှာတယ်။ ကြိုးစားပြီး တိုးတက်ရာ တိုးတက်ကြောင်းတွေ လုပ်ကြတာပဲ မဟုတ်ပါလား။ဒါဆို တကယ်ရော ကျွန်တော်တို့ဟာ အဆင့်မြင့်နေပြီလား။ အဆင့်မြင့်တယ် ဆိုတာ ကိုယ်ဘာသာကိုယ် သတ်မှတ်လို့ မရဘူး။ ပတ်ဝန်းကျင်က သတ်မှတ်တာပါ။ 
(၂)
ကျွန်တော်တို့ဟာ အောက်ကျ နောက်ကျ ဖြစ်နေတယ်။ ချမ်းသာလား။ ဘီလျံ များစွာ ကြွယ်ဝလား။ စစ်ဗိုလ်ချုပ်ကြီးလား။ ပညာတတ်ကြီးလား။မြန်မာကဆို မသိကြတာတွေ အများကြီးပါပဲ။ သိသူတွေကလည်း ကမ္ဘာ့ အဆင်းရဲဆုံး စာရင်းထဲမှာ ပါတယ်ဆိုပြီး လူရာ မသွင်းချင်ကြဘူး။ အာဆီယံမှာတောင် အောက်က ရေတွက်ရင် နံပါတ် ၂ လောက်မှာ ချိတ်တယ်။ နှစ်ပေါင်း ၁၀၀ ကျော် ကျွန်ဖြစ်ခဲ့တယ်။သူ့ကျွန်ဘဝတုန်းက အဖိနှိပ်ခံရတယ်။ ဦးဇော်ဝိတ်ကြီးဆိုရင် မြန်မာ အစစ်ပါ။ ဒလ ကွမ်းခြံကုန်း ဘက်ကပါ။ သူဟာ အလေးမ ချန်ပီယံ ဖြစ်လာတယ်။ကမ္ဘာ့ အိုလံပစ် အားကစားပွဲမှာ ပါဝင်ဖို့ သူ့ခမျာ ပန်ချာပီ ဗောင်းထုပ်ကြီးကို ခေါင်းမှာ ပေါင်းခဲ့ရတယ်။ သူ မြန်မာအနေနဲ့ ယှဉ်ပြိုင်ခွင့် မရဘူး။ ကြိုးလည်း မကြိုးစားခဲ့ဘူးနဲ့ တူတယ်။ ဘယ်လို ဖြစ်ဖြစ် ဇော်ဝိတ်ကြီးဟာ အိန္ဒိယနိုင်ငံ ကိုယ်စားပြု ဆုတံဆိပ်တွေ ရခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီပဲ။ ပထမ ရွှေဖလားရောင် ခေါင်းပေါင်းတွေနဲ့ အစိုးရ အဖွဲ့ကို မြင်ခဲ့ရတယ်။ နောက်တော့ စစ်ဦးထုပ်တွေ ကြီးစိုးလာတယ်။ စစ်ဗိုလ်ဆောင်းတဲ့ ဦးထုပ်ကို ကားခေါင်းမှာ ထားရင် အခွင့်အရေး အတော်ရတယ်။ တော်ရုံတန်ရုံ စော်ကားမော်ကား မပြုရဲဘူး။ယနေ့ ကျွန်တော်တို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲမှာ မြင်တွေ့နေရတယ်။ အလွှာပေါင်းစုံက လွှတ်တော် ကိုယ်စားလှယ်တွေ မြန်မာခေါင်းပေါင်းတွေနဲ့ လွှတ်တော်ထဲ ဝင်လာတဲ့ ခရီးကို ကျွန်တော် ပီတိ ဖြစ်ခဲ့ပါတယ်။ဒါက အဝတ်အစားပါ။ အနှစ်အသားတွေ အများကြီး လိုပါသေးတယ်။ ကျွန်တော်တို့ အများကြီး ကြိုးစားရပါဦးမယ်။ 
(၃)
ကျွန်တော်တို့ တွေ့ဆုံပွဲမှာ ကျောင်းသားဟောင်း တစ်ယောက်က သူ ၁၉၆၀ ပြည့်နှစ် လွန်မှာ စင်ကာပူ ရောက်သွားတာကို ပြောပြတယ်။“စင်ကာပူဟာ တကယ်တော့ Swamp တွေနဲ့ ပြည့်နေတဲ့ နေရာဗျ။ လမ်းကောင်းကောင်းတွေ မြောင်းကောင်းတွေတော့ ရှိတယ်။ ဒါပေမဲ့ ယနေ့ခေတ် အမြင်နဲ့ ကြည့်ရင်တော့ စုတ်ပြတ်နေတာပဲ၊ လူတွေဟာ ကားလမ်းမကြီး နံဘေးမှာ ချေးပါနေကြတယ်”သူပြောတော့ နားထောင်တဲ့ လူတွေ အံ့သြသွားကြတယ်။“အင်မတန် သန့်ရှင်း လှပပြီး စိမ်းလန်းတယ်။ Green and Clean ရယ်လို့ ကြွေးကြော်နေတဲ့ နိုင်ငံဟာ တစ်ချိန်က ဒီလိုပဲလား”“ဒါကတော့ စင်ကာပူ ဝန်ကြီးချုပ် လီကွမ်ယူတောင်မှ သူရဲ့ မိန့်ခွန်းထဲမှာ နောက် အနှစ် ၃၀ အတွင်း ရန်ကုန်ကို အမီလိုက်မယ်လို့ ကတိပေးကြောင်း ပြောသွားသေးတာပဲ မဟုတ်လား”“ဟုတ်လို့လား”“ဟာ၊ ဒီလို ပြောတာ သေချာတယ်။ ခင်ဗျားလိုပဲ၊ ကျွန်တော့်သားဟာ ဒီလိုပြောတာကို မယုံဘူး။ ခုသူ စင်ကာပူမှာ ကျောင်းသွားတက်တော့ ကျွန်တော့်ဆီ ဖုန်းဆက်တယ်။ သူက အဖေရေ စာကြည့်တိုက်သွားတော့ လီကွမ်ယူ မိန့်ခွန်းဟောင်းတွေကို ဖတ်ရတယ်။ အဲဒီထဲမှာ အဖေပြောတာ ပါတယ်တဲ့”“အင်း သူတို့က ရန်ကုန်ကို ကျော်တက်သွားတာပေါ့ မဟုတ်လား”“မဟုတ်ဘူး။ ကျွန်တော်တို့က နောက်ပြန်ဆုတ်သွားတာ”သူငယ်ချင်းတွေနဲ့ ဆွေးနွေးရတာ အရသာ ရှိလှတယ်။ သူတို့ မမီလိုက်တဲ့ ကိုလိုနီခေတ်က အကြောင်းတွေကို သူတို့ မိဘတွေ ပြောတာ ကြားဖူးကြပါတယ်။ရန်ကုန်မြို့ မြောင်းတွေက ရေတွေ ကြည်နေတာပဲ၊ နောက်ဖေး လမ်းကြား ဆိုတာ ညနေဘက် ထွက်ထိုင်လို့ ရတယ်။ ညဘက်ဆို လမ်းတွေကို ရေတွေနဲ့ ဆေးတယ်။ ခုဆိုရင် လမ်းပေါ်က ဖုန်တွေ၊ ကတ္တရာ အမှုန့်တွေဟာ အိမ်ထဲ နေ့စဉ် ဝင်ရောက်နေတယ်။အင်္ဂလန် နောက်ဖေး (Backyard) တွေ မှာလို လက်ဖက်ရည် ပါတီ (Tea Party) တွေ လုပ်လို့ ရတယ်။ ဘယ်သူမှ တိုက်ပေါ်က အမှိုက်တွေ ပစ်မချဘူး။ လမ်းပေါ် အမှိုက် မချဘူး။ စင်ကာပူလိုလည်း ဒဏ်မတပ်ပါဘူး။ ကွမ်းသွေး ဗရပွလည်း မထွေးကြပါဘူး။လွမ်းစရာပါပဲ။ 
(၄)
“တစ်ချိန်က တောင်ကိုးရီးယားလည်း ဒီလိုပဲ၊ ကျွန်တော်တို့လိုပဲ ညစ်ပတ်တယ်၊ ဆင်းရဲတယ်”“ဟင် ဟုတ်ပါ့မလား”အိုပါးတို့ တောင်ကိုရီးယားကို မြန်မာတွေ အတော် အထင်ကြီးကြတယ်။ အထူးသဖြင့် ရုပ်ရှင်ထဲမှာ လှပ သာယာနေတဲ့ မြို့ကြီးကို မြင်နေရတယ် မဟုတ်လား။“၁၉၆၀ ပြည့်နှစ် အလွန်တွေကို ပြောတာပါ။ တောင်ကိုးရီးယားဟာ စစ်ဒဏ်ကို အကြီးအကျယ် ခံရတဲ့ နိုင်ငံပါ။ တစ်ခေတ်က ဂျပန်က သိမ်းထားတယ်။ နောက် ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်နဲ့ အမေရိကန်တို့ရဲ့ စစ်တလင်း ဖြစ်ခဲ့တယ်။ ပြီးတော့ တောင် နဲ့ မြောက် စစ်ပွဲတွေ ဖြစ်တယ်”“ဟုတ်တယ်။ ကျွန်တော်တို့ ငယ်ငယ်က ကိုးရီးယားစစ်ပွဲ ဆိုတာကို ကြည့်လိုက်ရတယ်”“တောင် နဲ့ မြောက်ကိုးရီးယားဟာ စစ်ပြေငြိမ်း စာချုပ်လည်း တိတိကျကျ မရှိခဲ့ဘူး။ နယ်ခြားကိုသာ သတ်မှတ်တယ်၊ မြောက်ကိုးရီးယား ကွန်မြူနစ်ပေါ့”“ဟုတ်တယ်လေ၊ သူက နျူကလီယား လက်နက်တောင် ရှိတယ်လို့ ဆိုတယ်”“အဲဒီ အချိန်က တောင်ကိုးရီးယားဟာလည်း ဆင်းရဲတော့ ဆိုရှယ်လစ် လိုလိုနဲ့ အာဏာရှင်က အုပ်ချုပ်တာပဲ။ ၁၉၆၀ ပြည့်နှစ် အလွန်မှာ ရောက်သွားတဲ့ အမေရိကန်တစ်ယောက် တောင်ကိုးရီးယားအကြောင်း ရေးထားတာကို ကျွန်တော် ဖတ်ဖူးတယ်။ ဒီအကြောင်း ပြောပြချင်လို့ပါ”“ပြောပါ”“တောင်ကိုးရီးယားမှာ လမ်းမီးတွေလည်း မှိန်နေတယ်၊ မီးအား မပြည့်ဘူး။ တစ်ခါတစ်ခါ ခွေးဟောင်သံကို ကြားရတယ်။ ဒါပေမဲ့ ခွေးဟာလည်း အာဟာရ မပြည့်ရှာဘူး။ ကျယ်ကျယ်တောင် မဟောင်နိုင်ရှာဘူး။ လမ်းပေါ်မှာ လူတွေဟာ စုတ်ပြတ်နေတဲ့ အဝတ်အစားတွေနဲ့ သွားနေကြတယ်။ သားသားနားနား မရှိကြဘူး။ သူတို့ဟာ စားဖို့ သောက်ဖို့ အတွက် ဆံပင်ကို ဖြတ်ရောင်းနေကြရတယ်”“တစ်ချိန်က ကျွန်တော်တို့ဆီလည်း ဒီလိုပဲလေ၊ လမ်းတွေမှာ ဆံပင်တွေ လိုက်ဝယ်နေတာပဲ”“ဟုတ်ပါတယ်၊ စားရမဲ့ သောက်ရမဲ့ ဖြစ်နေတဲ့ ကိုးရီးယားပေါ့။ သူတို့ အတော်လေး ရုန်းကန်နေရတယ်”“အဲဒီ အချိန်မှာ ကျွန်တော်တို့ မြန်မာ နိုင်ငံဟာ အတော်လေး ကြွယ်ဝနေသေးတယ် မဟုတ်လား”“ဟုတ်ပါတယ်။ မြန်မာနိုင်ငံဟာ စစ်ဒဏ်ကို ခံလိုက်ရပေမယ့် စိုက်ပျိုးရေးနိုင်ငံ အနေနဲ့ ထိပ်ပိုင်းမှာ ရှိနေပါတယ်။ ဂျပန်တို့ သီရိလင်္ကာတို့ကိုတောင် ဆန်တွေ လှူတယ်။ နိုင်ငံရေးမှာဆိုလည်း ကမ္ဘာ့ကုလသမဂ္ဂ ခေါင်းဆောင် Secretary General ဟာ မြန်မာ ဖြစ်ခဲ့တယ်”“ပန်းတနော်သား ဦးသန့် မဟုတ်လား”“ဟုတ်ပါတယ်၊ ဒါပေမဲ့ ၁၉ဂဂ ရောက်တော့ တစ်မျိုး ဖြစ်သွားတယ်။ မြန်မာနိုင်ငံမှာ ပြည်သူတွေဟာ ဆင်းရဲလွန်းလို့ ဆန္ဒတွေ ပြတယ်။ ဂဂ အရေးတော်ပုံ ဖြစ်ခဲ့တယ်။ အဲဒီ အချိန်မှာ ကိုးရီးယားဟာ ချမ်းသာနေပြီ၊ Soul မြို့မှာ အိုလံပစ်ပွဲ ကျင်းပနိုင်ပြီ”“ခုက ကမ္ဘာ့ထိပ်တန်းနိုင်ငံ စာရင်းဝင်တဲ့ နိုင်ငံ ဖြစ်နေပြီပဲ”“ဒီလိုဖြစ်တာကို အမေရိကန် စာရေးဆရာက သုံးသပ်ပြထားတယ်။ တောင်ကိုးရီးယားနိုင်ငံ ချမ်းသာလာတာ အာဏာရှင် ခေါင်းဆောင်တွေဟာ အာဏာ စွန့်လိုက်လို့ပဲတဲ့”“ဒီအတိုင်း စွန့်လိုက်တာလား”“ဘယ်ဟုတ်ပါ့မလဲ၊ အကြိမ်ကြိမ် ဆွေးနွေးရတယ်။ ခေါင်းဆောင်တွေလည်း ထောင်သွင်း အကျဉ်းချ ခံရတယ်။ လုပ်ကြံ ခံရတာတွေလည်း ရှိတယ်။ ခု တောင်ကိုးရီယား သမ္မတရဲ့ ဖခင်တောင် အဲဒီ အချိန်က လုပ်ကြံ ခံရတယ်”“ကျွန်တော်လည်း ကြားဖူးပါတယ်၊ အမေလည်း လုပ်ကြံ ခံရတယ်တဲ့” 
(၅)
ကျွန်တော်တို့ ဆွေးနွေးပွဲလေးဟာ အရှိန်အဟုန် ကောင်းလာနေပါတယ်။ သူငယ်ချင်းတွေ စိတ်ပါ လက်ပါ ဆက်ဆွေးနွေးကြတယ်။“ကြီးကျယ်လာဖို့ ပေးဆပ်ရတာတွေ အများကြီးပေါ့၊”“ပေးဆပ်ရပါတယ်။ ကြိုးစားရတာတွေလည်း အများကြီးပဲ၊ အဓိက,ကတော့ စိတ်ဓာတ် ရှိရတယ်။ ကမ္ဘာမှာ မြန်မာဟာ အောက်ကျ နောက်ကျ ဖြစ်တာကနေ ရုန်းထွက်ဖို့ စိတ်ဓာတ်ကလည်း အရေးကြီးတယ်။ အစီအမံလည်း အရေးပါတယ်”“လူအများ ပါဝင်ဖို့လည်း လိုတာပေါ့”“လူတွေ ပါဝင်ဖို့ အဓိက ကျတယ်၊ ဒီလူတွေဟာ အမြင်ကျယ်ဖို့ လိုတယ်”“အမြင်ကျယ်ဖို့ ပညာတတ်ရမယ်ပေါ့ ဟုတ်လား”“ပညာတတ်ရုံတင် မကဘူး။ စာတွေလည်း ဖတ်ရမယ်။ အတွေးအမြင်တွေ ကြည်လင်ရမယ်။ ပြီးတော့ ဝီရိယပေါ့လေ။ ဒါကလည်း အရေးပါတယ်။ ကိုယ့်ကိုယ်ကိုယ် မညာနဲ့ မညှာနဲ့”“ကျွန်တော်ကတော့ ခေါင်းဆောင်တင် မကဘူး။ ပြည်သူတွေလည်း အရေးပါတယ်လို့ ယူဆတယ်”“အေးဗျာ၊ ကျွန်တော် ပြောချင်တဲ့ အချက်ကို အားလုံး ထောက်ခံတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ အားလုံးဟာ အောက်ကျ နောက်ကျ မဖြစ်လိုကြဘူး။ နောက်ပြီး အောက်ကျ နောက်ကျတဲ့ တိုင်းပြည်သားလည်း မဖြစ်ချင်ကြဘူး။ ဒီအတွက် နည်းလမ်း ရှိတယ်၊ အားလုံး ပါဝင်ကြဖို့ပါပဲ”

Most Read

Most Recent