စမ်းချောင်းမြို့နယ်တွင် တက္ကသိုလ်ကထိက ဆရာမတစ်ဦးအား ဓားဖြင့် ထိုးခဲ့သည့် ၎င်း၏ ရည်းစားဆိုသူကို တစ်ပတ်ကျော်ကြာအထိ ဖမ်းမမိသေး

စမ်းချောင်းမြို့နယ်တွင် တက္ကသိုလ်ကထိက ဆရာမတစ်ဦးအား ဓားဖြင့် ထိုးခဲ့သည့် ၎င်း၏ ရည်းစားဆိုသူကို တစ်ပတ်ကျော်ကြာအထိ ဖမ်းမမိသေး
Published 12 June 2016
ပြည့်ဖြိုးအောင်

စမ်းချောင်းမြို့နယ်တွင် တက္ကသိုလ်ကထိက ဆရာမတစ်ဦးအား  ဓားဖြင့်ထိုးခဲ့သည့် ၎င်း၏ ရည်းစားဆိုသူကို တစ်ပတ်ကျော် ကြာအထိ ဖမ်းမမိသေးကြောင်း ဇွန် ၁၂ ရက် တွင် သက်ဆိုင်ရာ ရဲစခန်းမှစုံစမ်းသိရသည်။
 
“ကျူးလွန်သူကို သူ့ရဲ့မိဘတွေက လာအပ်မယ်ပြောတယ်။ လောလောဆယ် လာမအပ်သေးဘူး။ သူ ဝင်တတ်ထွက်တတ်တဲ့ နေရာတွေကို သတင်းအစအန ရအောင် စုံစမ်းနေပါတယ်။ သူ့ရဲ့မိဘတွေဘက်ကလည်း ရှာပြီးတော့ လာအပ်မယ်ဆိုတော့ နယ်ထိန်းတွေနဲ့ စောင့်တော့ ကြည့်နေပါတယ်။ ကျူးလွန်သူကို ဖမ်းဆီးဖို့ စုံစမ်းဆောင်ရွက်နေပါတယ်”ဟု စမ်းချောင်းမြို့မရဲစခန်း မှ ရဲအရာရှိတစ်ဦးက ဇွန် ၁၂ ရက်နံနက်ပိုင်းတွင် ပြောကြားသည်။
 
ဇွန် ၄ ရက် ညနေ ၅ နာရီခန့်က စမ်းချောင်းမြို့နယ် ညောင်တုန်းလမ်းတွင် မြောက်ဒဂုံမြို့နယ်နေ ပခုက္ကူတက္ကသိုလ် လက်ထောက် ကထိကဖြစ်သူ အသက်(၄၂)နှစ် အရွယ် အမျိုးသမီးသည် ၎င်း၏ ရည်းစားဟုဆိုသော ဗဟန်းမြို့နယ်နေ နည်းပညာတက္ကသိုလ် ပထမနှစ်ကျောင်းသား ဖြစ်သည့် ကို---- (၁၈) နှစ်နှင့်အတူ လမ်းလျှောက်လာစဉ် စကားများကြရာမှ ကို----- (၁၈) နှစ်က အရှည် တစ်ပေခန့်ရှိ ဓားဖြင့်ထိုးခဲ့ပြီး ကျွန်းတောလမ်းအတိုင်း ဗားကရာလမ်းဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
 
ယင်းသို့ ဓားထိုးခံရမှုကြောင့် တက္ကသိုလ်ကထိက ဆရာမမှာ ဝမ်းဗိုက်နှင့် ဆီးခုံထိုးသွင်း ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေရကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
 
အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူအား စမ်းချောင်းမြို့မရဲစခန်းက (ပ)၁၉၈/၂၀၁၆ ပြစ်မှု ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်နေကြောင်း သိရသည်။