အရက်သောက်ရင်း စကားများ ရန်ဖြစ်ခဲ့သည်ကို မကျေနပ်၍ အိမ်ပေါ်တက်ပြီး ဓားဖြင့်ခုတ်မှု တွံတေးမြို့နယ်တွင် ဖြစ်ပွား

အရက်သောက်ရင်း စကားများ ရန်ဖြစ်ခဲ့သည်ကို မကျေနပ်၍ အိမ်ပေါ်တက်ပြီး ဓားဖြင့်ခုတ်မှု တွံတေးမြို့နယ်တွင် ဖြစ်ပွား
Published 8 June 2016
သီဟအောင်

အရက်သောက်ရင်း စကားများ ရန်ဖြစ်ခဲ့သည်ကို မကျေနပ်သဖြင့် နေအိမ်ပေါ်သို့ တက်၍ ဓားဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း ဇွန် ၈ ရက်တွင် တွံတေးမြို့မ ရဲစခန်းမှ စုံစမ်း သိရသည်။ဇွန် ၇ ရက် ညနေ ၆ နာရီကျော်ခန့်တွင် တွံတေးမြို့နယ် ရေတွင်းကုန်းကျေးရွာ အုပ်စု ဝိုင်းချောင်းကျေးရွာနေ ဦးသန်းဌေး (၅၄ နှစ်) သည် ထမင်းစားနေစဉ် သဖန်းတောကျေးရွာ အုပ်စုတွင် နေထိုင်သည့် ဦးဌေးဝင်း (၅၁ နှစ်) ရောက်လာပြီး လယ်ကွင်းထဲတွင် အရက် အတူသောက်ရင်း စကားများခဲ့သည်ကို မကျေမနပ်ဖြစ်ကာ ဦးသန်းဌေးအား ဓားဦးချွန်ဖြင့် ထိုးခဲ့ပြီး ဖျန်ဖြေသည့် ဦးသန်းဌေး၏သား သန်းထိုက်ဦးအား  ဓားဖြင့် ထပ်မံထိုးခဲ့သည်။ယင်းသို့ ဓားဖြင့် အထိုးခံရသဖြင့် ဦးသန်းဌေးတွင် ဝဲနံရိုးအောက် ထိုးသွင်းဒဏ်ရာ ရရှိကာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ပြီး သားဖြစ်သူမှာ ယာနံရိုးအောက် ထိုးသွင်းဒဏ်ရာ ရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။“ဓားနဲ့ ထိုးသွားတဲ့သူကို လိုက်လံ ဖမ်းဆီးနေပါတယ်။ ဓားနဲ့ အထိုးခံရတဲ့ သူရဲ့ အခြေအနေကတော့ နည်းနည်း ကောင်းမွန်လာပါပြီ” ဟု ခလောက်ချိုက်နယ်မြေ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ဆိုသည်။ ဖြစ်စဉ်အား ခလောက်ချိုက်နယ်မြေ ရဲစခန်းက (ပ) ၅၆/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်ထားသည်။