စတော့ဈေးကွက် ကမောက်ကမဖြစ်စေရန် FMI နှင့် သီလဝါရှယ်ယာများကို ဈေးကစားသူများ ရှိနေပြီး ထိုသို့ ဈေးကစားနေသူများအား ဥပဒေအရ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

စတော့ဈေးကွက် ကမောက်ကမဖြစ်စေရန် FMI နှင့် သီလဝါရှယ်ယာများကို ဈေးကစားသူများ ရှိနေပြီး ထိုသို့ ဈေးကစားနေသူများအား ဥပဒေအရ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ
Published 1 June 2016
အေးမြတ်မွန်

စတော့ဈေးကွက် ကမောက်ကမဖြစ်စေရန် FMI နှင့် သီလဝါရှယ်ယာများကို ဈေးကစားနေသူများ ရှိနေပြီး ထိုသို့ ဈေးကစားနေသူများအား ဥပဒေအရ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း Yangon Stock Exchange မှ သိရသည်။ရန်ကုန်စတော့အိတ်ချိန်းအတွင်း Market order ဖြင့် စတော့ဝယ်ယူရန် စာရင်းသွင်းပြီး အော်ဒါပိတ်ချိန် နီးကာမှ အော်ဒါ ဖြုတ်ချကာ ဈေးကွက်ကမောက်ကမ ဖြစ်အောင် လုပ်ဆောင်နေသူများအား Securities Exchange Law အရ စုံစမ်းစစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။“တချို့လူတွေက ဈေးကွက်ကို manipulate လုပ်နေတာတွေ ရှိတယ်။ ဆိုတာက ဈေးကွက်ကို ကြိုးကိုင်ပြီးတော့ ဈေးကွက်ကို ကစားနေတယ်လို့ ယူဆတယ်။ တင်ထားတဲ့ အော်ဒါကို ဈေးဖြစ်ကာနီး နှစ်မိနစ်လောက်အလို၊ သုံးမိနစ်လောက် အလိုတို့မှာ cancel လုပ်ပစ်လိုက်တာပေါ့။ ကိုယ်တင်ထားတဲ့ အော်ဒါကို ပြန် cancel လုပ်တော့ ဥပမာဈေးကွက်က မြင့်မယ်ဆိုရင် မြင့်မယ့်ဈေးရောက်မှ သူက order cancel လုပ်လိုက်တော့ ဈေးကကျသွားရော။ နောက်ကျမယ်ဆိုပြီးမှ သူက order cancel လုပ်လိုက်မှ ဈေးက ပြန်တက်တာတွေ အဲဒီလိုဈေးကွက် ကမောက်ကမ ဖြစ်အောင်လုပ်တဲ့လူတွေ ရှိနေတယ်။ အဲဒီလိုလူတွေ ရှိနေတာလည်းကို စုံစမ်းတွေ့ရှိရတယ်။ ကျွန်တော်တို့ Securities Exchange Law အရ တရားဥပဒေကြောင်းအရ အရေးယူသွားမယ်” ဟု ရန်ကုန်စတော့အိတ်ချိန်းမှ အမှုဆောင်အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးက ပြောကြားသည်။အလားတူ ဇွန် ၁ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်းမှ ယင်းကဲ့သို့ ဈေးကွက် ကမောက်ကမဖြစ်စေရန် ပြုလုပ်နေသူများကို Securities Exchange Law ၏ ပုဒ်မ ၅၄ နှင့် ၆၀ တို့အရ အရေးယူသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။“ Securites ကုမ္ပဏီတွေအနေနဲ့လည်း အဲဒီလိုလူတွေ ရှိလာရင် စနစ်တကျ စောင့်ကြည့်ပါ။ သဘောရိုး မဟုတ်ဘဲ ကြိမ်ဖန်များစွာ လုပ်နေရင် securities exchange law အရ သူတို့ကို အရေးယူမယ်။ အခုက စတော့စာရင်းဝင် ကုမ္ပဏီနှစ်ခုလုံးမှာ အဲဒီလို လုပ်နေတယ်။ အပြင်လူတွေက လုပ်တာလို့တော့ ယူဆရတယ်။ သူတို့ကလုပ်တဲ့ ပမာဏက ရှယ်ယာ အစု ၄၊ ၅ ထောင်လောက်ကို တင်ပြီး အရောင်းအဝယ် ပိတ်ချိန်မှ ပြန်ဖျက်တာတွေပေါ့။ ဆိုလိုတာက သဘောရိုးနဲ့ အော်ဒါဖျက်လို့ ရတယ်။ဥပမာ- FMI အစု ၃၀၀ ဝယ်မယ်ပေါ့။ ၂၇၀၀၀ ပေါက်ဈေးနဲ့ ဝယ်မယ်ပေါ့။ ပြီးမှ စိတ်ပြောင်းပြီး ၂၇၀၀၀ နဲ့ မဝယ်ဘူး။ ၂၆၀၀၀ နဲ့ ဝယ်မယ်။ အဲဒီအတွက် အော်ဒါကို cancel လုပ်ပေးပါဆို ရတယ်။ အချိန်တိုင်း တမင်လုပ်နေတာဆိုရင် ဒီလူကို ကျွန်တော်တို့က နောက်ယောင်ခံလိုက်ပြီးတော့ စုံစမ်းပြီး ဥပဒေအရ အရေးယူလို့ ရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ရန်ကုန်စတော့အိတ်ချိန်းတွင် စတော့ရှယ်ယာရောင်းချခွင့်ရ ကုမ္ပဏီနှစ်ခုလုံး၏ စတော့တန်ဖိုးနှင့် အရောင်းအဝယ်များ ဆက်တိုက်ကျဆင်းလာချိန်တွင် ယခုကဲ့သို့ ဈေးကွက် ကမောက်ကမဖြစ်စေသူများကို အရေးယူမည့် ကြေညာချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ရန်ကုန်စတော့အိတ်ချိန်း အရောင်းအဝယ်ပြုလုပ်ချိန် Trading Session နှစ်ပိုင်းရှိကာ ဈေးကွက်ဖွင့်ချိန် နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ (ပထမအပိုင်း) နှင့် ဈေးကွက်ပိတ်ချိန် ၁ နာရီအထိကို(ဒုတိယအပိုင်း) ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။ 

Most Read

Most Recent