ရပ်ကွက်အုပ်ချူပ်ရေးမှူးကို လူနှစ်ဦးက ဓားဖြင့် ဝိုင်းဝန်းခုတ်၍ သေဆုံးခဲ့မှု တောင်ဒဂုံ၊ ၁၄၀ ရပ်ကွက်တွင် ဖြစ်ပွား

ရပ်ကွက်အုပ်ချူပ်ရေးမှူးကို လူနှစ်ဦးက ဓားဖြင့် ဝိုင်းဝန်းခုတ်၍ သေဆုံးခဲ့မှု တောင်ဒဂုံ၊ ၁၄၀ ရပ်ကွက်တွင် ဖြစ်ပွား
Published 30 May 2016
မင်းသိန်းနိုင်၊ သီဟအောင်

ရပ်ကွက်အုပ်ချူပ်ရေးမှူးကို လူနှစ်ဦးက ဓားဖြင့် ဝိုင်းဝန်းခုတ်၍ သေဆုံးခဲ့မှု တောင်ဒဂုံ၊ ၁၄၀ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ မေ ၃၀ ရက်တွင် စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ မေ ၂၉ ရက် ည ၉ နာရီခန့်က တောင်ဒဂုံမြို့နယ်၊ ၁၄၀ ရပ်ကွက်နေ ဦးသောင်းထိုက်သည် ၎င်း၏ စတိုးဆိုင်တွင် ရှိနေစဉ် ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇော်ဝင်းမှာ သောင်းထိုက်ဟုခေါ်ပြီး ဝင်လာရာ ၎င်းနောက်မှ ကျော်လင်းနိုင် (ခ) ဂျပန်ကြီး (၂၅) နှစ်နှင့် ဘိုလင်း၊ အောင်မြင့်ဦးတို့မှာ ဓားကိုယ်စီ ကိုင်ဆောင် ရောက်ရှိလာပြီး ဦးဇော်ဝင်းကို ဓားဖြင့်ဝိုင်းခုတ်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။      
"မီးတွေပြတ်နေတဲ့ အချိန်မှာ အုပ်ချုပ်ရေးမှူးက ကျွန်တော့် ဆိုင်ထဲကို ပြေးဝင်လာတယ်။ နောက်ကနေ လူနှစ်ယောက်က ဝင်လာပြီး ဓားနဲ့ လိုက်ခုတ်တယ်။ ကျွန်တော့်ဆိုင်မှာက ကလေးတွေရှိတော့ ထိမှာစိုးလို့ ရှောင်နေလိုက်တာပေါ့။ မီးပျက်နေတော့ ဘာတွေဘယ်လို ဖြစ်သွားလဲ မသိလိုက်ဘူး။ ဖြစ်သွားတဲ့အချိန်က သုံးမိနစ်လောက်ဘဲကြာတယ်။ ပြီးတော့ ဝင်ထိုးတဲ့နှစ်ယောက်က အပြင်ကို ပြန်ထွက်သွားတယ်။ အထိုးခံရတဲ့ အုပ်ချုပ်ရေးမှူးကို သွားကြည့်တော့ သွေးတွေ ထွက်နေတာ တွေ့တဲ့အတွက် ပုဆိုးတွေနဲ့ ပတ်ပြီးတော့ ဆေးရုံကို ပို့လိုက်ပါတယ်" ဟု အခင်းဖြစ်ပွားခဲ့သည့်ဆိုင်မှ ဆိုင်ပိုင်ရှင်ဖြစ်သူက ပြောကြားသည်။
ဂျပန်ကြီးတို့ ထွက်ပြေးသွားစဉ် ဦးသောင်းထိုက်က ဦးဇော်ဝင်းအား အကျိုးအကြောင်း မေးမြန်းခဲ့ရာ ည ၇ နာရီခွဲခန့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားစဉ် ၁၄၀ ရပ်ကွက်၊ သိန်းတစ်ရာ လမ်းမပေါ်၌ ကျော်လင်းနိုင် (ခ) ဂျပန်ကြီးပါ သုံးဦးက အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ကြိမ်းမောင်းနေသဖြင့် ဝင်ရောက် တားမြစ်ခဲ့ကြောင်း၊ ယင်းသို့တားမြစ်သည်ကို မကျေနပ်သောကြောင့် ကိုင်ဆောင်လာသည့် ဓားများဖြင့် နောက်မှ လိုက်ခုတ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးသောင်းထိုက်၏ အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သေဆုံးသူ၏ ဇနီးက ပြောကြားရာတွင် "ကျွန်မယောင်္ကျားနဲ့ ကျွန်မက ဆိုင်ကယ်စီးပြီး ပြန်လာတာ။ ပြန်လာတော့ ဆိုင်ကယ်တစ်စီး ကျော်တက်ပြီး ရှေ့မှာ လဲကျသွားတယ်။ လဲကျပြီး အဲ့နားမှာ ရန်ဖြစ်နေတာကို တွေ့တော့ ကျွန်မယောင်္ကျားက ဝင်ဆွဲတယ်။ အဲ့တာကို မကျေနပ်လို့ ကျွန်မယောင်္ကျားကို သူတို့က ဓားနဲ့လိုက်ခုတ်တယ်။ ကျွန်မယောင်္ကျား စတိုးဆိုင်ထဲကို ဝင်ပြေးသွားတာဘဲ တွေ့လိုက်ပါတယ်" ဟု ပြော ကြားသည်။
ယင်းသို့ ဓားဖြင့် အခုတ်ခံရသဖြင့် ဦးဇော်ဝင်းမှာ ဘယ်ဘက် နို့အုံဘေး ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ဝဲလက်ညိုး ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
"ဖြစ်စဉ်က ကျူးလွန်သူတွေကို ဖမ်းမမိသေးပါဘူး။ လိုက်လံဖမ်းဆီးနေပါတယ်" ဟု တောင်ဒဂုံမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း (၅၇) နှစ်မှာ လွန့်ခဲ့သည့် နှစ်လခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖြစ် ရွေးချယ်ခံခဲ့ရပြီး နာမည်ပျက် မရှိကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်မခံရမှီကာလ အတွင်းလည်း ရပ်ကွက်အကျိုး သယ်ပိုးဆောင်ရွက်သူ တစ်ဦးဖြစ်ကြောင်း ယင်းရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူများအား (ပ)၇၉၉/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရန် စုံစမ်းနေကြောင်းသိရသည်။
အလားတူ မေ ၁၆ ရက် ညပိုင်းက တောင်ဒဂုံမြို့နယ်၊ ၇၁ ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် နေထိုင်သည့် စာရေးဆရာ ကိုကျော်သူရနိုင်ကို တစ်လမ်းတည်းနေ အမျိုးသားနှစ်ဦးက ဓားဖြင့်ဝိုင်းခုတ်မှု ဖြစ်ပွားခဲ့သဖြင့် စာရေးဆရာ ကိုကျော်သူရနိုင်မှာ သေဆုံးသွားခဲ့ပြီး ကျူးလွန်သူ နှစ်ဦးအနက် တစ်ဦးကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။