ဦးသိန်းစိန်အစိုးရ လက်ထက်မှာ မကြာခဏ ထုတ်ပြန်လေ့ရှိတဲ့ ထုတ်ပြန်ချက် တစ်ခုရှိပါတယ်။ အဲဒါကတော့ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်ခြင်း မရှိတဲ့ စက်မှုဇုန်မြေတွေကို ပြန်သိမ်းမယ်ဆိုတဲ့ အကြောင်း သတိပေးတဲ့ ထုတ်ပြန်ချက်ပါ။ ဒါပေမဲ့ ငါးနှစ်သက်တမ်းသာ ကုန်သွားတယ်။ ဖြစ်မလာခဲ့ပါဘူး။လက်ရှိမှာလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က စက်မှုဇုန်တွေထဲက မြေကွက်ပိုင်ရှင်တွေကို သတိပေးလိုက်ပြန်ပါပြီ။ အဲဒါကတော့ ခြောက်လအတွင်း အကောင်အထည် ဖော်ဆောင်မှု မရှိရင် မြေပြန်သိမ်းမယ်ဆိုတဲ့ သတိပေးချက်ပါ။ အရင်အစိုးရလိုပဲ တကယ်မလုပ်ဘဲ လေသံပစ်တာလား၊ တကယ် လုပ်သွားမှာလား ဆိုတာကတော့ နောက်ခြောက်လမှာ အဖြေပေါ်မှာပါ။တကယ်ဆိုရင် ဒီတစ်ပတ်ရဲ့ စီးပွားရေး သတင်းတွေဟာ လယ်သမားတွေအပေါ် ပြောဆိုလိုက်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူရဲ့ “လယ်သမားများဟာ ငွေကိုချေးတယ်။ အလွယ်တကူ သုံးတယ်။ မိမိရဲ့ လယ်ယာမြေကို တိုးတက်အောင် ဆောင်ရွက်ချင်တဲ့ စိတ်ဓာတ်တွေ မရှိပါဘူး” ဆိုတဲ့ စကားရယ်၊ လယ်သမားတွေကို ကျပ် ငါးသောင်းပိုထုတ်ချေးဖို့ ကျပ်ဘီလျံ ၅၀၀ ကို ဗဟိုဘဏ်က ရိုက်ထုတ်မယ်ဆိုလို့ မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းခဲ့တဲ့ လှုပ်ခတ်မှုတွေ ရှိခဲ့တဲ့ ရက်သတ္တပတ် ဖြစ်သလို အရင် လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင် လက်ထက်မှာ နိုင်ငံ့ဘဏ္ဍာ နစ်နာခဲ့တယ် ဆိုနိုင်တဲ့ နိုင်ငံပိုင် စက်ရုံတွေ၊ မြေတွေ လွှဲပြောင်းခဲ့မှု သတင်းတွေနဲ့ စည်ကားခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြည်နယ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပြီး မြေယာ သိမ်းဆည်းမှုတွေ ရပ်ဆိုင်းထားရေး ညွှန်ကြားချက်တွေ လိုက်နာ ဆောင်ရွက်ကြဖို့ မှာကြားတာတွေနဲ့ သတင်းတွေ ဝေဆာခဲ့တဲ့ ရက်သတ္တပတ်ပါ။ ဒါပေမဲ့ ဒီသတင်းတွေကိုကျော်ပြီး အမြန်ဆုံး လုပ်သင့်တဲ့ သတင်းတွေကိုပဲ ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်အဖြစ် ဖော်ပြလိုက်ပါတယ်။အရေးမယူနိုင်သေးတဲ့ စက်မှုဇုန် မြေကွက်လွတ်ရန်ကုန်တိုင်း ဒေသကြီး အတွင်းက စက်မှုဇုန် မြေကွက်တွေရဲ့ အသုံးချမှု အခြေအနေကို ကွင်းဆင်း စစ်ဆေးနေပြီး စက်မှုဇုန်တွေကို ခြောက်လအတွင်း မလုပ်ကိုင်ရင် ပြန်လည် သိမ်းယူမှာဖြစ်ပြီး ယခင်အစိုးရက ထုတ်ပြန်ခဲ့တဲ့ အမိန့်အတိုင်း ဆက်လက် လုပ်ဆောင်မယ်လို့ ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မေ ၂၆ ရက်မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးမှာ ပြောကြားပါတယ်။“စက်မှုဇုန် ၂၉ ဇုန်ကို အစဉ်အလိုက် အဖွဲ့လေးဖွဲ့ခွဲပြီး မေ ၁၉ ရက်မှ စတင်၍ စစ်ဆေးနေပြီ ဖြစ်ပါတယ်။ ထိုသို့ စစ်ဆေးတဲ့အခါ စက်မှုဇုန်များမှာ အမှန်တကယ် စက်ရုံတည်ဆောက်ပြီး စက်မှု ကုန်ထုတ်လုပ်ငန်း လုပ်ရမှာဖြစ်တဲ့ အတွက် အမှန်တကယ် စက်ရုံများ တည်ဆောက်ပြီး လည်ပတ်နေတဲ့ စက်ရုံများ ရှိပါတယ်။ အချို့က သိမ်းမှာစိုးတဲ့အတွက် ဂိုဒေါင်များဆောက်ပြီး ပစ္စည်း သိုလှောင်တာမျိုး၊ ငှားစားတာမျိုးလည်း ရှိပါတယ်။ အချို့သော မြေကွက်များကတော့ ဘာမှမလုပ်တဲ့ မြေကွက်လပ်လွတ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့သည် စက်မှုဇုန်များ၏ မြေကွက် အသုံးချမှု အသေးစိတ်ကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ကွင်းဆင်း စစ်ဆေးမှု အခြေအနေများမှ ရရှိလာသော အချက်အလက်များနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မေ ၂၄ ရက် အထိ စစ်ဆေးပြီးတဲ့ စက်မှုဇုန်တွေက လှိုင်သာယာ စက်မှုဇုန် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇ နဲ့ ငွေပင်လယ်ဇုန်နှင့် ရွှေလင်ပန်းဇုန် စုစုပေါင်း ကိုးဇုန်ရှိပြီ ဖြစ်ပါတယ်” လို့ ဒေါ်နီလာကျော်က ဆိုပါတယ်။စက်မှုဇုန်တွေရဲ့ အခြေအနေမြန်မာနိုင်ငံမှာ စက်မှုဇုန်တွေကို ၁၉၉၅ ခုနှစ်က စတင် ဖွဲ့စည်းပေးခဲ့ပြီး အရေအတွက်အားဖြင့် ၂၁ ခု ရှိနေပါတယ်။ ဒီစက်မှုဇုန်တွေမှာ ဆိုရင် လုပ်ငန်း မဆောင်ရွက်တဲ့ မြေကွက်လွတ် ထောင်နဲ့ချီ ရှိနေပြီး ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ်မှာ အများဆုံး ဖြစ်နေပါတယ်။တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် စက်မှုဇုန် ဖော်ထုတ်ပြီးတဲ့ မြေကွက် ၃၇၀၇၆ ရှိပေမယ့် လုပ်ငန်း မဆောင်ရွက်တဲ့ မြေကွက်လွတ်ဟာ ၇၁၉၄ ကွက်အထိ ရှိနေပါတယ်။ဒီလိုလုပ်ငန်း မဆောင်ရွက်တဲ့ မြေကွက်လွတ် ၇၀၀၀ ကျော်မှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းက စက်မှုဇုန်တွေမှာ မြေကွက်လွတ် ၂၀၀၀ ကျော်နဲ့ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်း ဒေသကြီး အတွင်းက စက်မှုဇုန်တွေက မြေကွက်လွတ် ၁၀၀၀ ကျော်စီ ရှိနေပါတယ်။စက်မှုဇုန်တွေမှာ မြေကွက်လွတ်တွေ ဘာ့ကြောင့် ရှိနေတာလဲ ဆိုရင်တော့ ရေ၊ မီး၊ လမ်းပန်း ဆက်သွယ်ရေး မပြည့်စုံမှုကြောင့် စက်ရုံ မတည်ရဲ ဖြစ်နေတာကို ရာခိုင်နှုန်း ၂၀ လောက် လက်ညှိုးထိုးရမှာဖြစ်ပြီး ကျန်တဲ့ ရာခိုင်နှုန်း ၈၀ အတွက်ကိုတော့ မြေဈေးကစားဖို့ ချုပ်ကိုင်ထားတဲ့သူတွေကိုပဲ လက်ညှိုးထိုးရမှာ ဖြစ်ပါတယ်။ရန်ကုန်မြို့က စက်မှုဇုန်တွေရဲ့ ရာခိုင်နှုန်း ၄၀ ဟာ လုပ်ငန်း မလုပ်ကိုင်ဘဲ မြေကွက်လွတ်ဖြစ်နေပြီး စက်မှုမြေကွက်တွေကို ကုမ္ပဏီတစ်ခု၊ တစ်ယောက်တည်းကသာ ချုပ်ကိုင်ထားတယ်လို့ ရန်ကုန်မြို့ပြ စီမံကိန်း ပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားထားပါတယ်။ဒီလို အခြေအနေတွေဟာ စက်မှုဇုန်တွေမှာ ကျူးကျော်တွေအတွက် မြေကွက်လွတ်တွေရှာမယ့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအတွက် ထည့်သွင်း စဉ်းစားစရာ ဖြစ်လာမှာ ဖြစ်သလို ရန်ကုန်မြို့ရဲ့ စက်မှုဇုန် မြေကွက်လွတ်တွေကဆိုရင် စက်မှုဇုန် ၂၉ ခုမှာ မြေကွက်လွတ် ၂၃၃၉ ကွက် နဲ့ အလုပ်မလုပ်တဲ့ ဂိုဒေါင် ၁၂၉၉ လုံးအထိ ရှိနေပြီး စုစုပေါင်း ဧကဟာဆို ၄၄၁၈ ဧကကျော် ရှိနေပါတယ်။ ဒီလို စက်မှုဇုန် မြေကွက်လွတ်တွေကို အလုပ်မလုပ်ရင် ပြန်သိမ်းမယ်လို့လည်း ယခင် ဒုသမ္မတ ဦးဉာဏ်ထွန်းက ၂၀၁၅ နှစ်ဆန်းပိုင်းမှာ ပြောကြားထားပါတယ်။ ဒါပေမဲ့ တကယ် မလုပ်နိုင်ခဲ့ပါဘူး။ ဒီမြေကွက်လွတ် အများစုက အခုအချိန်အထိ အလုပ်မလုပ်ကြဘဲ မြေကွက်လွတ် အတိုင်းသာ ရှိနေဆဲမို့ ဦးဖြိုးမင်းသိန်း နေစရာ ပေးချင်နေတဲ့ ကျုးကျော်အိမ်ရာအတွက် ဥပဒေအရ အကောင်းဆုံး အဖြေရှာနိုင်မယ့် အခြေအနေ ဖြစ်နေပြီးတော့ ဈေးကစားဖို့ စောင့်နေတဲ့ စက်မှုဇုန် မြေကွက်တွေကိုလည်း သိမ်းသင့်နေပါပြီလို့ တိုက်တွန်းချင်ပါတယ်။ဖားကန့်ရဲ့ ပြဿနာ အမြန်ဆုံး အဖြေရှာပါစည်းကမ်းမဲ့ ကျောက်စိမ်း တူးဖော်နေတဲ့ ကုမ္ပဏီတွေကို စုံစမ်း စစ်ဆေးပေးဖို့ ပိတ်သိမ်းပေးဖို့နဲ့ လွတ်လပ်တဲ့ ကော်မရှင် ဖွဲ့စည်းဖို့ NLD အစိုးရသစ်ကို တောင်းဆိုပါတယ်လို့ တောင်းဆိုမှုပြုခဲ့ပြီး တကယ်လို့သာ NLD အစိုးရက စည်းကမ်းမဲ့ ကျောက်စိမ်း တူးဖော်မှုတွေ၊ စည်ကမ်းမဲ့ မြေစာပုံတွေ ပြိုကျလို့ လူသေဆုံးရမှုတွေကို မဖော်ထုတ်ဘူး ဆိုရင်တော့ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အနေနဲ့ ဒေသခံတွေ ပါဝင်တဲ့ လွတ်လပ်သော ဖားကန့်ကျောက်စိမ်း တူးဖော်မှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒီကော်မရှင် အတွက်လည်း ဒေသခံတွေက စီစဉ် ဆောင်ရွက်ပြီးဖြစ်တဲ့အတွက် လက်ရှိမှာ အစိုးရရဲ့ လုပ်ဆောင်မှုတွေကို စောင့်ကြည့်နေပါတယ်လို့ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးလမောင်လတောင်က ဆိုပါတယ်။“အစကတော့ ဟိုဟာလုပ်မယ်၊ ဒီဟာလုပ်မယ် ပြောထားပြီးတော့ လက်တွေ့ကျတော့ ဘာမှမလုပ်တော့ ဒီအစိုးရကလည်း ဘယ်လိုလဲပေါ့။ ဒီလိုဆိုရင်တော့ အရင်အစိုးရနဲ့ ဘာမှမထူးဘူးပေါ့။ အခု အကြီးစားတို့၊ အသေးစားတို့ လေလံစနစ်ပေးမယ် ဆိုတော့ ခရိုနီတွေ အတွက်ပဲ အခွင့်အရေး ပေးသလို ဖြစ်နေမှာပေါ့။ ဘာမှမရှိတဲ့ ဌာနေသားတွေအတွက် ဘာမှမျှော်လင့်ချက် မရှိဘူး။ ဒီအစိုးရလည်း ဘာမှမထူးဘူးလို့ မြင်ပါတယ်” လို့ ဦးလမောင်လတောင်က ဆိုပါတယ်။ကုမ္ပဏီတွေရဲ့ မြေစာပုံ ပြိုကျမှုတွေကို ထိထိရောက်ရောက် စစ်ဆေး အရေးမယူနိုင်သေးတဲ့ အခြေအနေမှာ မိုးရာသီ နီးကပ်လာပြီဖြစ်လို့ မကြာခင် ကျောက်စိမ်း တူးဖော်မှုတွေ ရာသီကုန်တော့မှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာကိုပဲ ရာဇဌာနီ (မြန်မာတကောင်း) ကုမ္ပဏီပိုင် ကုန်တင်ကားအစီး ၁၁၀ ခန့်က ယမ်းတန်ချိန် ၂၀၀၀ လောက် တင်ဆောင်ပြီး ဖားကန့်ကို ရောက်လာတဲ့အတွက် ဝေဖန်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။“ယမ်းတွေတင်လာတဲ့ ကားကို ဖားကန့်မြို့ဝင်ခါနီးမှာ တွေ့ပါတယ်။ စုံစမ်းကြည့်တော့ ပြည်ထောင်စု အစိုးရက တရားဝင် ခွင့်ပြုထားတယ်လို့ သိရတယ်။ ကားအစီးရေ ၁၁၀ ရှိ ပြီး ယမ်းတန်ချိန် ၂၀၀၀ လောက် ရှိတယ်လို့ ပြောပါတယ်။ အဲဒီယမ်းတွေဟာ ရာဇဌာနီ ကုမ္ပဏီ တစ်ခုတည်းကလို့ သိရတယ်။ ဒါဟာအင်မတန် များပြားလွန်းတဲ့ ပမာဏပါ။ ထိန်းချုပ်ဖို့ လိုပါတယ်။ အခုကအားလုံး အနေနဲ့ ကြားသိပြီးသားပဲ။ ပြည်ထောင်စုဝန်ကြီးက ကျောက်တူးဖော်တဲ့ လုပ်ငန်းတွေကို နောက်ထပ် သက်တမ်း မတိုးပေးတော့ဘူး။ လုပ်နေတဲ့ဟာတွေကိုလည်း ရပ်နားထားဖို့အတွက်ကို ညွှန်ကြားထားတယ် ဆိုပါတယ်။ အခုဟာက ဖားကန့်ဒေသကလည်း တည်ငြိမ်အေးချမ်းမှု မရှိဘူးလို့ အားလုံးက သိထားတဲ့ အနေအထားပေါ်မှာ ယမ်းတွေက ရှောင်တခင်ကြီး ဝင်ရောက်လာတယ်ဆိုတော့ ကျွန်တော့်အနေနဲ့ အင်မတန်မှ အံ့သြစရာအဖြစ် မြင်တွေ့ရပါတယ်” လို့ ဖားကန့် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ဆိုပါတယ်။နဂိုကမှ တည်ငြိမ်မှု မရှိတဲ့ ဒေသမှာ ဒေသခံတွေ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်သာ ပေါ်ပေါက်လာရင် ပိုပြီးတော့ ပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့အတွက် လက်ရှိ အစိုးရ အနေနဲ့ စည်းကမ်းမဲ့ တူးဖော်နေတဲ့ ကုမ္ပဏီတွေကို ထိန်းချုပ်ဖို့နဲ့ လူသေဆုံးမှုတွေအတွက် အမြန်ဆုံး စစ်ဆေးပေးပါလို့ အကြံပြုရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။
လက်ဝါးကြီးအုပ်ထားတဲ့ စက်မှုဇုန်မြေတွေ တကယ် သိမ်းမှာလား။ ဖားကန့်ကို ကယ်တင်ဖို့ အမြန်ဆုံး လုပ်ဖို့လိုပြီ










