စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ရက် ၁၀၀ အတွင်း ပြည်ပသို့ တင်ပို့ရန် ကန့်သတ်ထားသော ပို့ကုန်အချို့ကို ပြန်လည်ဖြေလျှော့ခွင့် ပြုမည်ဖြစ်ပြီး လိုင်စင်လျှောက်ထားရန် မလိုသော သွင်းကုန်အမျိုးအစားများ ထပ်မံခွင့်ပြု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ပို့ကုန်သွင်းကုန်ရုံးတွင် လိုင်စင်လျှောက်ထားသည့် အခါတွင် နေပြည်တော်နည်းတူ ပြင်ဆင်ဖြေလျှော့ ပေးသွားမည်ဖြစ်ပြီး ပြည်ပကိုတင်ပို့ရန် ကန့်သတ်ထားသည့် ပို့ကုန် ၁၂ မျိုးအနက် အချို့ကို ဖြေလျှော့တင်ပို့ခွင့် ပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။
ပြောင်းလဲလာသည့် ခေတ်ကာလ အခြေအနေအရ ပြည်ပကိုတင်ပို့ခွင့်မပြုသည့် ကုန်ပစ္စည်း ၁၂ မျိုးအနက် ပန်းနှင်းဆီ (မုန် ညင်း၊ မုန်ညင်းဆီ)၊ နေကြာ၊ နေကြာဆီသုံး မျိုးကို ပြည်ပတင်ပို့ရန် ဦးစွာဖြေလျှော့ပေး သွားမည့်အပြင် ကျန်ကုန်ပစ္စည်းများထဲမှ အချို့ကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနဆိုင်ရာများနှင့် ထပ်မံဖြေလျှော့နိုင်ရန် ဆက်လက်ညှိနှိုင်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ ပြည်ပမှတင်သွင်းလာသည့် ကုန်ပစ္စည်း H.S code Line ၁၀၀၀ ကျော်ထဲမှ ၄၄၀၀ ခန့်ကိုသာ သွင်းကုန်လိုင်စင် လျှောက်ထားရန် သတ်မှတ်ထားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးကာ ကျန်ရှိသည့် H.S code Line ၄၄၀၀ ထဲမှ ထောက်ခံချက် ရယူရန် မလိုအပ်သည့် အချို့လိုင်းများကို ထပ်မံဖြေလျှော့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရက် ၁၀၀ အတွင်း နယ်စပ်ဒေသမှ ဒေသခံ ကုန်သည်ငယ်များအတွက် တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင်ကတ် (Individual Trading Card-ITC) နှင့် တစ်ရက်လျှင် ကျပ်သိန်း ၂၀ နှုန်းဖြင့် ငါးရက်စာ တစ်ကြိမ် ကျပ်သိန်း ၁၀၀ ခွင့်ပြုပေးရာမှ တစ်ရက်လျှင် ကျပ်သိန်း ၃၀ နှုန်းဖြင့် ငါးရက်စာ ကျပ်သိန်း ၁၅၀ အထိ တိုးမြှင့်ဆောင်ရွက်ခွင့် ပြုသွားမည်ဖြစ်သည်။
ရက် ၁၀၀ အတွင်း အွန်လိုင်းစနစ် အပြည့်အ၀ သုံးစွဲနိုင်ရေးစနစ်ကို ထောက်ခံချက်ရယူရန် မလိုသည့် ကုန်ပစ္စည်းများနှင့် လက်ခစား အထည်ချုပ် လုပ်ငန်းများအတွက် လျှောက်ထားမှုများကို ဦးစွာဆောင်ရွက်ရန် စီစဉ်ထားသည်။ လိုင်စင်လျှောက်ထားရာတွင် အင်တာနက်ရရှိသည့် မည်သည့်နေရာမှမဆို ရုံးကိုလာရောက်ရန် မလိုဘဲ ရယူနိုင်ပြီး ငွေပေးချေခြင်း၊ ထောက်ခံချက်စစ်ဆေးခြင်း၊ အချက်အလက် လုံခြုံမှု စသည့်စနစ်များကို ထည့်သွင်း ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။
ပြည်ပတင်ပို့ရန် ကန့်သတ်ထားသော ပို့ကုန်အချို့ကို ပြန်လည်ခွင့်ပြု သွားမည်ဖြစ်ပြီး လိုင်စင်လျှောက်ထားရန် မလိုသော သွင်းကုန်အမျိုးအစား များကိုလည်း ထပ်မံခွင့်ပြုပေးမည်










