ဒီတစ်ပတ်ရဲ့ စီးပွားရေး သတင်းတွေမှာ အရင်အစိုးရ အဆက်ဆက် ကြားနေကျ ဝါဒဖြန့် သီချင်းဖြစ်တဲ့ ‘စီးပွားရေး ပိတ်ဆို့တာတို့ မမှုပါ၊ သယံဇာတတွေ ပေါတဲ့မြေ’ သီချင်းကို ပြန်လည် အမှတ်ရစရာ အခြေအနေနဲ့ပါ။ ဘာ့ကြောင့်လဲဆိုတော့ ဒီတစ်ပတ်မှာ အမေရိကန်ရဲ့ မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ဖြေလျှော့ခဲ့တာ သို့မဟုတ် ထပ်မံ တင်းကျပ်ခဲ့တဲ့အပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ‘စီးပွားရေး ပိတ်ဆို့တာ မြန်မာနိုင်ငံအပေါ် မထိခိုက်ပါဘူး’ လို့ စစ်အစိုးရ အဆက်ဆက် ဝါဒဖြန့်ခဲ့တဲ့ စကားကို ပြောခဲ့တာကြောင့်ပါ။စီးပွားရေး ပိတ်ဆို့တာ မမှုခဲ့လို့လည်း မြန်မာနိုင်ငံမှာ ရှိသမျှ သယံဇာတတွေဖြစ်တဲ့ သစ်တောတွေ၊ ကျောက်စိမ်းတွေ၊ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့တွေဟာ အနည်းဆုံးဈေးနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံကို တရားမဝင် ခိုးထွက်ခဲ့သလို ဘဏ္ဍာရေးပိုင်းဆိုင်ရာ ပိတ်ဆို့မှုကြောင့် စင်ကာပူလို မလေးရှားနိုင်ငံလို နိုင်ငံတွေဟာ မြန်မာနိုင်ငံရဲ့ တစ်ဆင့်ခံ ပွဲစားနိုင်ငံ အဖြစ်နဲ့ ချမ်းသာကြွယ်၀ သွားခဲ့ပါပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံကတော့ သယံဇာတတွေရော လူတွေရဲ့ ကောင်းတဲ့အကျင့် စရိုက်တွေရောပါ စီးပွားရေး ပိတ်ဆို့မှုအောက်မှာ အဂတိ လိုက်စားမှု အများဆုံးနိုင်ငံ၊ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု အဆိုးဆုံး နိုင်ငံစတဲ့ အကျိုးသက်ရောက်မှုတွေ ခံစားခဲ့ရပါတယ်။ သေချာတာကတော့ မြန်မာနိုင်ငံသား အားလုံးဟာ စစ်အာဏာရှင်တွေ ဝါဒဖြန့်ခဲ့တဲ့ စီးပွားရေး ပိတ်ဆို့တာတို့ မမှုပါဆိုတဲ့ စကားနဲ့ ရှိသမျှ သယံဇာတတွေ ထိုးကျွေးနေရတဲ့ အခြေအနေကို စိတ်ကုန်နေပါပြီ။အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှု ဖြေလျှော့ပြီဆိုနိုင်လားအမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အရေးယူ ပိတ်ဆို့မှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို ပြင်ဆင်ခြင်း၊ တစ်သီးပုဂ္ဂလ ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှု (SDN) အောက်မှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေကို ပြင်ဆင် သတ်မှတ်ခြင်းနဲ့ ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုအောက်မှာ ရှိနေတဲ့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေကို ဖယ်ရှား သတ်မှတ်ခြင်း လုပ်ငန်းတွေကို မေ ၁၇ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်အရ နိုင်ငံတော်ပိုင် လုပ်ငန်း ခုနစ်ခုဖြစ်တဲ့ မြန်မာ့သစ်လုပ်ငန်း၊ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ အမှတ် (၁) သတ္တုတွင်း လုပ်ငန်း၊ အမှတ် (၂) သတ္တု တွင်း လုပ်ငန်း၊ အမှတ် (၃) သတ္တုတွင်း လုပ်ငန်းနဲ့ သမဝါယမ ပို့ကုန်သွင်းကုန် လုပ်ငန်းတွေကို SDN စာရင်းထဲက ဖယ်ရှားပေးခဲ့ပါတယ်။ ဒါ့အပြင် SDN စာရင်းထဲက နိုင်ငံတော်ပိုင် ဘဏ်သုံးခုဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှု ဘဏ်နှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေး ဘဏ်တွေကိုလည်း ဖယ်ရှားပေးခဲ့ပါတယ်။ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို အဟန့်အတား ဖြစ်စေသူတွေ၊ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အလွဲသုံးစား ပြုလုပ် ကျူးလွန်သူတွေ ဒါမှမဟုတ် မြောက်ကိုရီးယားနဲ့ စစ်ရေးကူးသန်းမှုမှာ ဆက်နွှယ်နေသူတွေကို ပစ်မှတ်ထား ချမှတ်ထားတဲ့ SDN စာရင်းမှာပါတဲ့ သူတွေက ရာခိုင်နှုန်း ၅၀ နဲ့ အထက်ပိုင်တဲ့ ကုမ္ပဏီတွေကို SDN စာရင်းအတွင်းမှာ ထပ်မံဖြည့်ခဲ့ပြီး SDN စာရင်းမှာ ပါဝင်တဲ့ စတီဗင်လော (ဦးထွန်းမြင့်နိုင်) နဲ့ သူ့ရဲ့ Asia World စီးပွားရေး လုပ်ငန်းစုက ရာခိုင်နှုန်း ၅၀ နဲ့ အထက်ပိုင်တဲ့ ကုမ္ပဏီတွေအဖြစ် Asia Mega Link Services Co., Ltd., Pioneer Aerodrome Services Co., Ltd., GreenAsia Services Co., Ltd. နှင့် Global World Insurance Co., Ltd. နဲ့ Shwe Nar Wah Co.,Ltd. တွေဟာ စတီဗင်လော (ဦးထွန်းမြင့်နိုင်) နဲ့ သူရဲ့ Asia World စီးပွားရေး လုပ်ငန်းစုက ရာခိုင်နှုန်း ၅၀ နဲ့ အထက် ပိုင်ဆိုင်တယ်လို့ ဖော်ထုတ် သိရှိရတဲ့အတွက် ဒီကုမ္ပဏီတွေကို SDN စာရင်းမှာ ထပ်မံ ထည့်သွင်းခဲ့ပါတယ်။ တကယ်ဆို ဒီနှစ် အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုမှာ SDN စာရင်းကနေ ကင်းလွတ်ခွင့်ရမယ်လို့ မျှော်လင့်နေသူတွေ အများကြီးပါ။စီးပွားရေး ပိတ်ဆို့တာ တို့မမှုပါအမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှု သက်တမ်း တိုးမြှင့်ခြင်းနဲ့ ပတ်သက်တဲ့ သဘောထားကို Channel News Asia သတင်းဌာနက မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က “တစ်စုံတစ်ရာ အကြောင်းပြချက် တစ်ခုကြောင့်သာ အရေးယူ ပိတ်ဆို့မှုတွေ ဆက်ရှိနေတာပါ။ အချိန်တန်ရင်တော့ အဲဒီ အကြောင်းပြချက်တွေ ဖယ်ရှားသွားမှာပါ။ ဒါဟာ (အရေးယူ ပိတ်ဆို့မှု သက်တမ်းတိုးခြင်း) ပြဿနာကြီး တစ်ခုမဟုတ်သလို ကျွန်မတို့ (မြန်မာနိုင်ငံ) ကို ထိခိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒီအချိန်မှာ အရေးယူ ပိတ်ဆို့မှု သက်တမ်းတိုးခြင်း သာမက ဘယ်အတားအဆီး တွေပဲဖြစ်ဖြစ် ကျော်ဖြတ်ဖို့ ကျွန်မတို့မှာ နည်းလမ်းတွေ၊ ခွန်အားတွေ ရှိပါတယ်” လို့ ဆိုခဲ့ပါတယ်။တကယ်ဆိုရင် နိုင်ငံပိုင် ဘဏ်တွေကို စီးပွားရေး ပိတ်ဆို့မှုက ဖယ်ပေးလိုက်လို့ နိုင်ငံတကာနဲ့ ငွေကြေးကဏ္ဍ ကူးလူး ဆက်ဆံရေးမှာ ပိတ်ဆို့မှု ဆက်ပြီးခံနေရတဲ့ ပုဂ္ဂလိကပိုင် ဘဏ်တွေနဲ့ တပ်မတော်နဲ့ ဆက်နွှယ်နေတဲ့ ဘဏ်တွေကလွဲလို့ ကြားပွဲစားတွေ လိုအပ်တော့မှာ မဟုတ်သလိုမျိုး နိုင်ငံတော်ပိုင် လုပ်ငန်းတွေဖြစ်တဲ့ သတ္တုတွင်း လုပ်ငန်းတွေနဲ့ ကျောက်မျက်တွေ ပုလဲ ထုတ်လုပ်ရေး လုပ်ငန်းတွေဟာ အရင်တုန်းကလို တရုတ်နိုင်ငံကို ကမ္ဘာ့ပေါက်ဈေးထက် အဆပေါင်းများစွာ နည်းတဲ့ နှုန်းထားနဲ့ တရားဝင်ရော တရားမဝင်ပါ ရောင်းချနေရတဲ့ အနေအထားက ကင်းလွတ်ပြီး မြန်မာ့သယံဇာတတွေ အောက်ဈေးနဲ့ ရောင်းစရာ မလိုတော့ဘူးလို့ ထင်စရာပါ။အမြန်ဆုံး ပြင်ဆင် ဖွဲ့စည်းရမယ့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဂတိ လိုက်စားမှုကို ဦးစားပေး တိုက်ဖျက်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာခဲ့တဲ့ အစိုးရ လက်ထက်မှာ လာဘ်ပေးလာဘ်ယူမှုတွေကို အရေးယူရာမှာတော့ အရင်အစိုးရတွေ တုန်းကလိုပဲ ညောင်မြစ်တူးရင် ပုတ်သင်ဥပေါ်မှာ ကြောက်နေတဲ့ ပုံစံနဲ့ပဲ စာဖြင့် သတိပေးတယ် ဆိုတာမျိုး၊ လစာတိုး တစ်နှစ် ရပ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ အရေးယူ နေပါသေးတယ်။မေ ၁၂ ရက် ရက်စွဲနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာနက လာဘ်ပေး လာဘ်ယူမှုနဲ့ ဆက်နွှယ်နေတဲ့ ဝန်ထမ်းတွေကို အရေးယူရာမှာ သာမန်သာ အရေးယူခဲ့တာ တွေ့ရပါတယ်။ ဖြစ်စဉ်ကတော့ မော်တော်ယာဉ် တင်သွင်းရာမှာ Model Year တွေကို စစ်ဆေးတဲ့အခါ တာဝန် မကျေပွန်တာနဲ့ မော်တော်ယာဉ် လေးစီးရဲ့ Note Down မှာ ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တဲ့ အကောက်ခွန် ဦးစီးဌာနက အကောက်ခွန်မှုးနဲ့ ဒုအကောက်ခွန်မှူးကို ရာထူးတိုး တစ်နှစ်ဆိုင်းငံ့ ပြစ်ဒဏ်သာ ချမှတ်ခဲ့ပြီး မော်တော်ယာဉ် တင်သွင်းရာမှာ လိမ်လည် ပြင်ဆင်ခြင်းနဲ့ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခဲ့တဲ့ လက်ထောက် ညွှန်ကြားရေးမှူးနဲ့ အကောက်ခွန်မှူးနှစ်ဦး အပါအဝင် သုံးဦးကို စာဖြင့် သတိပေး ပြစ်ဒဏ်နဲ့ နှစ်တိုးလစာ တစ်နှစ် ရပ်ဆိုင်းခြင်း ပြစ်ဒဏ်သာ အကောက်ခွန် ဦးစီးဌာနက ချမှတ်ခဲ့မှုပါ။ဒါ့အပြင် လတ်တလောမှာ ဆိုရင်လည်း အကောက်ခွန် ဦးစီးဌာနရဲ့ ညွှန်ချုပ်တစ်ဦးကို ဖားကန့်မှာ ယာဉ်ယန္တရားတွေ တင်သွင်းရာမှာ လာဘ်စားမှု ဖြစ်စဉ်တွေနဲ့ ခွင့်ပြုချက် မရရှိဘဲ တင်သွင်းမှုကြောင့် ရာထူးက အနားပေး ခဲ့ပါသေးတယ်။အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို ဦးစားပေး လုပ်ဆောင်မယ်လို့ ကြွေးကြော်သံနဲ့ တက်လာခဲ့တဲ့ NLD အစိုးရ အနေနဲ့ ဒီလိုလာဘ်စားမှုတွေကို စနစ်တကျနဲ့ ထိထိရောက်ရောက် အရေးယူနိုင်ပါစေလို့ ပြည်သူကြားက ပြည်သူတစ်ဦး အနေနဲ့ပဲ ဆုတောင်းရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။
မြန်မာနိုင်ငံကို ထိခိုက်ခြင်း မရှိဘူးဆိုတဲ့ အမေရိကန် ပိတ်ဆို့မှုနဲ့ အမြန်ဆုံး ပြင်ဆင် ဖွဲ့စည်းရမယ့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်










