ပြောင်းလဲပေမယ့် မပြောင်းလဲသေးတဲ့မြို့

ပြောင်းလဲပေမယ့် မပြောင်းလဲသေးတဲ့မြို့
Published 17 May 2016
ရဲခေါင်မဲမောင်

နည်းပညာရဲ့ သားကောင်တွေ အထဲမှာ သားကောင် တစ်ကောင်အဖြစ် ကျွန်တော်လည်း ပါဝင်နေပုံ ရပါတယ်။ စင်ကာပူမှာ အလုပ် သွားလုပ်နေတဲ့ လူငယ်လေး တစ်ယောက်နဲ့ ကျွန်တော် ဖေ့ဘွတ်ခ် စာမျက်နှာပေါ်မှာ ခင်မင် သိကျွမ်းခဲ့ရပါတယ်။ သူက မြန်မာပြည် ပြန်လာပြီး အလှူတစ်ခု လုပ်မယ်။ ဆရာ လာဖြစ်အောင် လာခဲ့ပါ။ လမ်းစရိတ်၊ နေဖို့ထိုင်ဖို့ အားလုံး တာဝန်ယူပါတယ်လို့ တဖွဖွ ပြောတာကြောင့် အားနာနာနဲ့ အဲဒီ လူငယ်ကလေးရဲ့ အလှူကို သွားဖြစ်ခဲ့လိုက်တယ်လေ။သူနေတဲ့ ရွာကလေးက ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာ တည်ရှိပါတယ်။ ပန်းတောင်း-တောင်ကုတ်လမ်းပေါ်မှာ ရှိတဲ့ ရွာကနေ အတွင်းဘက် တစ်မိုင်လောက် ဝင်လိုက်ရုံနဲ့ ရောက်ပါတယ်။ ဒီရွာကလေးကို မရောက်ဖူးပေမယ့် နယ်မြေကိုတော့ ကျွန်တော် မစိမ်းပါဘူး။ အဲဒီ ပန်းတောင်း တောင်ကုတ် လမ်းပေါ်မှာပဲ ရှိတဲ့ ညောင်ခြေထောက်စခန်းက စက်ရုံ တစ်ရုံမှာ ၁၅ နှစ်လောက် ကျွန်တော် အလုပ်လုပ်ခဲ့ဖူးတာကိုး။စီးလာတဲ့ ကားက နဝဒေးတံတားကြီးပေါ်က ဖြတ်နေတဲ့ အချိန်မှာ ၁၉၇၅-၉၀ ခုနှစ် ကာလတွေကို ပြန်ပြီး ကျွန်တော် သတိရသွားပါတယ်။ အဲဒီ အချိန်တွေက အခုလို ဧရာဝတီ မြစ်ကူးတံတားကြီး မရှိသေးတော့ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာ နေထိုင်ကြတဲ့ လုပ်သား ပြည်သူတွေဟာ ပြည်မြို့နဲ့ ပြည်ကမှ တစ်ဆင့် အခြား မြို့ရွာတွေကို သွားချင်တယ် ဆိုရင် ဧရာဝတီကို မော်တော်၊ စက်လှေတွေနဲ့ ဖြတ်ကူးကြရပါတယ်။ ကားတွေကတော့ အရပ်အခေါ် ဇက်ကလပ်လို့ခေါ်တဲ့ ကားတင်မော်တော်၊ သင်္ဘောတွေနဲ့ ကူးကြရတာပေါ့။ အစိုးရပိုင် ‘ဧရာမင်းသား’၊ ‘ဧရာမင်းသမီး’ နဲ့ အရပ်ဘက်ပိုင် ‘ပန်းတောင်း မင်းသား’၊ ‘ပန်းတောင်း မင်းသမီး’ ဇက်ကလပ်တွေ ပြေးဆွဲကြပါတယ်။ သမတောင်နဲ့ အခြား မော်တော်တွေက ဆင်တဲ-ပြည် တစ်ခေါက်ကူးခ တစ်ကျပ် ပေးရပါတယ်။အဲဒီ အချိန်က ဆင်တဲကမ်းနဲ့ ပန်းတောင်းမြို့ဟာ အတော်ကို စည်ကားပါတယ်။ တောင်ကုတ်မြို့နဲ့ တောင်ကုတ်ကနေ တစ်ဆင့် ရခိုင်ပြည်နယ် အတွင်းကို တင်ပို့မယ့် ကုန်စည်ကားတွေ၊ ရခိုင်ပြည်နယ်က ဆင်းလာတဲ့ လူစီးနဲ့ ကုန်တင်ကားတွေ၊ ငပလီ အပန်းဖြေသွားမယ့် ကားတွေကြောင့် ကုန်သည်တွေနဲ့ ခရီးသည်တွေ အမြဲလိုလို ပြည့်နေပြီး လှုပ်လှုပ်ရှားရှားနဲ့ စည်စည်ကားကား ရှိပါတယ်။ နဝဒေးတံတားကြီး ဆောက်လုပ်ပြီးစီးသွားတဲ့ နောက်မှာတော့ ပေါ်ပေါက်လာတဲ့ လမ်းသစ်ဟာ ဆင်တဲနဲ့ ပန်းတောင်းကို မြို့ပြင်ပတ်လမ်းအဖြစ် ရှောင်ကွင်းသွားပြီး ပန်းတောင်းမြို့အလွန် ခ.လ.ရ (၉၂) အနီးမှာ ပြန်ထွက်သွားတာကြောင့် ဆင်တဲနဲ့ ပန်းတောင်းမြို့တွေဟာ ခြောက်ကပ် ပိန်လှီ သွားကြပါပြီ။နဝဒေး တံတားကြီး အပေါ် ကားက ဖြတ်မောင်းနေတုန်း ဒီတံတားကြီးအောက်မှာ ၂၀၁၃ ခုနှစ် ဧပြီလက အကြမ်းဖက် လုယက် သတ်ဖြတ်ခံရတဲ့ ချစ်သူစုံတွဲကလေး တစ်တွဲကို ကျွန်တော် သတိရသွားခဲ့ပါတယ်။ ချစ်သူ နှစ်ဦး သာယာကြည်နူး ပျော်မြူးနေကြတုန်း လူသုံးယောက် ရောက်လာပြီးတဲ့ နောက်မှာတော့ သူတို့ နှစ်ဦးရဲ့ ကမ္ဘာကလေး ပျက်စီး သွားခဲ့ရပါတယ်။ ယောက်ျားလေးဖြစ်သူက သေဆုံးသွားခဲ့ရပြီး မိန်းကလေးကတော့ မသေရုံတစ်မည် ရိုက်နှက် ထိုးကြိတ် ခံလိုက်ရပါတယ်။ အော်သံ ဟစ်သံတွေကြောင့် တံတားအနီး ပြည်သူတွေက ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြတာ နှစ်ယောက်မိပြီး တစ်ယောက်က ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်။ ဒီဖမ်းမိတဲ့ သူတွေဟာ ပြည်မြို့နယ်မှာ ရှိတဲ့ တပ်ရင်း တစ်ရင်းက စစ်သားတွေ ဖြစ်တယ်ဆိုတာ သိရပြီး နောက်မှာတော့ တရားခံကို ဒီနေ့အထိ ဖမ်းဆီးနိုင်တာမျိုး မရှိတော့ပါဘူး။တစ်ဆက်တည်း လက်နက်ကိုင် အဖွဲ့နဲ့ ပတ်သက်တဲ့ တရားခံတွေလို့ သံသယရှိတဲ့ သူတိုင်း အမှုတိုင်း တရားခံ မပေါ်တာ မဖမ်းဆီးနိုင်တာတွေကို ကျွန်တော် ဆက်စပ် စဉ်းစားမိသွားပါတယ်။ကားက တံတား အဆုံးမှာ ရှိတဲ့ ကုန်းအတက်ကို ဂီယာချိန်းပြီး ဝူးခနဲ ဆောင့်တက်သွားတော့မှ ကျွန်တော့် အတွေးတွေ ပြတ်သွားတယ်။ ပြတင်းပေါက်ကတစ်ဆင့် အပြင်ကို ကြည့်လိုက်တော့ တောင်ကုန်းကလေးတွေ တောင်ပူစာကလေးတွေကို နေရှိန်ပြင်းပြင်း အောက်မှာ ခြောက်သွေ့နေတာ မြင်လိုက်ရပါတယ်။ ဟိုအရင် နှစ်ပေါင်း နှစ်ဆယ်ကျော်က ဒီနေရာတွေဟာ သစ်ပင်သစ်တောတွေနဲ့ စိုပြည် စိမ်းလန်းနေခဲ့ကြတာပါ။ အခုတော့ ဒီသစ်ပင်၊ ဒီသစ်တောတွေလည်း အခြားတိုင်းနဲ့ ပြည်နယ်တွေက သစ်ပင် သစ်တောတွေလိုပဲ တရုတ်ပြည် ရောက်သွားကြပြီလား မသိတော့ပါဘူး။ရန်ကုန်က မနက်အစော ထွက်လာတဲ့ ကားဟာ ဥသျှစ်ပင်မြို့ကို ညနေ သုံးနာရီလောက်မှာ ရောက်သွားပါတယ်။ ဟိုးအရင်က ဆိုရင် ကားတစ်စီး မဆိုက်လိုက်နဲ့ ဆိုက်လိုက်တာနဲ့ ပေါင်မုန့်ကြော်ရောင်းတဲ့ မိန်းကလေးတွေ ဝိုင်းအုံ အော်ဟစ်ပြီး ရောက်လာနေကျပါ။ ဥသျှစ်ပင် ပေါင်မုန့်ကြော်က ဒီဒေသမှာတော့ နာမည်ကြီးပါတယ်။ ပေါင်မုန့် အဝိုင်းကလေးကို ထက်ခြမ်းခြမ်း၊ အုန်းသီးခြစ်ကို သကြားနဲ့ ထည့်ကြော်ထားတာ ဖြစ်ပါတယ်။ အဲဒီ ပေါင်မုန့်ကြော်ကို ပလတ်စတစ် အိတ်တစ်ခုကို လေးလုံးစီ ထည့်ပြီး တစ်ထုပ်ကို တစ်ကျပ်နဲ့ ရောင်းကြတာပါ။ အဲဒီတုန်းကတော့ က.ပ.စ ၃-၅-၆ နဲ့ ကစလ ၄-၅-၃ က ကားတွေလောက်သာ ရှိပြီး ခရီးသည်တင်ကား ဆိုတာ အင်မတန် ရှားပါတယ်။ အခုတော့ မျိုးဆက်သစ်၊ ရိုးမ၊ ကနောင်မင်းသား စတဲ့ ခေတ်မီ လေအိတ်ကားကြီးတွေ ပြေးဆွဲနေကြပြီ ဆိုတော့ ပေါင်မုန့်ကြော်သည်လေးတွေလည်း အဲဒီ ကားကြီးတွေနား မကပ်နိုင်ကြတော့ပါဘူး။ ဥသျှစ်ပင်ကို မြင်လိုက်တော့ ဥသျှစ်ပင်ဟာ ရွာမဟုတ်တော့ဘဲ ‘မြို့’ ဖြစ်လို့ နေပါပြီ။ အရင်ရွာတုန်းကထက်လည်း သုံးဆလောက် ပိုကျယ်လာပြီးတော့ က.စ.လ၊ က.ပ.စ စက်ရုံနဲ့ တပ်တွေက အငြိမ်းစား ယူကြတဲ့သူတွေ အားလုံး နီးပါးကလည်း ဥသျှစ်ပင်မှာပဲ ပြန်ပြီး အခြေချ နေထိုင်ကြတာကြောင့် ဥသျှစ်ပင်ကို ‘အငြိမ်းစားမြို့’ လို့ ပြောမယ် ဆိုရင်တောင် ပြောနိုင်နေပါပြီ။ ပုသိမ်မုံရွာ ကားလမ်းကြီးကလည်း ဥသျှစ်ပင်မြို့နားက ဖြတ်သွားသလို ကြံခင်း-ပခုက္ကူ ရထားလမ်းကလည်း ဥသျှစ်ပင်က ဖြတ်တာကြောင့် ဘူတာရုံကလေး တစ်ခုလည်း လက်ဆောင် ရထားပြန်ပါတယ်။“သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း” ဆိုတဲ့အတိုင်း နဝဒေးတံတားကြီးကြောင့် ‘ဆင်တဲ’ နဲ့ ‘ပန်းတောင်းမြို့’ ကြီးတွေ ခြောက်ကပ် အကျဉ်းတန်သွားကြတဲ့ အချိန်မှာ မထင်မှတ်ဘဲနဲ့ ဥသျှစ်ပင် မြို့ကလေးဟာ ဖုတ်သွင်းရထား ဆိုက်ခဲ့ရတာပါပဲ။ ဥသျှစ်ပင် မြို့ကလေး ပိုပြီး စည်ကား သိုက်မြိုက်လာရတဲ့ အကြောင်း တစ်ခုကလည်း ဥသျှစ်ပင်မြို့နဲ့ ၁၈ မိုင်လောက်ပဲ ဝေးတဲ့ ထုံးဘိုမြို့မှာ ရှိတဲ့ ‘အကောက်တောင်’ စေတီဘုရားတွေကြောင့် ဖြစ်ပါတယ်။ ဒီစေတီ ဘုရားတွေဟာ ၁၈၅၂ ခုနှစ်လောက်ကတည်းက တည်ရှိခဲ့တာ ဖြစ်ပေမယ့် လူသိများ ထင်ရှားလာခဲ့တာ သိပ်မကြာလှသေးပါဘူး။ ၁၉၈၀ ပြည့်နှစ် စွန်းစွန်းလောက်က ပန်းတောင်းနဲ့ ဥသျှစ်ပင်ကို စာပေ ဟောပြောပွဲလာကြတဲ့ ဆရာရန်အောင်၊ ဆရာ အီကြာကွေးနဲ့ ဆရာမောင်သိန်းဆိုင်တို့ကို ထုံးဘို ဟောပြောပွဲ အပြီးမှာ ‘အကောက်တောင်’ ကို လိုက်ပို့ကြဖို့ ကျွန်တော်တို့ စီစဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခက်အခဲ တစ်ခုရှိလို့ လိုက်မပို့ ဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ဆရာကြီး ဦးရန်အောင်က ထုံးဘို စာကြည့်တိုက်မှာရှိတဲ့ ဧည့်သည်တော် မှတ်တမ်းစာအုပ်မှာ“ထုံးဘိုပြုံးချိုတဲ့ မြို့ကလေး။အကောက်တောင်မရောက်ပေါင် တစ်ခါ လွဲရတယ်သည်း (သဲ) နာမိသေး။” လို့ ရေးသွားသလို ဆရာ အီကြာကွေးကလည်း “ထုံးဘို၊ ပြုံးချိုတဲ့ မြို့ကလေး။ အကောက်တောင်၊ မရောက်ပေါင် တစ်ခါလွဲရတယ်၊ သည်း (သဲ) နာမိကွေး” လို့ ဟာသစာရေးဆရာပီပီ အရွှန်းဖောက်ခဲ့တာ ကလေးကို ပြန်အမှတ်ရပါတယ်။ အကောက်တောင်လို့ အမည်တွင်လာရတဲ့ သမိုင်းကတော့ မင်းတုန်းမင်း တရားကြီး လက်ထက်မှာ ဦးကောက်ရဆိုတဲ့ မြို့ဝန်တစ်ဦး ရှိပါတယ်။ ဒီမြို့ဝန် ဦးကောက်ရကို ရတနာပုဉ္စတောင်ခြေကနေပြီး ဖြတ်သန်းသွားလာတဲ့ လှေ၊ သင်္ဘောနဲ့ သမ္ဗာန်တွေကို အခွန်ကောက်ပြီး နေပြည်တော်ကို ဆက်သဖို့ မင်းတုန်းမင်းကြီးက တာဝန်ပေးလိုက်ပါတယ်။ ဦးကောက်ရဟာ တောင်ခြေမှာ အကောက်ခွန်ရုံး တည်ဆောက်ပြီး အခွန်ကောက်ခဲ့လို့ အကောက်တောင်လို့ တွင်ခဲ့တယ်လို့ သိရပါတယ်။ ဘုရားဖူးတဲ့သူတွေ အနေနဲ့ စက်လှေနဲ့ ဧရာဝတီမြစ်ထဲ စီးသွားရင်း တောင်နံရံတွေကို ထွင်းထုပြီး ပူဇော်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို ဖူးမြော်ရတာဟာ အတွေ့အကြုံသစ် တစ်ခု ရရှိ ခံစားသလိုပါပဲ။ ယဉ်ကျေးမှု လက်ရာတွေကတော့ ကုန်းဘောင်ခေတ် မတိုင်မီနဲ့ ကုန်းဘောင်ခေတ် လက်ရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အစကနဦး ရုပ်ပွားတော် ၁၀၀၀ လောက် ရှိခဲ့ပေမယ့် မြစ်ရေကြီးတာ၊ မြေငလျင်လှုပ်တာ၊ ပြင်ပဂူနံရံတွေ ပြိုကျတာကြောင့် လက်ရှိ အချိန်မှာ ရုပ်ပွားတော် ၃၀၀ ကျော်လောက်ပဲ ကျန်တော့တယ်လို့ ဖတ်ရဖူးပါတယ်။ တရားစခန်းတွေ ဖွင့်လှစ်ထားတဲ့ အပြင် ဘုရားဖူးတွေကိုလည်း အချိန်တိုင်း နေ့တိုင်း ထမင်းဟင်းတွေ ကျွေးမွေး ဧည့်ခံနေပါတယ်။ ဒါ့ကြောင့် ဒီအကောက်တောင်ကို ဘုရားဖူးလာကြတဲ့ ကားတွေ၊ ခရီးသည်တွေနဲ့ ဥသျှစ်ပင်ဟာ အမြဲတန်း နိုးထနေပြန်ပါတယ်။ရန်ကုန်မြို့ကနေ မိုင် ၂၀၀ လောက်အကွာ ဧရာမြစ် အနောက်ဘက်ကမ်းမှာ ရှိပေမယ့် နေ့စဉ်ထုတ် သတင်းစာတွေကို နေ့ချင်း မဖတ်ရသေးပါဘူး။ Eleven၊ စံတော်ချိန်၊ 7 day သတင်းစာတွေကို ပုံမှန် ဖတ်တဲ့သူတွေ ရှိသလို ဂျာနယ်တွေထဲကတော့ သူရိယနေဝန်းနဲ့ သံတော်ဆင့်လောက်သာ ဖတ်ကြပါတယ်။ နိုင်ငံရေးအရ အနီရောင် နယ်မြေဖြစ်ပြီး တက်ကြွ လှုပ်ရှားသူ လူငယ်ကလေးတွေ များတာ သတိပြုမိပါတယ်။မိတ်ဆွေ အချို့နဲ့ လက်ဖက်ရည်ဆိုင် ထိုင်ကြတော့ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး ရင်မော ရယ်ရွှင်ဖွယ်ရာ ကလေးတွေ ကြားရပြန်ပါတယ်။ သစ်နဲ့ ပတ်သက်ပြီး သတင်းပေးတဲ့ သတင်းထောက် တစ်ယောက်ကို ရဲစခန်းရှေ့မှာပဲ အုပ်စုဖွဲ့ ရိုက်နှက်ပြီး သေပြီ အထင်နဲ့ ပစ်ထားခဲ့တယ် ဆိုတဲ့အကြောင်း လောလောဆယ် ကျွန်တော် ရောက်ရှိနေတဲ့ အချိန်မှာကိုပဲ ဥသျှစ်ပင်မြို့တွင်းမှာ သစ်ကား သုံးစီးလောက် ဖမ်းမိပေမယ့်လို့ အားလုံးဟာ ပိုင်ရှင်မဲ့ ဖြစ်နေတယ်ဆိုတဲ့ အကြောင်းတွေ ကြားရပါတယ်။ မိတ်ဆွေတစ်ယောက် ပြောတဲ့ ရယ်စရာကတော့ သူငယ်ချင်း တစ်ယောက်ကို ဆိတ်တစ်အုပ်မွေးဘက် ပေးထားပါသတဲ့။ သူ့သူငယ်ချင်းရဲ့ အကြွေးရှင် တစ်ယောက်က သူရစရာရှိတဲ့ အကြွေးအတွက် ဆိတ်အုပ်ကို လာဆွဲသွားတာ သူ့ခမျာ ရဲတိုင်မရ ဘာမရနဲ့ ကြားထဲက ဆိတ်အုပ် ခြောက်ကောင် ဆုံးရှုံးသွားရပါသတဲ့။မြို့တစ်မြို့၊ ရွာတစ်ရွာ ဖွံ့ဖြိုးတိုးတက်တယ်ဆိုတဲ့ နေရာမှာ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာသာ ဖွံ့ဖြိုးတိုးတက်နေလို့ မရပါဘူး။ စိတ်ပိုင်း ဆိုင်ရာတွေပါ အချိုးညီ ဖွံ့ဖြိုးတိုးတက်မှ တကယ် ဖွံ့ဖြိုးတိုးတက်တယ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။  ဥသျှစ်ပင်မြို့ဟာ ရုပ်ပိုင်းဆိုင်ရာ အရတော့ ဖွံ့ဖြိုး တိုးတက်နေပေမယ့် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဥသျှစ်ပင် မြို့ကလေးမှာ နှစ်ပေါင်း နှစ်ဆယ်ကျော် အစိတ်လောက် နေလာခဲ့တဲ့ မိတ်ဆွေလေး တစ်ယောက်ရဲ့ “ဒီဥသျှစ်ပင်ကို မြွေအရေခွံ လဲသလို ချွတ်လဲပစ်လိုက်နိုင်မှ အားလုံး ကောင်းသွားမယ် အစ်ကိုရ” ဆိုတဲ့ စကားက သက်သေပါပဲ။ ကျွန်တော်က ဧည့်သည်မို့ သူ့စကား အတိမ်အနက်ကို သေသေချာချာ မသိပါဘူး။ဒါပေမဲ့ သင်္ကြန်အပြီး ခုနစ်ရက်လောက် အကြာ ၂၃.၄.၁၆ ရက်က ကျွန်တော်နဲ့ ဇနီးဖြစ်သူတို့ ရန်ကုန်ပြန်တော့ ပုံမှန် တစ်ယောက် ၅၀၀၀ ပေးရမယ့်အစား တစ်ယောက်ကို ၈၀၀၀ ပေးခဲ့ရပါတယ်။ ဘာကြောင့် ၈၀၀၀ ဖြစ်နေရတာလဲလို့ ကျွန်တော်က မေးတော့ ဂိတ်ရင်းက ပြန်မချပေးသေးလို့ ပါတဲ့။ သက်ပြင်းပူ တစ်ချက်ကိုသာ ကျွန်တော် မှုတ်ထုတ်လိုက်နိုင်တာက လွဲလို့ အခြားဘာမှ မတတ်နိုင်ခဲ့ကြောင်းပါ။

Most Read

Most Recent