အခွန်တိမ်းရှောင်မှု၊ ပြည်ပ၌ လျှို့ဝှက်စွာ ပြုလုပ်ခဲ့သော စီးပွားရေးဆက်ဆံမှုများနှင့် ငွေကြေးခဝါချမှုဆိုင်ရာများကို ဖွင့်ချခဲ့သည့် ပနားမား စာရွက်စာတမ်းများ (Panama Papers) ၏ ထပ်မံဖော်ပြမှုတွင် အိုင်ဗင်ဟိုးမြန်မာ အပါအဝင် ဦးခင်မောင်အေး၊ ဦးသင်းမောင်အေး၊ ဦးတင်မောင်ခင်၊ ဦးဟိန်းထက်ကျော် အစရှိသော လူပုဂ္ဂိုလ် ၁၆ ဦး၊ ကုမ္ပဏီ ကိုးခုနှင့် လိပ်စာ ၁၄ ခု၏ အမည်စာရင်းများ ပါဝင်ခဲ့ပါသည်။
ပနားမား စာရွက်စာတမ်းများကို နိုင်ငံတကာ စုံစမ်းထောက်လှမ်းရေး ဂျာနယ်လစ်များအဖွဲ့ (ICIJ) က ဧပြီ ၃ ရက်တွင် စတင် ဖွင့်ချခဲ့ပြီးနောက် မေ ၉ ရက်တွင် ၎င်းတို့၏ Offshore Leaks ဝက်ဘ်ဆိုက်မှ တစ်ဆင့် အချက်အလက်များ ထပ်မံဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံတကာမှ ချမ်းသာသော ပုဂ္ဂိုလ်များ၊ နိုင်ငံ့ ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ ပတ်သက်နေသည့် ပနားမား အရှုပ်တော်ပုံဖွင့်ချမှုတွင် ထိုသူများက ပြည်ပ၌ လျှို့ဝှက်လုပ်ကိုင်နေသည့် ကုမ္ပဏီ နှစ်သိန်းကျော်နှင့် သက်ဆိုင်သည့် အမည်များ၊ အချက်အလက်များကို ဖော်ပြမည်ဟု ICIJ က ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှ အမည်စာရင်းများ ပါဝင်ခဲ့ခြင်း ဖြစ်ပါသည်။
■ ကုမ္ပဏီကိုးခု
ထပ်မံဖော်ပြခဲ့သော ပနားမား စာရွက်စာတမ်းများ၏ မြန်မာခေါင်းစဉ်အောက်၌ ကုမ္ပဏီအမည်စာရင်း ကိုးခု ပါဝင်ခဲ့သည်။
ထိုကုမ္ပဏီများမှာ အိုင်ဗင်ဟိုးမြန်မာ ကုမ္ပဏီ (Ivanhoe Myanmar Holdings ltd.) ၊ The Union of Myanmar Telecommunications & Satellite ၊ Conteast Lines Myanmar ltd. ၊ Myanmar Telecommunications Services ၊ Cal Myanmar ltd. ၊ Myanmar Pipeline Development Co. (M.P.D.Co) Inc. ၊ Hutchison Ports Myanmar ၊ C & P Myanmar Pte ltd. (Myanmar International Terminals Thilawa Private ltd.) နှင့် Goldwater ကုမ္ပဏီ တို့ဖြစ်ကြပါသည်။
အဆိုပါ ကုမ္ပဏီကိုးခုတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သော မြန်မာအိုင်ဗင်ဟိုးသည် စစ်အစိုးရလက်ထက် သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် သတ္တုတွင်းဝန်ကြီးဌာနနှင့် ပူးပေါင်း လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ပနားမား စာရွက်စာတမ်းများတွင် ဖော်ပြထားချက်အရ ကနေဒါအခြေစိုက် အိုင်ဗင်ဟိုးမြန်မာသည် ကျွန်းနိုင်ငံငယ် British Virgin Islands (BVI) ၏ တရားစီရင်ပိုင်ခွင့်အောက်တွင် မှတ်ပုံတင်ထားပါသည်။ ထို့ပြင် Invanhoe Mines ltd. နှင့် ဆက်နွှယ်မှုရှိကာ Bagan Holding ltd. နှင့် CIBC Mellon Trust Company in Trust for Marubeni Canada Ltd တို့၌ ရှယ်ယာထည့်ဝင်ထားကြောင်း သိရသည်။
The Union of Myanmar Telecommunications & Satellite မှာ ဟောင်ကောင် လိပ်စာဖြင့် BVI တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီဖြစ်ပြီး ဟောင်ကောင်ရှိ Counselors At Large ltd. က ကြားခံ ဆက်သွယ်ပေးသူဖြစ်ကြောင်း ပနားမား စာရွက်စာတမ်းများက ဖော်ပြထားသည်။ ထို့အတူ Myanmar Telecommunications Services နှင့် Cal Myanmar ltd. ကုမ္ပဏီ နှစ်ခုစလုံးမှာလည်း ဟောင်ကောင်အခြေစိုက်ဖြစ်ပြီး ထိုကုမ္ပဏီနှစ်ခုကိုလည်း Counselors At Large ltd. က ကြားခံ ဆက်သွယ်ပေးသူအဖြစ် လုပ်ကိုင်ခဲ့သည်။
Conteast Lines Myanmar ltd. မှာ လည်း ဟောင်ကောင်အခြေစိုက်ဖြစ်ပြီး BVI ၌ မှတ်ပုံတင်ထားသော လုပ်ငန်းဖြစ်ပါသည်။ ထိုကုမ္ပဏီကို ဟောင်ကောင်မှ Richard Tao က ကြားခံ ဆက်သွယ်ပေးသူအဖြစ် လုပ်ပေးခဲ့ပြီး ကုမ္ပဏီ၌ ရှယ်ယာရှင် ငါးဦး ရှိကြောင်း သိရသည်။ ထိုငါးဦးတွင် စင်ကာပူမှ Cheong Khen Guan ၊ Chee Yuet Mei၊ မလေးရှားမှ Sam Kok Hong နှင့် ဟောင်ကောင်မှ Jonathan Koon Shum Choi နှင့် Richard Tao တို့ ပါဝင်ခဲ့ပါသည်။
Myanmar Pipeline Development Co. (M.P.D.Co) Inc. မှာ ဘဟားမားစ်၌ မှတ်ပုံတင်ထားသော ကုမ္ပဏီဖြစ်ပြီး Guernsey တွင် အခြေစိုက်သော Hamiliton trustees ltd. က ကြားခံ ဆက်သွယ်ပေးသူအဖြစ် လုပ်ကိုင်ခဲ့သည်။
ွGoldwater ကုမ္ပဏီသည် လန်ဒန်လိပ်စာဖြင့် ပနားမားတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီဖြစ်ကာ မြန်မာနိုင်ငံနှင့် ချိတ်ဆက်ပြီး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်ဟု ပနားမား စာရွက်စာတမ်းများက ဖော်ပြခဲ့ပါသည်။ သို့သော် မည်သူများနှင့် ချိတ်ဆက် လုပ်ဆောင်သည်ဆိုသော အချက်မတွေ့ရှိရဘဲ ထိုကုမ္ပဏီသည် Goldpetrol Joint Operating Company Inc ၌ ရှယ်ယာပိုင်ဆိုင်ထားသည်ဟု ပနားမား စာရွက်စာတမ်းများက ဖော်ပြထားပါသည်။
■ လူပုဂ္ဂိုလ် ၁၆ ဦး
ပနားမား စာရွက်စာတမ်းများက ထပ်မံဖော်ပြခဲ့သော အချက်အလက်များအရ မြန်မာနိုင်ငံ ခေါင်းစဉ်အောက်တွင် လူပုဂ္ဂိုလ် ၁၆ ဦး ပါဝင်ခဲ့ပါသည်။
ထိုသူများတွင် ဦးတင်မောင်ခင်၊ ဦးသင်းမောင်အေး၊ ဦးခင်မောင်အေးနှင့် ဦးဟိန်းထက်ကျော်တို့သာ မြန်မာအမည်များဖြစ်ပြီး ကျန်ရှိသူများမှာ ပြည်ပနိုင်ငံသား အမည်များ ဖြစ်ပါသည်။ ထိုသို့ ပါဝင်နေသည့် ပြည်ပနိုင်ငံသား အမည်များမှာ Joren Kristensen ၊ Man Ho Liu ၊ Kwok Cheong Tong ၊ Wu Rong ၊ Richard Xing Wang ၊ Wong Lui Hiu Heebert ၊ Christine Mo Wan Fong ၊ Joseph Lai Man Wah ၊ Fong Wai Yee ၊ Lai Wai Sin ၊ Fong Wai Ha နှင့် Lars Erik Larsen တို့ဖြစ်ကာ တရုတ်၊ မလေးရှား၊ ဟောင်ကောင်၊ ရုရှားအစရှိသော နိုင်ငံများမှာ BVI တွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းများတွင် ပါဝင်ဆက်နွှယ်နေကြသူများ ဖြစ်ပါသည်။
မြန်မာအမည်များဖြင့် စာရင်းပါဝင်ခဲ့သူများအနက် ဦးခင်မောင်အေးနှင့် ဦးသင်းမောင်အေးတို့သည် Yangon Riverside New City Development ကုမ္ပဏီ၏ ရှယ်ယာရှင်များ ဖြစ်ကြောင်း ပနားမား စာရွက်စာတမ်းများက ဆိုပါသည်။
ထိုကုမ္ပဏီတွင် ၎င်းတို့နှစ်ဦးက တစ်ဦးလျှင် အစုရှယ်ယာ ၂၅၀၀ စီ ပိုင်ဆိုင်ထားပြီး ကုမ္ပဏီကို BVI တွင် မှတ်ပုံတင်ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၆ ရက် က တရားဝင် စတင်ခဲ့ကြောင်း သိရသည်။ ကုမ္ပဏီကို ကြားခံဆောင်ရွက်ပေးခဲ့သူမှာ ပနားမား စာရွက်စာတမ်းများ စတင်ပေါက်ကြားခဲ့သော ပနားမားအခြေစိုက် ဥပဒေအကျိုးဆောင်အဖွဲ့ မော့ဆက်ဖွန်စီကာ၏ စင်ကာပူရုံးခွဲ ဖြစ်ပါသည်။
Yangon Riverside New City Development ကုမ္ပဏီအကြောင်း အသေးစိတ် မသိရှိရသော်လည်း ထိုကုမ္ပဏီသည် အမှတ် ၂၁၀-၂၁၂၊ ဗိုလ်မြတ်ထွန်းလမ်း၊ ပုဇွန်တောင်မြို့နယ်တွင် ဖွင့်လှစ်ထားကြောင်း Open Corporates ၏ အချက်အလက်များတွင် ဖော်ပြထားပါသည်။ ထို့အပြင် ဦးခင်မောင်အေး၏ လုပ်ငန်းမှတ်ပုံတင် လိပ်စာမှာ ပီရူးရှိ လိပ်စာဖြစ်ပြီး ဦးသင်းမောင်အေးက တရုတ်မှ လိပ်စာကို လုပ်ငန်းမှတ်ပုံတင် လိပ်စာအဖြစ် ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။
ဦးတင်မောင်ခင်ကို ဖော်ပြရာ၌ Mariner Shipping Services Ltd. ၏ ရှယ်ယာရှင်အဖြစ် ဖော်ပြခဲ့ကာ ထိုကုမ္ပဏီသည် BVI တွင် မှတ်ပုံတင်ခဲ့ပြီး လုပ်ငန်းလိပ်စာအဖြစ် မထင်မရှား ကျွန်းနိုင်ငံငယ် တစ်ခုကို ဖော်ပြခဲ့ပါသည်။ ၎င်းနည်းတူ ဦးဟိန်းထက်ကျော်မှာလည်း BVI တွင် မှတ်ပုံတင်ခဲ့သော Nature Dream Ltd. ၏ ရှယ်ယာရှင်ဟု ဖော်ပြထားပြီး လုပ်ငန်းလိပ်စာကို မထင်မရှား ကျွန်းနိုင်ငံငယ်တစ်ခုမှ လိပ်စာအား ဖော်ပြခဲ့ပါသည်။
■ အမည်စာရင်း ၃၃ ခု
ICIJ က မေ ၉ ရက် ထပ်မံဖော်ပြမှုတွင် မြန်မာနိုင်ငံနှင့် ချိတ်ဆက်နေသူများအဖြစ် ပါရှိခဲ့သော အမည်စာရင်းအား ယခင် ထုတ်ပြန်ခဲ့သည့် အမည်စာရင်း ၁၇ ခုနှင့် ပေါင်းပါက ပနားမားအရှုပ်တော်ပုံ၌ တိုက်ရိုက် ပါဝင်နေသူများအပါအဝင် မြန်မာနိုင်ငံမှ အမည်စာရင်း ၃၃ ခု ရှိလာပြီ ဖြစ်ပါသည်။
ပနားမား စာရွက်စာတမ်းများ မထုတ်ပြန်မီ ၂၀၁၃ ခုနှစ်တွင် ICIJ က ဖွင့်ချခဲ့သော စာရင်းတစ်ရပ်အရ Asia World ကုမ္ပဏီနှင့် ဆက်နွှယ်သည့် CNOOC ကုမ္ပဏီ၊ ဦးအောင်ကျော်မြင့်၊ ဦးအေးဇော်ဝင်း၊ ဒေါက်တာဥမ္မာမိုးမြင့်၊ ဦးမိုးမြင့် (မိုက်ကယ်မိုးမြင့်)၊ ဦးကျော်ဝင်း၊ ဦးမောင်မောင်ဆွေတင်၊ ဒေါ်မြသီတာဆွေတင် အစရှိသူတို့မှာ ပထမဆုံး ထွက်ပေါ်ခဲ့သည့် အမည်စာရင်း ၁၇ ခု၌ ပါရှိခဲ့ပါသည်။
ပထမဆုံး ထွက်ပေါ်ခဲ့သူများထဲ၌ ပါဝင်ခဲ့သူများကို အုပ်စုသုံးစု ခွဲ၍ တွေ့မြင်နိုင်ပြီး ပထမအုပ်စုမှာ ဦးမိုးမြင့် (မိုက်ကယ်မိုးမြင့်)၊ Myint and Associates နှင့် MPRL E & P Pte ltd. တို့နှင့် ပြည်ပကုမ္ပဏီများ၏ ဆက်နွှယ်မှု ဖြစ်ပါသည်။
ဒုတိယအုပ်စုတွင် အာဏာရှင်ဟောင်း ဦးနေဝင်း၏ သမက် ဦးအေးဇော်ဝင်း၊ Sky - Link Communications ltd. တို့၏ ဆက်နွှယ်မှုဖြစ်ကာ တတိယအုပ်စုတွင် ဦးမောင်မောင်ဆွေတင်နှင့် ဒေါ်မြသီတာဆွေတင်တို့၏ လုပ်ငန်းစုများ၊ CNOOC ကဲ့သို့ တရုတ်နှင့် ချိတ်ဆက်နေသော လုပ်ငန်းစုများ၊ ဦးဌေးမြင့်၊ ဦးကျော်ဝင်းတို့၏ လုပ်ငန်းစုများ ပါဝင်ပါသည်။
စာရင်း နှစ်ရပ်စလုံးတွင် ပါဝင်ခဲ့သူများသည် ပြည်ပ၌ ဟန်ပြကုမ္ပဏီ (Shell Companies) ထူထောင်လိုသူများ အသုံးပြုလေ့ရှိသည့် ကျွန်းနိုင်ငံငယ် BVI ၌ မှတ်ပုံတင်ထားသော လုပ်ငန်းများနှင့် ပတ်သက်ဆက်နွှယ်မှုများ ရှိနေသူများဖြစ်ကာ BVI တွင် မှတ်ပုံတင်သော ကုမ္ပဏီများသည် ပိုင်ဆိုင်မှုများကို ဖုံးကွယ်ရန်၊ အခွန်ရှောင်မှုများ ပြုလုပ်ရန်၊ ရာဇဝတ်မှုမကင်းသည့် လုပ်ဆောင်ချက်များမှ ရရှိသည့် ငွေကြေးများကို ခဝါချရန်၊ တရားမဝင်နည်းလမ်း၊ နိုင်ငံရေးခြစားမှုကြောင့် ရရှိသော ဝင်ငွေများကို ဖုံးကွယ်ရန် လုပ်ဆောင်လေ့ရှိကြသူများ ဖြစ်ပါသည်။
နိုင်ငံတကာတွင် ပနားမားအရှုပ်တော်ပုံ၌ ပါဝင်သူများ၊ ICIJ ၏ ဖွင့်ချမှုများတွင် ပါဝင်နေသူများအား စုံစမ်းစစ်ဆေး အရေးယူမှုများ ပြုလုပ်နေပြီး အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း အမည်စာရင်း၌ ပါရှိသော လုပ်ငန်းရှင်များကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိနေပါသည်။
မြန်မာနိုင်ငံတွင်မူ ပနားမားအရှုပ်တော်ပုံနှင့် ဆက်စပ်ပတ်သက်နေသူများအား အစိုးရပိုင်းက စုံစမ်းစစ်ဆေးမှု မရှိသေးဘဲ ICIJ ၏၂၀၁၃ ခုနှစ် စာရင်း၌ ပါရှိခဲ့သော မြန်မာလုပ်ငန်းရှင်များကလည်း ၎င်းတို့အမည်များ ပါဝင်နေသည့်အပေါ် တစ်စုံတစ်ရာ ရှင်းလင်းပြောဆိုခြင်း မရှိသေးပေ။ ထိုအချိန်တွင် ပနားမားစာရွက်စာတမ်းများနှင့် တိုက်ရိုက်ဆက်နွှယ်နေသော အမည်စာရင်းသစ်များ ထပ်မံထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ICIJ ကမူ ၂၀၁၃ ခုနှစ် စာရင်းတွင် ပါရှိသူများနှင့် မေ ၉ ရက်တွင် ဖော်ပြခဲ့သည့် အမည်စာရင်းသစ်များကို မြန်မာခေါင်းစဉ်အောက် တစ်နေရာတည်း၌ စာရင်းနှစ်ရပ်ပေါင်း ဆက်စပ်မှုရှိသော အချက်အလက်များအနေဖြင့် ဖော်ပြထားပါသည်။
ပနားမား အရှုပ်တော်ပုံ ထပ်မံဖော်ပြမှုတွင် အိုင်ဗင်ဟိုးမြန်မာ အပါအဝင် ဦးခင်မောင်အေး၊ ဦးသင်းမောင်အေး၊ ဦးတင်မောင်ခင်၊ ဦးဟိန်းထက်ကျော် အစရှိသော လူပုဂ္ဂိုလ် ၁၆ ဦးနှင့် ကုမ္ပဏီကိုးခု အမည်စာရင်းများ ပါဝင်









