နိုင်ငံ့ဘဏ္ဍာ နစ်နာရာလမ်းကြောင်းဖြစ်နေဆဲ တင်ဒါတွေကို ဘယ်လိုကုစားမလဲ

နိုင်ငံ့ဘဏ္ဍာ နစ်နာရာလမ်းကြောင်းဖြစ်နေဆဲ တင်ဒါတွေကို ဘယ်လိုကုစားမလဲ
ဦးသိန်းစိန်အစိုးရလက်ထက် တင်ဒါစည်းမျဉ်းများနှင့် NLD အစိုးရလက်ထက် ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် လမ်းညွှန်ချက်များကို တွေ့ရစဉ်
ဦးသိန်းစိန်အစိုးရလက်ထက် တင်ဒါစည်းမျဉ်းများနှင့် NLD အစိုးရလက်ထက် ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် လမ်းညွှန်ချက်များကို တွေ့ရစဉ်
Published 8 May 2016
ဖြိုးဝေ

မြန်မာနိုင်ငံရဲ့ တင်ဒါလောကမှာ ဆိုရိုးတစ်ခု ရှိပါတယ်။ အဲဒါကတော့ တင်ဒါတစ်ခု လျှောက်ပြီဆိုရင် လုပ်ငန်းရဲ့ အမှန်တကယ် ကုန်ကျစရိတ်၊ လုပ်ငန်းရှင်ရဲ့ အကျိုးအမြတ်နဲ့ တင်ဒါခွင့်ပြုတဲ့ အရာရှိအတွက် အမြတ်ဝေစု အားလုံးပေါင်းပြီး တွက်ချက်ပေးနိုင်မှ တင်ဒါရတယ်ဆိုတဲ့ စကားပါ။ ဒီစကားဟာ အလကားမဟုတ်ဘဲ နှစ်ပေါင်းများစွာ တင်ဒါ နဲ့ အပေးအယူလုပ် အကျိုးအမြတ်ရှာလာသူတွေ ကြားထဲမှာ တကယ်ဖြစ်ခဲ့တာပါ။ ဆိုလိုရင်းကတော့ တင်ဒါတစ်ခု လျှောက်ချင်သူဟာ အမှန်တကယ် ကုန်ကျမယ့်စရိတ်ထက် သုံးဆတင်ပြီး တစ်ဆကို တင်ဒါခွင့်ပြုသူအတွက် ပေးရတဲ့အခြေအနေကို ဆိုလိုတာပါ။ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ မဆင်းခင်မှာ တင်ဒါတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ဘီလျံများစွာ နစ်နာစေတဲ့ ပြဿနာတွေဟာ ပြည်သူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီအခြေအနေအတွက် အမျိုးသားဒီမိုကရေစီအစိုးရအဖွဲ့ရဲ့ ဦးထင်ကျော်အစိုးရ တက်လာပြီးစ ဧပြီလဆန်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနအပါအဝင် အခြားဝန်ကြီးဌာနတွေအနေနဲ့ ကန်ထရိုက်စနစ်နဲ့ လုပ်ငန်းများ ဆောင်ရွက်ရာမှာ လိုက်နာကျင့်သုံးရမယ့် လမ်းညွှန်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို ထုတ်ပြန်ထားပေမယ့် တင်ဒါသဘောအရ  အရင်အစိုးရ သက်တမ်းမကုန်ခင် မတ်လမှာ ခေါ်ခဲ့တဲ့ တင်ဒါတွေနဲ့ လက်ရှိ ဧပြီလမှာ ဆက်ပြီးခေါ်နေတဲ့ တင်ဒါတွေမှာ ပါဝင်တဲ့ အချက်တချို့ဟာ အရင်ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းကလိုပဲ လာဘ်ပေးလာဘ်ယူမှုအတွက် လမ်းဖွင့်ပေးထားတဲ့ အခြေအနေဖြစ်နေဆဲလို့ တင်ဒါဝင်ရောက် ယှဉ်ပြိုင်နေတဲ့သူတွေက သုံးသပ်ပါတယ်။မြန်မာနိုင်ငံမှာဆို တင်ဒါခေါ်ယူမှုတွေက ပမာဏကြီးမားတဲ့ တင်ဒါခေါ်ယူမှုတွေ အများစု ပါဝင်ပါတယ်။၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့  နိုင်ငံတကာအခြေစိုက် စီးပွားရေးဝန်ဆောင်မှု အဖွဲ့အစည်းဖြစ်တဲ့ Building Market ရဲ့ သုတေသန သုံးသပ်ချက်မှာဆိုရင် ဝန်ကြီးဌာနတွေက နှစ်နှစ်အတွင်း တင်ဒါ ၂၀၀၀ ကျော် ခေါ်ယူခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုတွက်ချက်မှုအရသာ ဆိုရင် တစ်လကို ပျမ်းမျှတင်ဒါ ၁၀၀ နီးပါး ခေါ်ယူနေတဲ့ သဘောဖြစ်နေပါတယ်။အရင်အစိုးရ လက်ထက်မှာ တင်ဒါခေါ်ယူမှုတွေက လာဘ်ပေးသူအနိုင်ရ အခြေအနေဖြစ်ခဲ့တဲ့အတွက် တင်ဒါတစ်ခုမှာ သိန်း ၅၀ သာ နစ်နာခဲ့မယ်ဆိုရင် တစ်လကို တင်ဒါ ၁၀၀ အတွက်  မြန်မာနိုင်ငံက ပြည်သူ့ဘဏ္ဍာတွေဟာ တစ်လကို သိန်း ၅၀၀၀ လောက် နစ်နာနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီပမာဏဟာ ခန့်မှန်းတွက်ချက်မှုသာ ဖြစ်ပြီး ခုံးကျော်တံတား ဆောက်တဲ့ စီမံကိန်းမျိုးတွေ၊  ကျွန်းသစ်တွေ၊ သစ်မာတွေလိုမျိုး ဖမ်းမိသစ်တွေကို ဈေးနှုန်းချိုချိုနဲ့ ရဖို့ လာဘ်ပေးမှုမျိုးတွေနဲ့သာဆို ပိုပိုပြီးတော့ နစ်နာနေမှာပါ။ ဒါပေမဲ့ တကယ့်လက်တွေ့ အခြေအနေမှာတော့ မိတ္တူကူးစက် အလုံး ၅၀ လောက်ကိုပဲ တင်ဒါခေါ်ချိန်မှာ နိုင်ငံ့ဘဏ္ဍာက သိန်း ၄၀၀ လောက် နစ်နာသွားတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့ရတယ်လို့ တင်ဒါဝင်ရောက် ယှဉ်ပြိုင်လေ့ရှိတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ဒီလို အခြေအနေမျိုးမှာ ဝန်ကြီးဌာနတွေရဲ့ တင်ဒါခေါ်ယူမှုတွေနဲ့ ပတ်သက်ပြီး  စနစ်တကျ ကြပ်မတ်ဖို့ လိုမှာဖြစ်သလို ဒီလို ကြပ်မတ်ခြင်းဖြင့်လည်း လာဘ်ပေးလာဘ်ယူမှုတွေကို ထိန်းချုပ်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ညွှန်ကြားချက်သာ ထုတ်ထားပြီး လက်တွေ့ကြပ်မတ်နိုင်စွမ်း နည်းပါးနေတယ်လို့ သိရပါတယ်။ ဒီလို တင်ဒါခေါ်ယူမှုတွေကနေ ဖြစ်လာတဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို သမ္မတဦးထင်ကျော်အစိုးရအဖွဲ့အနေနဲ့  စနစ်တကျ ထိန်းချုပ်နိုင်ဖို့ ရေရှည်စီမံကိန်းတွေ လိုအပ်မှာ ဖြစ်ပါတယ်။တကယ်ဆိုရင် ဒီတင်ဒါတွေနဲ့ ပတ်သက်လို့ အရင် ဦးသိန်းစိန်အစိုးရ လက်ထက်မှာဆို တင်ဒါကနေဖြစ်ပေါ်တဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ မဖြစ်ခဲ့ဘူးလို့ ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်က အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီက ဒေါက်တာဇော်ဦးက ဆိုပါတယ်။“တင်ဒါနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာဖို့နဲ့ လာဘ်ပေးလာဘ်ယူ မရှိအောင် ဦးသိန်းစိန်လက်ထက်မှာ ကျွန်တော်တို့ လုပ်ဖို့ ကြိုး စားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး” လို့ ဒေါက်တာဇော်ဦးက ဆိုပါတယ်။■ တင်ဒါကနေ ဘယ်လို လာဘ်ပေးလာဘ်ယူ ဖြစ်စေခဲ့သလဲနိုင်ငံပိုင် ဝန်ကြီးဌာနတွေရဲ့ ဦးစီးဌာနတွေက လိုအပ်တဲ့ ရုံးသုံးပစ္စည်းတွေ၊ ဖမ်းမိတဲ့ သစ်တောထွက်ပစ္စည်းတွေ၊ မှောင်ခိုကုန်စည်တွေ၊ အခြေခံ အဆောက်အအုံတွေ ဖြစ်တဲ့ လမ်း၊ တံတား၊ စာသင်ကျောင်း စတဲ့ အဆောက်အအုံတွေကို လစဉ် တင်ဒါခေါ်လေ့ ရှိပါတယ်။ဒီလို တင်ဒါခေါ်ယူရာမှာ ခေါ်ယူတဲ့ ဘတ်ဂျက်ပမာဏကို လုပ်ငန်းရှင်တွေက သိအောင် တင်ဒါခေါ်ယူတဲ့ ဒါမှမဟုတ် တင်ဒါစိစစ်တဲ့အဖွဲ့က တာဝန်ရှိသူကို ကနဦး လာဘ်ပေးရပါတယ်။ ဘာကြောင့် ဘတ်ဂျက်သိအောင် လုပ်ရလဲဆိုရင်တော့ ဘတ်ဂျက်မသိဘဲ ဈေးကွက်ပေါက်ဈေးနဲ့တင်တဲ့ တင်ဒါတွေကို သတ်မှတ် ဘတ်ဂျက်နဲ့ မညီလို့ဆိုပြီး တင်ဒါစိစစ်တဲ့ ရွေးချယ်တဲ့ ကော်မတီက ပယ်ချတတ်လို့ပါ။ ဥပမာ ပြောရရင် လုပ်ငန်းသုံး Printer အလုံး ၂၀ အတွက် ဌာနက ဘတ်ဂျက် သိန်း ၅၀ သတ်မှတ်ထားပေမယ့် တင်ဒါပြိုင်တဲ့သူက ဌာနက လိုအပ်တဲ့ ပစ္စည်းရဲ့ အရည်အသွေးအတိုင်း တင်ပေမယ့် ဒီ Printer အလုံး ၂၀အတွက် တစ်လုံးကို ကျပ် တစ်သိန်းခွဲနဲ့ပဲ တင်လို့ သိန်း ၃၀ ပဲ ကျတဲ့အခြေအနေမျိုးမှာ ဘတ်ဂျက်မကိုက်လို့ဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ ပယ်ချတတ်လို့ပါ။ဒီနေရာမှာ ဌာနက သတ်မှတ်တဲ့ ပမာဏထက် ပိုလာတဲ့ သိန်း ၂၀ ဆိုတာမျိုးက နိုင်ငံ့ဘဏ္ဍာဆီ ပြန်သွားတဲ့အဆင့် မရောက်တော့ဘဲ သက်ဆိုင်ရာ တင်ဒါခေါ်ယူတဲ့သူတွေရဲ့ လာဘ်ပေးလာဘ်ယူအောက်မှာ နစ်နာသွားတာပါ။နောက်ပြီး လမ်းကြောင်းတစ်ခုက တင်ဒါပြိုင်တဲ့သူက စာရွက်အလွတ်နဲ့ ဝင်ပြိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာဆိုရင် တင်ဒါ စိစစ်တဲ့ ရွေးချယ်တဲ့ ကော်မတီက စာအိတ်တွေ ဖွင့်ဖောက်ပြီး အနည်းဆုံး ဘယ်လောက်၊ အများဆုံး ဘယ်လောက်ဆိုပြီး အကြောင်းကြား ညှိနှိုင်းကြပါတယ်။ ဥပမာအားဖြင့် ကျောင်းတစ်ကျောင်း ဆောက်ဖို့ ကုန်ကျစရိတ်တင်ရာမှာ အများဆုံးက သိန်း ၁၂၀၀ ဖြစ်နေပြီး အနည်းဆုံးက သိန်း ၁၀၀၀ ဆိုရင် တင်ဒါ ကော်မတီက သူနဲ့ လက်ဝါးချင်းရိုက်ထားတဲ့ သူကို သိန်း ၉၉၀ နဲ့ တင်မယ်ပြောပြီး သူကိုယ်တိုင် ဖောင်ဖြည့်ပေးပြီး သူကိုယ်တိုင် ရွေးချယ်တာပါ။တကယ်လို့သာ အဲဒီတင်ဒါက စနစ်တကျလုပ်ရင် အမြတ်မကျန်နိုင်ဘူးဆိုရင် ဖြစ်ကတတ်ဆန်း လုပ်ပြီး အမြတ်ကျန်အောင် လုပ်ကြပါတယ်။ ဒီလို ဖြစ်ကတတ်ဆန်းနဲ့ အမြတ်ကျန်အောင် လုပ်သွားတဲ့အတွက် မြန်မာနိုင်ငံမှာဆိုရင် ကတ္တရာခင်းပြီး တစ်မိုးတွင်းနဲ့ ပျက်သွားတဲ့လမ်းတွေ၊ တစ်နှစ်မခံတဲ့ တံတားတွေနဲ့ ဆောက်ပြီး မကြာခင် ပြိုကျသွားတဲ့ ကျောင်းတွေကို မကြာခဏ သတင်းတွေမှာ တွေ့ရပါမယ်။ ဒါတွေဟာ တင်ဒါကို သေချာမစိစစ်နိုင်တဲ့ ဆိုးကျိုးတွေရဲ့ အကျိုးဆက်လို့ ပြောရမှာဖြစ်သလို တည်ဆောက်ထားတဲ့ အဆောက်အအုံနဲ့ လမ်းရဲ့ အရည်အသွေးကို မစိစစ်နိုင်တဲ့ မစိစစ်ဖို့အတွက် လာဘ်ပေးထားတဲ့ ဆိုးကျိုးတွေလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။နောက်ပြီးတော့ တင်ဒါခေါ်ယူရာမှာ ပစ္စည်းအမျိုး ၂၀ လောက် ခေါ်ပြီး အတွဲလိုက် တင်ဒါပေးတဲ့ စနစ်ပါ။ ဒီလို တင်ဒါ အတွဲလိုက်ပေးပြီဆိုရင်တော့ ဒီလိုတင်ဒါဟာ အာဏာရှိသူတွေရဲ့ မိသားစုဝင် သားသမီးတွေနဲ့ ဝန်ကြီးဌာနတွေရဲ့ ဝန်ကြီးကို ပိုင်သူတွေကပဲ တင်ဒါရစေတဲ့ တင်ဒါခေါ်နည်းပါ။ဒါ့အပြင် ပိုမိုဆိုးရွားတဲ့ တင်ဒါခေါ်နည်းကတော့ ပမာဏကြီးမားတဲ့ စီမံကိန်းမျိုးတွေမှာပါ။ ဥပမာဆိုရရင် ခုံးကျော်တံတား စီမံကိန်းလိုမျိုး၊ မြစ်ကူးတံတား စီမံကိန်းလိုမျိုး နေရာတွေမှာပါ။ ဒီလို အခြေအနေတွေမှာတော့ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ၊ သက်ဆိုင်ရာ အာဏာရှိသူတွေနဲ့ ညှိနှိုင်းပြီး လုပ်ကြတာဖြစ်တဲ့အတွက် တိုင်းပြည်က ဘယ်လောက်ပဲ နစ်နာနေပါစေ။ အဲဒီ တင်ဒါဟာ တာဝန်ရှိသူတွေနဲ့ လာဘ်ပေးလာဘ်ယူ လုပ်ထားပြီးတဲ့သူတွေကပဲ ရရှိသွားပါတော့တယ်။ ဒီလို လူကြီးနဲ့ နီးစပ်လို့ တကယ် တင်ဒါရရှိသွားသူတွေကတော့ စီမံကိန်းတွေကို တကယ်လုပ်လေ့ မရှိဘဲ ကုမ္ပဏီအသေးလေးတွေကို တစ်ဆင့်ခံ ကန်ထရိုက် ပြန်ပေးတာနဲ့ အဆင့်ဆင့် ပေးကမ်းရတဲ့အတွက် အရည်အသွေးပိုင်းကို ဂရုမစိုက်နိုင်ဘဲ လုပ်ရတယ်လို့ ရွှေဇာတာ ဆောက်လုပ်ရေးလုပ်ငန်းရှင်က ဆိုပါတယ်။ ဥပမာအားဖြင့် အဆောက်အအုံတင်ဒါတွေမှာ အစိုးရဆီက လုပ်ငန်းလက်ခံရာမှာ PAE Rate ဟာ 1 Sqft ကို ကျပ် ၁၈၀၀၀ ကနေ ၂၀၀၀၀ ကြားဖြစ်ပေမယ့် အဆင့်ဆင့် ပေးကမ်းနေရတဲ့အတွက် တကယ်ဆောက်လုပ်ရာမှာတော့ 1 Sqft ကို ၁၂၀၀၀ ကနေ ၁၅၀၀၀ အကြားပဲ ဆောင်ရွက်ရလို့ အရည်အသွေးပိုင်း ကျဆင်းသွားရပါတယ်လို့ ရွှေဇာတာ ဆောက်လုပ်ရေးလုပ်ငန်းရှင်က ပြောပါတယ်။“ပြန်ကြားရေးကနေပြီး မေ ၂ ရက်ကခေါ်တဲ့ တင်ဒါမှာ Brand (Canon Printer ဟု အမည်တပ်ခေါ်ထား) တွေ တပ်ခေါ်ထားတော့ ကျန်တဲ့သူတွေက ဝင်ပြိုင်လို့ မရဘူး ဖြစ်နေတယ်။ ဒီလို Brand နဲ့ ခေါ်တော့ ဒီ Brand မှ မဟုတ်ရင် ဝင်မပြိုင်နဲ့ ဖြစ်နေတော့ ကျန်တဲ့သူတွေက အဆင်မပြေဘူး။  ကျွန်တော်ထင်တာ သူတို့အထဲမှာလည်း  Mono-Polize  ဖြစ်နေတဲ့သဘော ဖြစ်နေတယ်။ ပြန်ကြားရေးကမှ တော်သေးတယ်။ သူတို့ခေါ်တဲ့ Brand မဟုတ်ရင် တင်ဒါဖောင် မရောင်းဘူး။ တခြားဝန်ကြီးဌာနတွေက တင်ဒါခေါ်ရင် Brand တပ်ပြီး ခေါ်တယ်။ ဖုန်းဆက်မေးရင် တခြား Brand တွေလည်း ရတယ် ပြောတယ်။ တင်ဒါသွားတင်တော့ သူတို့ခေါ်တဲ့ Brand မှ မဟုတ်ရင် ဝင်မပြိုင်နဲ့ ပြောတယ်။ သူတို့လုပ်တာက Brand တပ်ခေါ်တဲ့ ကုမ္ပဏီနဲ့ လက်ဝါးချင်းရိုက်ထားသလို သံသယ ဖြစ်လာတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာက လိုချင်တဲ့ အရည်အသွေးအတိုင်းပဲ တင်ဒါခေါ်ပြီး ပြိုင်ခိုင်းသင့်တယ်။ ဒီလို Brand နဲ့ တပ်ခေါ်ရင် တင်သွင်းတဲ့ ကုမ္ပဏီကပဲ ရသွားမယ်။ ဒီလိုမှ မဟုတ်ရင် အောက်ဈေးနဲ့ တင်ဒါသွင်းပြီး တရုတ်ဘက်က ဝင်တဲ့ တံဆိပ်မပါတဲ့ ပစ္စည်းတွေကို သူတို့တပ်ခေါ်တဲ့ Brand တံဆိပ်တပ်ပြီး ရောင်းလိုက်တာမျိုးတွေ ဖြစ်လာတယ်။ ဒီလို ဖြစ်လာရင် သုံးနှစ်လောက်၊ ငါးနှစ်လောက် သုံးရမယ့် ပစ္စည်းတွေက တစ်နှစ်လောက်နဲ့ ပျက်နေပြီး နှစ်တိုင်း ထပ်ပြီး ဝယ်နေရရင် နိုင်ငံ့အတွက် သိပ်နစ်နာပါတယ်။ မနှစ်ကဆိုရင် ဝန်ကြီးဌာနတစ်ခုက မိတ္တူကူးစက် အလုံး ၅၀ တင်ဒါခေါ်တယ်။ တစ်လုံးအတွက် ၁၈ သိန်းသုံးမယ်။ ဒါပေမဲ့ သူတို့ခေါ်တဲ့ စက်အနေအထား က တစ်လုံးကို ကိုးသိန်းလောက်ပဲ ရှိတယ်။ လုပ်ချင်ရင် စက်တစ်လုံး ၁၇ သိန်းနဲ့ တင်ပြီး တာဝန်ရှိသူကို ခြောက်သိန်း ပေးလိုက်ပြီး ကျွန်တော်က နှစ်သိန်းပဲစားဦး စက်အလုံး  ၅၀ အတွက် သူက သိန်း ၃၀၀ ရပြီး ကျွန်တော်က သိန်း ၁၀၀ ရမယ်။ ဒါပေမဲ့ ကျွန်တော်က မလုပ်ပါဘူး။ နိုင်ငံ့အတွက် မနစ်နာစေချင်ဘူး။ ကောင်းကောင်းနဲ့ ထိုက်သင့်တဲ့အတိုင်းပဲ သုံးစေချင်တယ်။ မနှစ်ကပဲ စက်တစ်လုံးကို ၁၂ သိန်းပဲ တန်ပေမယ့် ၁၇ သိန်းခွဲနဲ့ တင်ရောင်းသွားတယ်” လို့ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။■ လတ်တလော တင်ဒါကြောင့် နိုင်ငံ့ဘဏ္ဍာ နစ်နာစေခဲ့မှုများဒဂုံဆိပ်ကမ်းမြို့နယ်၊ မြနန္ဒာလမ်းနဲ့ ရွှေလီလမ်းထောင့်မှာရှိတဲ့ ပြည်သူပိုင်မြေ ၁၈၃ ဧက ကျော်ပေါ်မှာ တန်ဖိုးနည်းအိမ်ရာ ဆောက်မယ့်စီမံကိန်းအတွက် ၂၀၁၅ ခုနှစ် ဧပြီ ၂၄ ရက် နောက်ဆုံးထားပြီး ချိပ်ပိတ်တင်ဒါ တင်သွင်းဖို့ ခေါ်ယူခဲ့ပါတယ်။ တင်ဒါဖွင့်ဖောက်စဉ်က Bagan Business Group ၊ ချမ်းသာ ရွှေမြေကုမ္ပဏီ ၊ High Tech Concrete Technology (ရွှေတောင်)၊ ရွှေတောင်ကုမ္ပဏီ၊ Croen Advance Construction ၊ စေပိုင် Development ကုမ္ပဏီ၊ အောင်မြင်တိုးတက်ကုမ္ပဏီ၊ FCGC (IGE Group) ၊ Blessing International Technology ၊ Y.E.G ကုမ္ပဏီ၊ ထူး Construction ကုမ္ပဏီနဲ့ Capital Development  ကုမ္ပဏီ စုစုပေါင်း ၁၂ ဖွဲ့ တင်ဒါပြိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မေ ၁၅ ရက်က ဖွင့်ဖောက်ထားတဲ့ စာရင်းမှာ ကုမ္ပဏီ အလိုက်လုပ်မယ့် ဧက၊ ရင်းနှီးမြှုပ်နှံမယ့် ပမာဏ၊ နိုင်ငံတော်ကို ပေးမယ့် အကျိုးအမြတ်၊ တည်ဆောက်မယ့် ကာလတွေ ကုမ္ပဏီ ၁၂ ခုလုံးအတွက် ဇယားနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ နောက်ထပ် ပြန်ခေါ်ချိန်မှာတော့ ကုမ္ပဏီလေးခုမပါဘဲ ကုမ္ပဏီရှစ်ခုရဲ့ ကုမ္ပဏီအလိုက် လုပ်မယ့်ဧက၊ ရင်းနှီးမြှုပ်နှံမယ့် ပမာဏ၊ တည်ဆောက်မယ့် အခန်းအရေအတွက်၊ နိုင်ငံတော်ကို ပေးမယ့် အကျိုးအမြတ်၊ တည်ဆောက်မယ့် ကာလ ဇယား နောက်ထပ်တစ်ခုကို ထပ်ပြီး ထုတ်ပြန်ပေးခဲ့ပါတယ်။အဲဒီ ဇယားတွေအရ ကုမ္ပဏီတစ်ခုဟာ ချိပ်ပိတ် တင်ဒါတုန်းက ထည့်သွင်းထားတဲ့ နိုင်ငံတော်ကိုပေးမယ့် အကျိုးအမြတ်ပမာဏ ပြန်လျှော့ပြခဲ့တာ တွေ့ရပါတယ်။ အဲဒီကုမ္ပဏီက Capital Development ကုမ္ပဏီ ဖြစ်ပါတယ်။ ချိပ်ပိတ်တင်ဒါ စဖွင့်စဉ်က ဇယားမှာ Capital Development ကုမ္ပဏီဟာ ၁၈၃ ဧက စလုံး လုပ်မယ်၊ ကျပ် ၃၆၅ ဘီလျံ မြှုပ်နှံမယ်၊ နိုင်ငံတော်ကို ၆၀၀ စတုရန်းပေ အခန်းပေါင်း ၃၀၀၀ နဲ့ ငွေကျပ် ရှစ်ဘီလျံကို ပေးမယ်။ တည်ဆောက်ကာလမှာတော့ ညွှန်ကြား သတ်မှတ်ချိန်အတိုင်း ညိနှိုင်းဆောင်ရွက်မယ်လို့ တင်ပြထားပါတယ်။ နောက်တစ်ကြိမ် ပြန်ခေါ်ရှင်းပြီးတဲ့နောက် ထွက်လာတဲ့ ဇယားမှာတော့ Capital Development ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုပမာဏနဲ့ နိုင်ငံတော်ကို ပေးမယ့် အကျိုးအမြတ်ကို ပြင်ဆင်လိုက်ပါတယ်။ နိုင်ငံတော်ကိုပေးမယ့် အကျိုးအမြတ်ကို ချိပ်ပိတ်တင်ဒါတုန်းက ၆၀၀ စတုရန်းပေကျယ်တဲ့ အခန်းပေါင်း ၃၀၀၀ နဲ့ ကျပ်ရှစ်ဘီလျံလို့ တင်ပြထားပေမယ့် နောက်ပြင်လိုက်တဲ့အခါ ၆၀၀ စတုရန်းပေကျယ်တဲ့ အခန်းပေါင်း ၃၀၀၀ နဲ့ ကျပ် သုံးဘီလျံလို့ ပြန်ပြင်ပြီး ကျပ် ငါးဘီလျံ လျှော့ပြခဲ့ပါတယ်။ ပြည်သူပိုင်မြေ ၁၈၃ ဧက တင်ဒါကို ဘယ်ကုမ္ပဏီတွေ တင်ဒါအောင်ပါသလဲလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီ မေးမြန်းတဲ့အခါမှာတော့ နိုင်ငံတော်ကရမယ့် အကျိုးအမြတ်မှာ ကျပ်ငါးဘီလျံ လျှော့ပြခဲ့တဲ့ Capital Development ကုမ္ပဏီနဲ့ အခြားကုမ္ပဏီနှစ်ခု တင်ဒါအောင်သွားတယ်လို့ ပြန်ဖြေခဲ့ပါတယ်။ ချိပ်ပိတ်တင်ဒါမှာ ပါပြီးသား နိုင်ငံတော်ရမယ့် အကျိုးအမြတ်ဟာ ဒီလိုပုံစံနဲ့ပဲ ကျပ် ငါးဘီလျံ နစ်နာသွားခဲ့ရပါတယ်။ ဒုတိယအကြိမ် ကုမ္ပဏီ ရှစ်ခုထဲမှာCapital Development ၊ စေပိုင်၊ Bagan နဲ့ Blessing ကုမ္ပဏီ လေးခုက ၁၈၃ ဧကစလုံးကို သူကလည်း အကုန်လုပ်မယ် ငါကလည်း အကုန်လုပ်မယ့် ဒီဇိုင်းပုံစံတွေနဲ့ တင်ကြတာပါ။ ဒါပေမဲ့ တင်ဒါလည်း ရွေးရောကုမ္ပဏီ သုံးခုတောင် ရွေးခဲ့ပါတယ်။ တကယ်ဆို ၁၈၃ ဧကစလုံး လုပ်ပါမယ်လို့ တင်ထားတဲ့ ကုမ္ပဏီတစ်ခုပဲ ရွေးရမှာကို ကုမ္ပဏီ သုံးခုကို ခွဲပေးခဲ့တာကတော့ မေးခွန်းထုတ်စရာ အခြေအနေဖြစ်ခဲ့ပါတယ်။ဒီတင်ဒါဟာ အစိုးရဟောင်း သက်တမ်းကုန်ဖို့ နှစ်လဝန်းကျင်အလို ၂၀၁၆ ခုနှစ်ထဲ ရောက်မှ ရွေးချယ်ခဲ့တာဖြစ်လို့ ပြန်လည် စိစစ်ဖို့လည်း အချိန်မီနေတဲ့အတွက် ပြန်လည်စစ်ဆေးသင့်တယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။အလားတူ ရှစ်မိုင်ခုံးကျော်တံတားကို တင်ဒါခေါ်တုန်းက ၂၀၁၅ ခုနှစ် ဇွန် ၂၃ ရက် စာရင်းဇယားအရ ကုမ္ပဏီငါးခု လျှောက်ပါတယ်။ Crown Advanced ကုမ္ပဏီက ကုန်ကျငွေမှာ ကျပ် ၁၅ ဒသမ ၅ ဘီလျံနဲ့ တစ်မျိုး၊ ကျပ် ၁၅ ဒသမ ၈ ဘီလျံနဲ့ တစ်မျိုး၊ ကျပ် ၁၆ ဒသမ ၄၅ ဘီလျံနဲ့တစ်မျိုး ကုမ္ပဏီတစ်ခုတည်း သုံးမျိုး လျှောက်ပါတယ်။ ရွှေတောင်ကုမ္ပဏီက ကျပ် ၁၃ ဒသမ ၉၇၁ ဘီလျံနဲ့ တစ်မျိုး၊ ၁၄ ဒသမ ၃၆ ဘီလျံနဲ့ တစ်မျိုး နှစ်မျိုး လျှောက်ပါတယ်။ Myanmar V-Pile  က ကျပ် ၁၃ ဒသမ ၈၅၉ နဲ့ လျှောက်ပါတယ်။ Capital Development  က ကုန်ကျငွေကို ကျပ် ၁၈ ဒသမ ၀၆ ဘီလျံနဲ့ လျှောက်ပြီး ချမ်းသာရွှေမြေကုမ္ပဏီက ကျပ် ၁၁ ဒသမ ၇ ဘီလျံနဲ့ လျှောက်ပါတယ်။ရှစ်မိုင်ခုံးကျော်တံတားအတွက် ကုန်ကျစရိတ် အနည်းဆုံးနဲ့ ဆောက်ပေးဖို့ လျှောက်ခဲ့တာက ကျပ် ၁၁ ဒ သမ ၇ ဘီလျံနဲ့ လျှောက်ထားတဲ့ ချမ်းသာရွှေမြေ ကုမ္ပဏီဖြစ်ပြီး တင်ဒါအောင်သွားတာက အနည်းဆုံး ကျပ် ၁၅ ဒသမ ၅ ဘီလျံကနေ ၁၆ ဒသမ ၄၅ ဘီလျံ သုံးပြီးဆောက်မယ့် Crown Advanced ကုမ္ပဏီဖြစ်နေပါတယ်။ တင်ဒါ တင်သွင်းတဲ့ ကုမ္ပဏီငါးခုထဲ Crown Advanced  ထက် ကုန်ကျစရိတ် ပိုသက်သာအောင် ဆောက်ပေးဖို့ လျှောက်တဲ့ကုမ္ပဏီ သုံးခုအထိ ရှိပါတယ်။ အရည်အသွေးမှာလည်း စင်ကာပူနိုင်ငံမှာ သုံးနေတဲ့ Steel Box Girder  နဲ့ တည်ဆောက်မယ်လို့ ချမ်းသာရွှေမြေက တင်ပြထားပါတယ်။ အရည်သွေးလည်း သင့်တယ်။ နိုင်ငံ့ဘဏ္ဍာလည်း ကျပ် သုံး၊ လေး၊  ငါးဘီလျံလောက် ပိုသက်သာမယ့် ကုမ္ပဏီမျိုးကို မရွေးဘဲ Crown Advanced  ကုမ္ပဏီ ကို ရွေးခဲ့တဲ့အတွက် နိုင်ငံ့ဘဏ္ဍာ နစ်နာခဲ့သလို ရှစ်မိုင်ခုံးကျော်တံတားဟာလည်း အရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ဒါ့အပြင် ဒဂုံမြို့သစ် (အရှေ့ပိုင်းမြို့ နယ်) မလစ်ကျေးရွာအုပ်စုရှိ မြေဧက ၅၅၀ အပေါ် အကောင်အထည်ဖော်ဆောင်မယ့် ပုဂ္ဂလိကပိုင် အသေးစား စက်မှုဥယျာဉ် အကောင်အထည် ဖော်ဆောင်ခွင့်ကို တရုတ်မိတ်ဖက် ကုမ္ပဏီတွေပါဝင်တဲ့ Excellent Fortune Construction ကုမ္ပဏီနဲ့ လက်ဝါးချင်းရိုက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တင်ဒါခေါ်ယူ စိစစ်ရေးအဖွဲ့က လုပ်ပိုင်ခွင့် ချပေးခဲ့မှုအပေါ် ဇေကမ္ဘာဦးခင်ရွှေရဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအုပ်စုလီမိတက် (NDCG) က သတင်းစာရှင်းလင်းမှုကို မတ် ၂၈ ရက်က ရန်ကုန်မြို့ရှိ NDCG ရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တင်ဒါခေါ်ယူ စိစစ်ရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ မလစ်ကျေးရွာအုပ်စု၊ ထောင်တလုပ်ကျေးရွာ၊ မစိုကွင်း၊ ကွင်း အမှတ် ၄၈၂ နှင့် မလစ်ကျေးရွာ၊ ကြာနီကန်ကွင်း၊ ကွင်းအမှတ် ၁၁၀၇-က နှင့် ၁၁၀၇-ခ ရှိ မြေဧရိယာများ၏ တစ်စိတ် တစ်ဒေသတွင် ပါဝင်သည့် မြေဧရိယာ ဧက ၅၅၀ ပေါ်တွင် ပုဂ္ဂလိကပိုင် အသေးစားစက်မှုဥယျာဉ် တည်ထောင်ရန် ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က တင်ဒါရောင်းချ၍ မတ် ၁၀ ရက်တွင် တင်ဒါပိတ်ကာ မတ် ၂၅ ရက်တွင် နိုင်ငံအတွက် ကျပ် ၁၈ ဘီလျံခန့် နစ်နာစေသည့် လုပ်ငန်းလုပ်ကိုင်ခွင့်ကို Excellent Fortune Construction  ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးခဲ့တယ်လို့ NDCG မှ တာဝန်ရှိသူတွေက ဆိုပါတယ်။“တင်ဒါခေါ်တဲ့ အချိန်မှာ တာဝန်ရှိတဲ့ ဝန်ကြီး ဦးကျော်စိုးက ခင်ဗျားတို့ တင်ဒါခေါ်တာ ခင်ဗျားတို့မှာ မြေကြီးရှိလား မေးတယ်။ အဲဒါဆိုရင် တင်ဒါခေါ်ကတည်းကို က မြေကြီးရှိတဲ့သူပဲ လျှောက်ပါလို့ ခေါ်ရမှာ။ သူများမြေကို တင်ဒါခေါ်လို့ မရဘူး။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရ အိုးအိမ်က တင်ဒါခေါ်တယ်ဆိုရင် အဲဒီမှာ မြေကြီးရှိပြီးသား။ ကျွန်တော်တို့က အပြိုင်အဆိုင် တင်ပြီးရတဲ့သူက ယူကြေးပဲ။ ကျွန်တော်တို့ဆီမှာ မြေကြီးရှိတယ်။ ကျွန်တော်တို့က ကျပ် ၂၀ ဘီလျံ ပေးတယ်။ ဒါက နားလည်မှုပဲ။ တင်ဒါခေါ်တာကို ကြည့်လိုက်ရင် သဘောပေါက်မယ်။ ဈေးနှုန်းချင်းတူမှ မြေကြီးပိုင်သူကို ဦးစားပေးမယ်။ ဒါက နားလည်မှု။ ဒါက အိတ်ဖွင့်တင်ဒါ ဖြစ်နေတယ်။ ကျွန်တော်တို့က သွားတင်လိုက်မိတယ်။ ဈေးက အဲဒီလို ဖြစ်နေတော့ မီးရရှိရေးအတွက် တောင်းတယ်။ အစိုးရအဖွဲ့က မပေးနိုင်ဘူး။ ရေအရင်းအမြစ် တောင်းတယ်။ အစိုးရအဖွဲ့က မပေးနိုင်ဘူး။ ရတယ်၊ တစ်ခုပဲပေး။ ကျွန်တော်တို့က အများပြည်သူအတွက် လုပ်နေတယ်။ မြေကလည်း လက်ဝါးကြီး အုပ်ထားတယ်။ မဝယ်ရသေးဘဲ စရန်ပေးထားတယ်။ စရန်ပေးပြီးတော့မှ လက်ဝါးကြီးအုပ်ထားတယ်။  ပြီးတော့မှ လက်ဝါးရိုက်တယ်။ လက်ဝါးချင်း ရိုက်ပြီးမှ ဒါကြီးကို တင်ဒါခေါ်တယ်။ ပြောရလို့ ရှိရင် ရန်ကုန်နဲ့ ပဲခူး ဆက်နေတယ်။ ရန်ကုန်နဲ့ ဧရာဝတီကလည်း ဆက်နေတယ်။ ဒီလယ်ယာမြေတွေကို လန ၃၀- က ပေးထားတယ်။  အခု ဒီမြေနေရာအတွက် ၃၀-က ကို ဘယ်လို ကျော်ဖြတ်ထားလည်း မသိဘူး။ ဒီကုမ္ပဏီနဲ့ မိတ်ဖက်ကုမ္ပဏီတွေကို သွားကြည့်လိုက်တော့လည်း အကုန်လုံးကလည်း အပွင့်လင်းဆုံးပြောရရင် တရုတ်ကုမ္ပဏီတွေချည်းပဲ။ နောက်တင်ဒါမှာ တစ်ပိုဒ်ကို ကျွန်တော်က သဘောမကျတာက ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားသားပိုင်တဲ့ ကုမ္ပဏီတွေ လုပ်လို့ မရဘူးတဲ့။ ၉၅ ရာခိုင်နှုန်းအထိ ပိုင်တဲ့ ကုမ္ပဏီတွေ လုပ်လို့ရတဲ့သဘော ဖြစ်နေတယ်၊ ကျွန်တော်တို့က ရာနှုန်းပြည့် နိုင်ငံသားပိုင်တာ” ဟု NDCG ဥက္ကဋ္ဌ  ဦးခင်ရွှေ က ဆိုပါတယ်။တကယ်ဆိုရင် ရန်ကုန်မြို့မှာ ချပေးတဲ့ တင်ဒါအားလုံးဟာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ အနီးစပ်ဆုံးပြောရရင် ရန်ကုန်မြို့မှာ မီးပွိုင့် ၁၅၀ ကျော်ကို ထိန်းချုပ်မယ့် ဗဟိုမီးပွိုင့် ထိန်းချုပ်ရေးစခန်းအတွက်  ကျပ် အနည်းဆုံး ကုန်ကျအောင် လုပ်ဆောင်ပေးမယ့် ကုမ္ပဏီကို မရွေးဘဲ ငွေကျပ်အများအပြား သုံးစွဲမည့် တရုတ်ကုမ္ပဏီကို ရွေးချယ်တဲ့အတွက် ဝေဖန်ခံရမှုကလည်း လတ်တလောမှာ ဖြစ်ခဲ့ပါတယ်။လက်ရှိမှာလည်း Excellent Fortune Construction ကုမ္ပဏီနဲ့ NDCG တို့အကြား လုပ်ပိုင်ခွင့် အငြင်းပွားမှုမှာ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားသွားဖို့ ရှိ မရှိ The Daily Eleven သတင်းစာက မေးမြန်းရာမှာတော့ ဦးခင်ရွှေက “လာဘ်ပေးလာဘ်ယူမှုများသည် Under Table မှသာ အပေးအယူလုပ်နေသည့်အတွက် တိုင်ကြား၍ မထူးနိုင်ကြောင်း ” ပြန်လည် ပြောဆိုပါတယ်။လက်ရှိ ရန်ကုန်မြို့မှာဆိုရင် စက်မှုဇုန်တွေရဲ့ ထုတ်ကုန်တွေ ထုတ်လုပ်ရာမှာ တံတားကြေးတွေက အဆမတန် ဖြစ်နေပြီး ဒီအတွက် တံတားဖြတ်သန်းခတွေ ပြန်သုံးသပ်ဖို့ စက်မှုဇုန်လုပ်ငန်းရှင်တွေက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တင်ပြရာမှာ ဦးဖြိုးမင်းသိန်းက ဒီလို တံတားလေလံတွေဟာ အရင်အစိုးရလက်ထက်က နီးစပ်မှုတွေကြောင့် ရရှိထားတာဖြစ်နေပြီး ဒီလို တံတားဖြတ်သန်းခတွေကို အများအပြား ကောက်ခံနေပေမယ့် ဝန်ကြီးဌာနနဲ့ တိုင်းပြည်က ဘာမှမရကြောင်းနဲ့ ဒီလို အနေအထားတွေကို ပြန်စိစစ်သွားမယ်လို့ ဆိုပါတယ်။ တင်ဒါတွေ နဲ့ အပြိုင်ရှိနေတာက လမ်း၊ တံတား၊ အဆောက်အအုံ၊ အင်း စတဲ့ လေလံတွေပါ။ ဒါတွေကိုလည်း တင်ဒါနည်းတူ ကြပ်မတ်နိုင်ဖို့ လိုမှာဖြစ်ပါတယ်။ဒါတွေဟာ တင်ဒါပြိုင်ရာမှာ လာဘ်ပေးလာဘ်ယူ ယှဉ်မလုပ်နိုင်လို့ မကျေနပ်မှုတွေက တစ်ဆင့် ပြည်သူတွေ သတင်းစာ စာမျက်နှာတွေပေါ်က သိခွင့်ရတဲ့ အခြေအနေတွေ ဖြစ်သလို လူမသိသူမသိနဲ့ နိုင်ငံ့ဘဏ္ဍာ သိန်းပေါင်း သန်းပေါင်းများစွာ နစ်နာခဲ့တဲ့  စီမံကိန်းတွေ လုပ်ငန်းတွေကလည်း အများအပြား ရှိနေခဲ့ပါတယ်။ ဒီလို အခြေအနေဆိုးတွေ ထိန်းချုပ်ဖို့ဆိုတာကတော့  NLD အစိုးရအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာမှာပါ။■ NLD ရဲ့တင်ဒါမူဝါဒနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၃ ခုနှစ် ဧပြီ ၅ ရက်မှာ တင်ဒါစည်းကမ်းချက်တွေ ထုတ်ပြန်ခဲ့ဖူးပါတယ်။ အဲဒီအချိန်က ထုတ်ပြန်ချက်ဟာ အားနည်းချက်တွေ အများအပြား ရှိခဲ့ပါတယ်။ဒီထုတ်ပြန်ချက်မှာဆိုရင် တကယ်အလုပ်လုပ်တဲ့ ကုမ္ပဏီတွေကို မျက်နှာသာပေးတဲ့အချက်အဖြစ် တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီဟာ တစ်ဆင့်ခံ ကန်ထရိုက် ထပ်မံလွှဲပြောင်းပေးရခြင်း မပြုလုပ်ရဘူးလို့ ပါဝင်ခဲ့ပါတယ်။ လက်တွေ့မှာတော့ တင်ဒါတွေကို အောင်သွားတဲ့ ရယူသွားတဲ့သူတွေက ဝန်ကြီးတွေ၊ စစ်အာဏာရှင်ဟောင်းတွေရဲ့ သားသမီးတွေနဲ့ ပွဲစားတွေသာ ဖြစ်ခဲ့ပြီး ကုမ္ပဏီ အသေးလေးတွေကိုတော့ တစ်ဆင့်ခံ ကန်ထရိုက်ပြန်ပေးခဲ့တဲ့အတွက် တကယ်ဆောက်တဲ့ ကုမ္ပဏီပိုင်ရှင်တွေဟာ အမြတ်ကျန်ဖို့ ဖြစ်သလို ဆောက်ရတဲ့အတွက် အရည်အသွေးပိုင်းဟာ လုံး၀ လှည့်မကြည့်နိုင်တဲ့ အခြေအနေဖြစ်ခဲ့ရပြီး အချိန်မတိုင်ခင် ပျက်စီးဆုံးရှုံးရသလို နိုင်ငံ့ဘဏ္ဍာကိုလည်း နစ်နာစေခဲ့ပါတယ်။NLD အစိုးရတက်လာပြီး ရက်ပိုင်းအတွင်းမှာ တင်ဒါမူဝါဒအဖြစ် ကန်ထရိုက်လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လိုက်နာရမယ့် လုပ်ငန်းလမ်းညွှန်တွေ ထွက်ခဲ့ပါတယ်။ဒီ လုပ်ငန်းလမ်းညွှန်တွေကို လေ့လာကြည့်မယ်ဆိုရင် ကျပ် ငါးသန်းအောက် အသေးစားပြင်ဆင်မှုတွေကို တင်ဒါမခေါ်ဘဲ ဌာနအတွင်း ဘုတ်အဖွဲ့နဲ့ လုပ်ဖို့၊ ကျပ် သန်း ၅၀ အထက်ဆိုရင် တစ်လ ကြိုတင်ပြီး သိသာထင်ရှားစွာ၊ ရှင်းလင်းစွာ တင်ဒါခေါ်ယူဖို့  သတ်မှတ်ထားပါတယ်။ဒါ့အပြင် အဓိက အကျဆုံးအချက်အဖြစ် “ တင်ဒါပေးသွင်းသူသည် မိမိ၏ တင်ဒါအောင်မြင်မှုအတွက် အစိုးရအရာရှိများထံမှ လည်းကောင်း၊ သြဇာတိက္ကမရှိသော ပုဂ္ဂိုလ်များထံမှသော် လည်းကောင်း၊ အကူအညီရရှိရန် ကြိုးစားလျှင် တင်ဒါအား ပယ်ဖျက်ရမည်။ တင်ဒါခေါ်ယူရေးကော်မတီသည် ရရှိသော တင်ဒါတစ်ခုကို ဖြစ်စေ၊ အားလုံးကိုဖြစ်စေ အကြောင်းတစ်စုံတစ်ရာ ဖော်ပြခြင်းမပြုဘဲ ပယ်ဖျက်ပိုင်ခွင့် ရှိကြောင်းကိုလည်း ကြော်ငြာတွင် အတိအလင်း ဖော်ပြရမည်”လို့ ပါဝင်ခဲ့ပါတယ်။ ဒီအချက်ကိုသာ အမှန်တကယ် လုပ်ဆောင်နိုင်မယ်ဆိုရင် လာဘ်ပေးလာဘ်ယူမှုတွေ ကင်းရှင်းလာမှာ ဖြစ်သလို ဆောက်ပြီး မကြာခင် ပြိုပျက်သွားတဲ့ ကန်ထရိုက်စီမံကိန်းတွေကိုပဲ နိုင်ငံကရနေတဲ့ အခြေအနေမျိုးက လွတ်ကင်းသွားမှာပါ။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ မဖြစ်သေးဘဲ အရင်ပုံစံအတိုင်းပဲ အာဏာရှိသူတွေရဲ့ သားသမီးတွေ၊ အထက်လူကြီးတွေ နဲ့ နီးစပ်သူတွေနဲ့ လာဘ်ပေးလာဘ်ယူ လုပ်တဲ့သူတွေကပဲ တင်ဒါတွေကို အောင်မြင်နေဆဲ အခြေအနေဖြစ်နေပါတယ်လို့ ရွှေဇာတာ ဆောက်လုပ်ရေးလုပ်ငန်းရှင်က ဆိုပါတယ်။ ဒါ့အပြင် “တင်ဒါခေါ်ယူရေးကော်မတီသည် ရရှိသော တင်ဒါတစ်ခုကို ဖြစ်စေ၊ အားလုံးကို ဖြစ်စေ အကြောင်းတစ်စုံတစ်ရာ ဖော်ပြခြင်းမပြုဘဲ ပယ်ဖျက်ပိုင်ခွင့် ရှိသည်” ဆိုတဲ့ အချက်ကတော့ အရင်စစ်အစိုးရလက်ထက်က ပုံစံအတိုင်းဖြစ်နေပြီး လက်ဝါးချင်း ရိုက်မထားတဲ့ ကုမ္ပဏီတွေကို အကြောင်းပြချက်မပေးဘဲ တင်ဒါစာရင်းက ပယ်ဖျက်နိုင်တဲ့ ပုံစံပဲ ဆက်ဖြစ်နေပါတယ်။“ဒီအစိုးရလက်ထက်မှာ တော်တော် မျှော်လင့်ထားတယ်။ ဒါပေမဲ့ အခုအချိန်အထိတော့ အရင်အတိုင်းပဲ” လို့ ရွှေဇာတာ ဆောက်လုပ်ရေးလုပ်ငန်းရှင်က ပြောပါတယ်။NLD အစိုးရရဲ့ တင်ဒါမူဝါဒမှာဆိုရင် ဘက်လိုက်ရွေးချယ်မှုတွေ ဖြစ်စေနိုင်တဲ့ EPC1- Engineering Procurement Civil Works ဆိုတဲ့ တင်ဒါဝင်ရောက် ယှဉ်ပြိုင်သူက Architectural Drawing Structural Drawing တွေ ရေးဆွဲပြီး တင်ဒါပြိုင်စေတာထက် Architectural Drawing Structural Drawing တွေ ရေးဆွဲပြီး တင်ဒါခေါ်ယူစေတဲ့ EPC2- Engineering Procurement Civil Works စနစ်က ပွင့်လင်းမြင်သာမှုရှိပြီး သွက်လက် မြန်ဆန် အကျိုးရှိစေတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ တင်ဒါလမ်းညွှန်ချက်မှာကိုကEPC2 နဲ့ ခေါ်သင့်တယ်လို့ အတိအကျ ပြောမထားပြန်ပါဘူး။ တင်ဒါစိစစ် ရွေးချယ်ရာမှာ အနိမ့်ဆုံးနဲ့ အမြင့်ဆုံးဈေးနှုန်းကို ဖော်ပြရမယ်လို့ လမ်းညွှန်ထားပေမယ့်လည်း တကယ့်တင်ဒါဖောင်တွေမှာတော့ ဖော်ပြခြင်းမရှိပါဘူး။ ဒီလိုဖြစ်နေတဲ့ အတွက် တင်ဒါပြိုင်သူတွေက ခန့်မှန်းသာ တင်ရတဲ့အတွက် သူတို့ကြိုက်တဲ့ သူရဲ့ ဈေးနှုန်းကို ရွေးချယ်သွားနိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။ ဒါပေမဲ့ အားလုံးခြုံပြီး ကြည့်မယ်ဆိုရင် NLD အစိုးရရဲ့ တင်ဒါမူဝါဒတွေအရ လာဘ်ပေးလာဘ်ယူမှုတွေ နည်းသွားနိုင်ပြီး လိုက်နာဆောင်ရွက်ဖို့ပဲ လိုပါတယ်လို့ ရွှေဇာတာ ဆောက်လုပ်ရေးလုပ်ငန်းရှင်က သုံးသပ်ပါတယ်။“တကယ် သေချာပြီလား လာဘ်မပေးရတာ။ မပေးရင် ညစ်ပတ်ပြီး ဖြတ်မယ် တောက်မယ် လုပ်နေတာတွေပါ ရှင်းပေးစေချင်တယ်။ အခုတော့ ဌာနက လူကြီးတွေက သူတို့အတွက်လည်း လိုချင်တယ် အထက်လူကြီးရဲ့ မျက်နှာရအောင် လုပ်ပြချင်တာနဲ့ ကန်ထရိုက်တွေဆီက အပိုတောင်းတာတွေ များနေလို့ပါ။ ကိုယ်တွေ့ပါ။ သိန်း ၁၂၀၀ ကျော် လုပ်ငန်းအတွက် ပေးရတာက သိန်း ၂၀၀၊ လုပ်ငန်းအပိုတောင်းတာက သိန်း ၃၀ ဖိုး။ ဥပဒေစကားရပ်နှင့် မညီဘဲ လုပ်ငန်းကို ငဲ့ပြီး လုပ်ပေးရတာတွေပါ။  ဌာနတစ်ခုက လုပ်ငန်းနဲ့ ငွေထုတ်ခွင့်ကို အဲဒီဌာနက မကိုင်ဘဲ တခြားဌာနအဖွဲ့က ကိုင်တာ စစ်တာလုပ်ရင် ပိုကောင်းမလား။ ဥပမာ ဒေသသက်ဆိုင်ရာ အမတ်တွေနဲ့အဖွဲ့တွေရဲ့ လက်မှတ်ပါမှ ကောင်းမယ်ထင်ပါတယ်” လို့ တင်ဒါဝင်ရောက် ယှဉ်ပြိုင်လေ့ရှိသူ ကိုကျော်နန္ဒက သူ့အတွေ့အကြုံကို ပြောပါတယ်။NLD အစိုးရအနေနဲ့ တင်ဒါနဲ့ ပတ်သက်တဲ့ မူဝါဒကို ချမှတ်ပြီးတဲ့အပြင် တင်ဒါကနေ ဖြစ်ပေါ်တဲ့ လာဘ်ပေးလာဘ်ယူမှုတွေ အမြစ်ပြတ်ဖို့နဲ့ အဆင့်ဆင့် လာဘ်ပေးနေရလို့ အရည်အသွေးမမီတဲ့ တင်ဒါတွေရဲ့ စီမံကိန်းအဆောက်အအုံတွေကိုပဲ အသုံးပြုနေရလို့ နိုင်ငံ့ဘဏ္ဍာအထပ်ထပ် နစ်နာနေရတာတွေနဲ့ ပတ်သက်ပြီး တင်ဒါစိစစ်တဲ့ ရွေးချယ်တဲ့ ဝန်ထမ်းတွေကို အရည်အသွေး မြှင့်တင်မှုတွေ ပြုလုပ်သင့်တယ်လို့ အကြံပြုပါတယ်။“ပစ္စည်းဝယ်ယူရေးနဲ့ ပတ်သက်ပြီး ဗဟိုဦးစီးစနစ် တစ်ခုကို လုပ်ဖို့လိုပါတယ်။ ပစ္စည်းဝယ်ယူပြီးရင်လည်း သတ်မှတ်တန်ဖိုးအလိုက် အထူးဂရုပြုပြီးတော့ လေ့လာသုံးသပ်ပေးမယ့် ပညာရှင်၊ ဌာန၊ ဒါမှမဟုတ် သုတေသနအဖွဲ့အစည်း တစ်ခု ဖွဲ့စည်းတည်ထောင်ဖို့ လိုပါတယ်။ တခြားနိုင်ငံတွေမှာလည်း တင်ဒါခေါ်ယူမှုတွေကို ဆန်းစစ်သုံးသပ်ဖို့အတွက် စနစ်ကျတဲ့ အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်လေ့ ရှိပါတယ်။ အရင်ခေတ်ကလည်း ကျွန်တော်တို့နိုင်ငံမှာ “စိစစ်တိုး” လို့ ခေါ်တဲ့ စီမံကိန်းများကို စိစစ်ခြင်းနှင့် တိုးတက်ခြင်းတွေကို စောင့်ကြည့်တဲ့ အဖွဲ့ အစည်း ရှိခဲ့ပါတယ်။ဆိုလိုတာကတော့ အားလုံးသိပြီးသားဖြစ်တဲ့ တင်ဒါအငယ်စားတွေကနေ ကြီးမားတဲ့ တင်ဒါတွေအထိ ပိုပြီးတော့ ပွင့်လင်းမြင်သာအောင် လမ်းညွှန်ရမှာပေါ့။ ပိုပြီးတော့ အဆင့်မြင့်တဲ့ တန်ဖိုးကြီးတဲ့ တင်ဒါတွေကို ခေါ်ယူရင်တော့ စနစ်တကျ စိစစ်နိုင်တဲ့အနေအထား ဖြစ်အောင်  စွမ်းအင်ကို မြှင့်တင်နိုင်ဖို့ လိုပါတယ်။ နောက်ပြီးတော့ အခုခေတ်မှာ ပုဂ္ဂလိကနဲ့ ပူးပေါင်း ပြီးလုပ်နေတာဖြစ်တဲ့အတွက် တင်ဒါခေါ်ယူမှုတွေမှာ ပိုပြီးအဆင်ပြေဖို့ (PPP- Public Private Parternaship) ပုံစံနဲ့လည်း လုပ်သင့်ပါတယ်” လို့ ဒေါက်တာဇော်ဦးက အကြံပြုပါတယ်။ဝန်ကြီးဌာနတွေရဲ့ တင်ဒါတွေ ဝင်ရောက်ယှဉ်ပြိုင်ရာမှာဆိုရင် လာဘ်ပေးမှုတွေကို မျက်မြင်သိနေမြင်နေလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားတာမျိုး ပြုလုပ်ခဲ့ဖူးသလားလို့ မေးမြန်းရာမှာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ တင်ဒါကို ဝင်ပြိုင်ရာမှာ တခြားဝန်ကြီးဌာနတွေထက်တောင် အခြေအနေဆိုးခဲ့ပြီး လုံးဝပွင့်လင်းမြင်သာမှု မရှိတဲ့ အခြေအနေပါလို့ ရွှေဇာတာဆောက်လုပ်ရေးလုပ်ငန်းရှင်က ဆိုပါတယ်။“လက်ရှိ NLD အစိုးရက ထုတ်ပြန်ထားတဲ့ အချက်တွေတိုင်းက ဘယ်မှာမှ မဖြစ်သေးဘူး။ ကျွန်တော် ကရင်ပြည်နယ်က တင်ဒါသွားဝယ်ခဲ့တယ်။ ကရင်ပြည်နယ် အစိုးရဟာကလည်း ထုတ်ပြန်ချက်နဲ့ မကိုက်ညီခဲ့ဘူး။ အားကစားက တင်ဒါကလည်း ထုတ်ပြန်ချက်တွေနဲ့ မကိုက်ညီဘူး။ သူတို့ ထုတ်ပြန်ထားတဲ့ အချက်တွေကို လောလောဆယ်မှာ ဖြစ်နေတာတွေထက် စာရင်ပိုပြီး တော့ ကောင်းတယ်။အဲဒီ ထုတ်ပြန်ချက်တွေအတိုင်း လုပ်ပေးနိုင်ရင် တင်ဒါတွေက ပိုပြီးတော့ ကောင်းလာမယ်။ ကျွန်တော်တို့လို ကုမ္ပဏီအသေးလေးတွေကို ကောင်းလာစေချင်ရင်တော့ လက်ရှိ ပုံစံတွေကို ပြောင်းပစ်မှ ရမယ်။ မပြောင်းနိုင်ရင်တော့ ကျွန်တော်တို့လို ကုမ္ပဏီအသေးလေးတွေက ဘယ်တော့မှ တင်ဒါတွေရစရာ အကြောင်းမရှိတော့ဘူး” လို့ ရွှေဇာတာဆောက်လုပ်ရေး လုပ်ငန်းရှင်က ဆိုပါတယ်။လက်ရှိ မြန်မာနိုင်ငံရဲ့ တင်ဒါတွေ ခေါ်ယူမှု အနေအထားက ဖြစ်နေတဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို ပွင့်လင်းမြင်သာမှုမရှိတဲ့ လာဘ်ပေးလာဘ်ယူမှု ပုံစံတွေကို NLD အစိုးရအနေနဲ့ လာမယ့် နှစ်နှစ်လောက်အတွင်း တိုက်ဖျက်နိုင်မယ် မထင်ကြောင်းနဲ့ ဒီလိုသာ မတိုက်ဖျက်နိုင်ရင် လုပ်ငန်းရပ်တည်ဖို့အတွက် လာဘ်ပေးလာဘ်ယူမှုတွေ မလုပ်ချင်ပေမယ့် လာဘ်ပေးပြီး တင်ဒါရအောင် ယူရမယ့် အနေအထားဖြစ်နေတဲ့အတွက် လက်ရှိ တင်ဒါကနေဖြစ်နေတဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို အမြန်ဆုံးဖြေရှင်းနိုင်အောင် လုပ်ဆောင်သင့်တယ်လို့ ယမန်နှစ် က ဝန်ကြီးဌာနတွေရဲ့ တင်ဒါ ၂၀ ကျော်ကို ဝင်ပြိုင်ခဲ့ပေမယ့် လူကြီးနဲ့ မနီးစပ်လို့၊ လာဘ်ပေးလာဘ်ယူ မလုပ်ခဲ့လို့ လျှောက်သမျှ တင်ဒါတွေ မအောင်ခဲ့တဲ့ လုပ်ငန်းရှင် တစ်ဦးက  ဆိုပါတယ်။ 

Most Read

Most Recent