နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဆွီဒင်နိုင်ငံ၊ အိုင်ယာလန်နိုင်ငံနှင့် တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံတို့မှ သံအမတ်ကြီးများ၏ သံအမတ် ခန့်အပ်လွှာများအား ဧပြီ ၂၆ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သတင်းရရှိသည်။
ထိုသို့ သံအမတ်ခန့်အပ်လွှာ လက်ခံရာတွင် သမ္မတဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ စတက်ဖန်ဟားရ်စထရွမ်းသည် နံနက် ၁၀ နာရီတွင် လည်းကောင်း၊ အိုင်ယာလန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဘရီဒန်ရိုဂျာ(စ်)သည် နံနက် ၁၀ နာရီခွဲတွင်လည်း ကောင်း၊ တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော မစ္စတာဂျိုအာဖရိ တက်စ်ဒီကမ်မာရာသည် နံနက် ၁၁ နာရီတွင် လည်းကောင်း ၎င်းတို့၏ သံအမတ် ခန့်အပ်လွှာများကို အသီးသီး ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သမ္မတဦးထင်ကျော် ဦးဆောင်သည့် အစိုးရလက်ထက်တွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများအဖြစ် ခန့်အပ်လွှာ ပေးအပ်သည့် အထက်ပါနိုင်ငံ သုံးနိုင်ငံမှာ ပထမဆုံး ဖြစ်သည်။
ထို့ပြင် သမ္မတဦးထင်ကျော်သည် နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ပြီး နောက်ပိုင်းတွင် နိုင်ငံတကာမှ လာရောက်သည့် ဧည့်သည်တော်များအဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကနေဒါနိုင်ငံ၊ အီတလီနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီး သုံးဦးနှင့်သာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ထားသည်။
ထို့အတူ သမ္မတဦးထင်ကျော်ထံ သမ္မတတာဝန် ထမ်းဆောင်ခြင်းအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် အမေရိကန်နိုင်ငံသမ္မတ မစ္စတာအိုဘာမား တို့က ဖုန်းဆက်၍ ဝမ်းမြောက် ဂုဏ်ပြုကြောင်းနှင့် ချီးကျူးစကားများ ပြောကြားထားသည်။
သမ္မတဦးထင်ကျော် ဆွီဒင်၊ အိုင်ယာလန်နှင့် တီမောလက်စ်တေ နိုင်ငံတို့မှ သံအမတ်ကြီးများ၏ သံအမတ် ခန့်အပ်လွှာများ လက်ခံ















