မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်တွင် ယာဉ်တိုက်မှုနှုန်း မြင့်တက်နေ

မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်တွင် ယာဉ်တိုက်မှုနှုန်း မြင့်တက်နေ
Published 20 April 2016
ကိုရွှေသိန်း (မြဝတီ)

မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် ဖွင့်လှစ်ပြီးနောက် ခရီးသွားလာမှုနှင့်ကုန်စည်စီးဆင်းမှု မြင့်တက် ကောင်းမွန်လာသော်လည်း မကြာခဏ ဖြစ်နေသော ယာဉ်တိုက်မှုများကြောင့် လူ့အသက်များစွာ ဆုံးရှုံးလျက်ရှိကြောင်း သိရသည်။မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် ဖွင့်လှစ်ပြီးနောက် မြဝတီ-ရန်ကုန် နေ့ချင်း အရောက်သွားနေကြပြီ ဖြစ်သလို မြဝတီ-နေပြည်တော်၊ မန္တလေး-တောင်ကြီး မြို့များကို တိုက်ရိုက်သွားလာနိုင်ပြီ ဖြစ်သလို မော်လမြိုင်၊ ဘားအံမြို့များမှ ခရီးသည်များ နေ့ချင်းပြန် သွားလာနေကြသည်။မြဝတီ-ကော့ကရိတ် ၁၈ မိုင်ခန့်သာ ဝေးပြီး လမ်းကောင်းမွန်သော်လည်း အတက်ရှည်၊ အဆင်းရှည်ပြီး အကွေ့အကောက်များပြီး သတိပေး ဆိုင်းဘုတ်များအား လိုက်နာမှု မရှိသည့် မော်တော်ယာဉ်များ မတော်တဆမှု အပတ်စဉ် ဖြစ်ပွားကာ ခရီးသွားများ အသက်ဆုံးရှုံးလျက်ကြောင်း သိရသည်။မြန်မာနှစ်ဆန်း ၂ ရက် ဧပြီ ၁၈ ရက်က မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် မိုင်တိုင်အမှတ် ၁၆၁၊ မြဝတီဘက်က တက်လာသော ဆိုင်ကယ်နှင့် ကော့ကရိတ်ဘက်မှ လာသော ကားတို့ မျက်နှာချင်းဆိုင် တိုက်မိကာ ဆိုင်ကယ်မောင်းသူ သေဆုံးသွားခဲ့သည်။“သိသိချင်း အမြန်သွားပြီး ကယ်ဆယ်တာပါပဲ။ အရှိန်နဲ့ ဆင်းလာတဲ့ကား၊ ကွေ့မှာ ဘရိတ်ချို့ယွင်းပြီး တစ်ဖက်ယာဉ်ကြောက ဆိုင်ကယ်ကို ဝင်တိုက်တာပါ။ ဆိုင်ကယ် သမား လွင့်သွားတယ်။ ဆိုင်ကယ်လည်း ပျက်စီးသွားတယ်။ လူလည်း အသက်ဆုံးရှုံးခဲ့ပါတယ်။ ခရီးသွားကားတွေ အာရှလမ်းကို သွားတော့မယ်ဆိုရင် လမ်းညွှန်ဆိုင်းဘုတ်တွေကို လိုက်နာရမှာ ဖြစ်သလို ယာဉ်ရဲ့ ကြံ့ခိုင်မှုလည်း ကောင်းဖို့ လိုပါတယ်” ဟု မြဝတီ စေတနာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးလှထွန်းက ပြောကြားသည်။၁၀.၇.၁၄ ရက်တွင်လည်း မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ကွမ်းခြံအကွေ့တွင် မော်တော်ဆိုင်ကယ် အရှိန်မြှင့်မောင်းနှင်မှုကြောင့် လမ်းဘေးတွင် ရပ်ထားသော (၁၂)ဘီးယာဉ်ကြီး၏ အနောက်ဘက်ကို ဝင်တိုက်မိပြီး မော်တော်ဆိုင်ကယ်တွင် စီးနင်းလိုက်ပါသူ သုံးဦးတွင် မောင်းနှင်သူ တစ်ဦးမှာ အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးခဲ့ပြီး၊ ကျန်အမျိုးသား နှစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိကာ မြဝတီ စေတနာအသင်း (Myawaddy RESCUE Team)နှင့် ညီနောင် အရေးပေါ် အဖွဲ့တို့မှ သွားရောက်၍ အရေးပေါ် လူနာနှစ်ဦးအား လိုအပ်သည့် လုပ်ဆောင်မှုများ ပြုစုကူညီပေးခဲ့ကြောင်း သိရသည်။မြဝတီ-ကော့ကရိတ် အာရှလမ်း နတ်စင်ကွေ့ အနီးတွင် မတ် ၃၀ ရက် မွန်းလွဲ ၁ နာရီခန့်က ကုန်ပစ္စည်းများ တင်ဆောင်ထားသော ခြောက်ဘီးယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားသည်။ ယာဉ်မောင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးနှင့် ယာဉ်နောက်လိုက် တစ်ဦးမှာ ယာဉ်တိမ်းမှောက်သည့် နေရာတွင် တစ်နာရီကျော်ကြာ ကားအတွင်းထဲတွင် ညှပ်မိနေသဖြင့် (Myanmar RESCUE Myawaddy)၊ (Kawkareik Rescue Team) သင်္ကန်းညီနောင်၊ အစ္စလာမ် လူမှုကူညီရေး အသင်းတို့နှင့် ကိုဆလုံ၏ တန်(၃၀)ကရိန်းကား အကူညီဖြင့် ခြောက်ဘီးအတွင်း ညှပ်မိနေသော အရေးပေါ်လူနာ၏ အသက်အား အချိန်မီ ကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သော ကူညီမှုများဖြင့် ပြုစုကူညီခဲ့ပြီး ကော့ကရိတ်ဆေးရုံ အရေးပေါ်ဌာနသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။မြဝတီ ကော့ကရိတ် အာရှလမ်းမကြီး ရင်ခွဲတောင်အလွန် မိုင်တိုင်အမှတ် (၁၅၈) တွင် မတ် ၁၅ ရက်က (Ford Ranger) အိမ်စီးကား မောင်းနှင်းနေစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ပလက်ဖောင်းကို ဝင်တိုက်မိပြီး ယာဉ်မောင်း အမျိုးသားမှာ အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။မြဝတီနယ်စပ် ကုန်သွယ်မှု အာရှလမ်းသစ်သည် အကွေ့အကောက်များပြီး လမ်းကျဉ်းမြောင်းသည့် ဒေါနတောင်ကျော်လမ်းဟောင်းထက် ခရီးလမ်းပြေပြစ် ချောမွေ့ပြီး ရန်ကုန်မြို့သို့ တိုတောင်းသည့် ကုန်သွယ်လမ်းကြောင်း ဖြစ်သော်လည်း အတက်ရှည်၊ အဆင်းရှည်ပြီး တစ်ဆစ်ချိုးကွေ့များကြောင့် ယာဉ်မတော်တဆမှုများ အပတ်စဉ် ဖြစ်ပွားကာ လူ့အသက်များ ဆုံးရှုံးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent