ဒေါ်လာ ၁၅ သန်းမှ သန်း ၅၀ အကြား ကုန်ကျမည့် မန္တလေး Mertropolitan ဖိုက်ဘာကွန်ရက် စီမံကိန်းအား သုံးနှစ် စီမံကိန်းဖြင့် မန္တလေးမြို့၌ စတင် လုပ်ဆောင်နေ

ဒေါ်လာ ၁၅ သန်းမှ သန်း ၅၀ အကြား ကုန်ကျမည့် မန္တလေး Mertropolitan ဖိုက်ဘာကွန်ရက် စီမံကိန်းအား သုံးနှစ် စီမံကိန်းဖြင့် မန္တလေးမြို့၌ စတင် လုပ်ဆောင်နေ
Published 20 April 2016
စောရည်နန္ဒာ

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်ဖြစ်သော ကော်မတီ နယ်နိမိတ် အတွင်း၌ ဒေါ်လာ ၁၅ သန်းမှ သန်း ၅၀ ကြား ကုန်ကျမည့် မန္တလေး Mertropolitan ဖိုက်ဘာကွန်ရက် စီမံကိန်းအား သုံးနှစ် စီမံကိန်းဖြင့် မန္တလေးမြို့တွင် ၂၀၁၆ ခုနှစ် ဧပြီလအတွင်း စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း တာဝန်ယူဆောက်လုပ်သည့် Eager Communication Group မှ သိရသည်။အဆိုပါ ဖိုက်ဘာကွန်ရက်သည် ကီလိုမီတာ ၇၅၀ ကျော် ရှည်လျားမည်ဖြစ်ပြီး Micro Trenching system ဖြင့် လည်းကောင်း၊ Manual Trenching System ဖြင့် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းစီမံကိန်းအား ၂၀၁၆ ခုနှစ်မှ စတင်လုပ်ဆောင်ပြီး ၂၀၁၉ ခုနှစ်အထိ သုံးနှစ်ကြာ စီမံကိန်း ဖြစ်သည်။“အခု ပထမဆုံး အနေနဲ့ ဖိုက်ဘာတွေကို ငါးကီလိုမိတာ၊ ၁၀ ကီလိုမီတာစီတော့ ချထားပြီးသွားပါပြီ။ ဒီဖိုက်ဘာတွေက ၇၅၀ ကျော် ကီလိုမီတာ ရှည်မှာဆိုတော့ တစ်နှစ်ကို ၂၅၀ ကီလိုမီတာလောက်တော့ ချထားရမှာပါ။ မန္တလေးမြို့တော် စည်ပင်သာယာဘက်က မြေနေရာ ပေးထားပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီဘက်က ကုန်ကျစရိတ် အားလုံးကို တာဝန်ယူ တည်ဆောက်ပေးတာပါ။ တစ်နှစ်ကို ဒေါ်လာ ၁၅ သန်း နီးပါးလောက်တော့ ကုန်ကျမယ်” ဟု Eager Communication Group ကုမ္ပဏီ လီမီတက်မှ  မန်နေဂျင်း ဒါရိုက်တာ ဦးဌေးဝင်းက ပြောကြားသည်။လက်ရှိတွင် ပထမအဆင့် အနေဖြင့် မန္တလေးမြို့တော်အား Ring ပုံသဏ္ဌာန် ပတ်လမ်းပြု ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ပြီး ရတနာပုံတက္ကသိုလ် အဝင်လမ်းနှင့် တောင်သမန်ကန်ပတ်လမ်း တောင်ခြမ်းဆုံရာ ကျောက်လမ်းထောင့်အား သတ်မှတ်ထားပြီး Manual Trenching  system ဖြင့် စတင်လုပ်ကိုင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် Micro Trenching System ဖြင့် Trencher ကို အသုံးပြုလျက် ရတနာပုံတက္ကသိုလ် အဝင်လမ်းအား စမှတ်မှ မြောက်ဘက်သို့ ယာဉ်ကြောတစ်ခြမ်းပိတ်၍ လည်းကောင်း စတင်လုပ်ဆောင်မည်ဖြစ်သည်။အဆိုပါ Micro Trenching system ဖြင့် ကွန်ရက်ချိတ်ဆက် ဆောင်ရွက်မည့် နေရာတစ်ဝိုက်တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်များ အန္တရယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ စီမံကိန်းအား Eager Communication Group ကုမ္ပဏီ လီမီတက်မှ တာဝန်ယူ လုပ်ဆောင်မည်ဖြစ်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ မြေနေရာပေးထားကြောင်း သိရသည်။ ယင်းစီမံကိန်း လုပ်ဆောင်ပြီးစီးသွားပါက မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ အစိုးရရုံးများ အားလုံး၏ ရုံးတွင်းပိုင်းလုပ်ငန်း ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန် လွယ်ကူလာမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ Information Officer ဦးကျော်လင်းငြိမ်းက ပြောကြားသည်။

Most Read

Most Recent