၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ လကုန်အထိ ပုဂ္ဂလိက ကုမ္ပဏီများက ရေကြောင်းဖြင့် စက်သုံးဆီ တင်သွင်းမှု မက်ထရစ်တန်ပေါင်း နှစ်သန်းကျော်ရှိ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ လကုန်အထိ ပုဂ္ဂလိက ကုမ္ပဏီများက ရေကြောင်းဖြင့် စက်သုံးဆီ တင်သွင်းမှု မက်ထရစ်တန်ပေါင်း နှစ်သန်းကျော်ရှိ
Published 20 April 2016
ရွှန်းလဲ့ဝင်း

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ လကုန်အထိ ပုဂ္ဂလိက ကုမ္ပဏီများ ရေကြောင်းဖြင့် စက်သုံးဆီ တင်သွင်းမှု မက်ထရစ်တန်ပေါင်း နှစ်သန်းကျော် ရှိပြီဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ထုတ်ပြန်သော စာရင်းများအရ သိရသည်။၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ ပုဂ္ဂလိက ကုမ္ပဏီများ ရေကြောင်းဖြင့် စက်သုံးဆီ တင်သွင်းမှု မက်ထရစ်တန် စုစုပေါင်း ၁၃ သန်းနီးပါး ရှိပြီဖြစ်သည်။အဆိုပါ စက်သုံးဆီများအား ဘဏ္ဍာနှစ် ခြောက်နှစ်အတွင်း သင်္ဘောစင်းရေ ၂၁၇၂ စင်းဖြင့် စက်သုံးဆီ မက်ထရစ်တန် စုစုပေါင်း ၁၂၉၄၃၇၃၈ တန် တင်သွင်းခဲ့ခြင်းဖြစ်သည်။ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်-ကျောက်တန်း နယ်မြေ၊ သီလဝါဆိပ်ကမ်း ဒေသတွင် စက်သုံးဆီတင်ချ ဆိပ်ခံတံတား သုံးခုရှိပြီး အဆိုပါ ဆိပ်ခံတံတားများရှိ နောက်ခံမြေပေါ်တွင် စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရေး အဆောက်အုံများ တည်ဆောက်ထားရှိသည်။ သီလဝါဒေသရှိ စက်သုံးဆီ တင်ချ ဆိပ်ခံတံတား သုံးစင်းမှာ မြတ်မေတ္တာမွန်၊ Green Asia နှင့် Apex Jetty တို့ဖြစ်သည်။အဆိုပါ စက်သုံးဆီတင်ချ ဆိပ်ခံတံတားများတွင် စက်သုံးဆီ သိုလှောင်ကန်များ အနေဖြင့် မြတ်မေတ္တာမွန်၌ ဓာတ်ဆီ သိုလှောင်ကန် ငါးကန်တွင် မက်ထရစ်တန် ၃၀၀၀၊ ဒီဇယ်ကန် လေးကန်တွင် မက်ထရစ်တန်ပေါင်း ၃၄၀၀၀ စုစုပေါင်း ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် ၆၄၀၀၀ သိုလှောင်နိုင်ပြီး သိုလှောင်ကန် သုံးကန် ဆောက်လုပ်နေဆဲဖြစ်သည်။၂၀၁၆ ခုနှစ် ဇူလိုင်တွင် စတင် ဖွင့်လှစ်ခဲ့သည့် Green Asia Port Terminal စက်သုံးဆီ တင်ချ ဆိပ်ခံတံတားသစ်တွင် ဓာတ်ဆီသိုလှောင်ကန် လေးကန်တွင် မက်ထရစ် တန် ၂၆၀၀၀၊ ဒီဇယ်ကန် နှစ်ကန်တွင် မက်ထရစ်တန်ပေါင်း ၃၀၀၀၀ စုစုပေါင်း ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် ၅၆၀၀၀ သိုလှောင်ထားနိုင်သည်။ Apex Jetty တွင် ဓာတ်ဆီသိုလှောင်ကန် သုံးကန်တွင် မက်ထရစ်တန် ၁၆၂၀၀ သိုလှောင်ထားနိုင်ပြီး သိုလှောင်ကန်တစ်ကန် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။ပုဂ္ဂလိက ကုမ္ပဏီများ ရေကြောင်းဖြင့် စက်သုံးဆီ တင်သွင်းမှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ စတင်ကာ နှစ်စဉ် မြင့်တက်နေခြင်း ဖြစ်သည်။

Most Read

Most Recent