၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၈ ဒသမ ၆ ရာခိုင်နှုန်း ရှိမည်ဟု မျှော်မှန်းထားပြီး စာသုံးသူဈေးနှုန်း ဆညွှန်းကိန်း ၉ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိမည်ဟု IMF ခန့်မှန်း

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၈ ဒသမ ၆ ရာခိုင်နှုန်း ရှိမည်ဟု မျှော်မှန်းထားပြီး စာသုံးသူဈေးနှုန်း ဆညွှန်းကိန်း ၉ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိမည်ဟု IMF ခန့်မှန်း
Published 18 April 2016
စည်သူအောင်

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၈ ဒသမ ၆ ရာခိုင်နှုန်း ရှိမည်ဟု မျှော်မှန်းထားပြီး စားသုံးသူဈေးနှုန်း ဆညွှန်းကိန်း ၉ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိမည်ဟု IMF (အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့) ၏ World Economic Outlook April 2016 အစီရင်ခံစာတွင် ဖော်ပြထားသည်။၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်း ရှိခဲ့သည်ဟု IMF က သုံးသပ်ထားပြီး ယခု ၂၀၁၆ ခုနှစ်တွင် ပိုမို တိုးတက်မည်ဟု မျှော်မှန်းထားခြင်း ဖြစ်သည်။ ယခင် ဦးသိန်းစိန် အစိုးရလက်ထက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းများမှာ ၂၀၁၁ ခုနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ၇ ဒသမ ၃ ရာခိုင်နှုန်း၊ ၂၀၁၃ ခုနှစ်တွင် ၈ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၈ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ခုနစ်ရာခိုင်နှုန်း ရှိခဲ့ခြင်းဖြစ်သည်။ဦးသိန်းစိန် အစိုးရ လက်ထက်တွင် စားသုံးသူဈေးနှုန်း ဆညွှန်းကိန်းသည် တစ်နှစ်ထက် တစ်နှစ် ပိုမို မြင့်တက်လာပြီး ယခု အစိုးရ ကူးပြောင်းစနှစ်ဖြစ်သော ၂၀၁၆ ခုနှစ်တွင် ၉ ဒသမ ၆ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားကာ အနာဂတ်ကာလတွင် ပြန်လည် ကျဆင်းနိုင်သည်ဟု သုံးသပ်ထားသည်။ ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့သော စားသုံးသူဈေးနှုန်း ဆညွှန်းကိန်းသည် ၂၀၁၃ ခုနှစ်တွင် ၅ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၂၀၁၅ ခုနှစ်တွင် ၁၁ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြင့်ဆုံးနှုန်းဖြင့် တိုးတက်နိုင်သည်ဟု မျှော်မှန်းထားပြီး မြန်မာနိုင်ငံနှင့်အတူ အမြင့်ဆုံး တိုးတက်နိုင်သည့် နိုင်ငံများ စာရင်းတွင် အိမ်နီးချင်းနှင့် ဒေသတွင်း နိုင်ငံများဖြစ်သော အိန္ဒိယ (၇ ဒသမ ၅ ရာခိုင်နှုန်း)၊ လာအို (၇ ဒသမ ၄ ရာခိုင်နှုန်း)၊ ကမ္ဘောဒီးယား (၇ ရာခိုင်နှုန်း)၊ ဘင်္ဂလားဒေ့ရှ် (၆ ဒသမ ၆ ရာခိုင်နှုန်း)၊ တရုတ် (၆ ဒသမ ၅ ရာခိုင်နှုန်း) တို့ ပါဝင်သည်။၂၀၁၆ မတ်လ ၃၀ ရက်က ထုတ်ပြန်သော အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ‘အာရှ၏ အလားအလာ အစီရင်ခံစာ ၂၀၁၆’ တွင်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်းမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ၈ ဒသမ ၄ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားသည်။ ၂၀၁၅ နှစ်လယ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် သိသိသာသာ မြင့်တက်လာပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ၁၆ ဒသမ ၂ ရာခိုင်နှုန်းအထိ ရှိလာကာ ၂၀၁၅ တစ်နှစ်လုံးအတွက် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ရာခိုင်နှုန်း ရှိသည်ဟု ADB က ခန့်မှန်းခဲ့သည်။မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ယခုနှစ်ပိုင်းအတွင်း အမြင့်ပိုင်းတွင် ရှိနေဦးမည်ဟု ADB က မျှော်မှန်းထားပြီး ၂၀၁၆ ခုနှစ် ၉ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်း ဝန်းကျင်အထိ ပြန်လည် ကျဆင်းမည်ဟု ခန့်မှန်းထားသည်။ IMF ကလည်း မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသစ် တက်ရောက်ပြီးနောက်ပိုင်း စားသုံးသူဈေးနှုန်း ဆညွှန်းကိန်းများ ပြန်လည်ကျဆင်းမည်ဟု မျှော်မှန်းထားပြီး ၂၀၁၆ ခုနှစ်တွင် ၉ ဒသမ ၆ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၈ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းမည်ဟု ခန့်မှန်းထားသည်။      

Most Read

Most Recent