အမေရိကန်မှ မြန်မာနိုင်ငံသို့ ပေးအပ်မည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP) ကို ၂၀၁၆ ခုနှစ်အတွင်း ရရှိနိုင်မည်ဟု သိရ

အမေရိကန်မှ မြန်မာနိုင်ငံသို့ ပေးအပ်မည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP) ကို ၂၀၁၆ ခုနှစ်အတွင်း ရရှိနိုင်မည်ဟု သိရ
Published 18 April 2016
နီလာ

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးအပ်မည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP) ကို ၂၀၁၆ ခုနှစ်အတွင်း ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ နိုင်ငံတကာ ကုန်သွယ်ရေး အပိုင်းတွင် ၂၀၁၃ ခုနှစ် ဇူလိုင်လ၌ ဥရောပသမဂ္ဂက (GSP) ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးကို ပြန်လည်ပေးအပ်ခဲ့သည်။ GSP ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးသည် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများသို့ ပေးအပ်သည့် ကုန်သွယ်မှုဆိုင်ရာ အကောက်ခွန်သက်သာခွင့် အထူးအခွင့်အရေးဖြစ်သည်။အမေရိကန်ပြည်ထောင်စုကလည်း အလားတူ ဆောင်ရွက်ရန် ပြင်ဆင်ခဲ့ပြီး သီးခြားလိုအပ်ချက်ဖြစ်သော အလုပ်သမား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးကိစ္စ (အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် အလုပ်သမား အဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ရေး ကိစ္စ)၊ဉာဏပစ္စည်းများ မူပိုင်ခွင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေးတို့ကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးသည် ဖြစ်၍ ၂၀၁၆ ခုနှစ်တွင် ထိုအခွင့်အရေးကို ရရှိနိုင်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး၏ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲရေး မူဘောင်၏ ဖွံ့ဖြိုးမှု ရလဒ်များ သုံးသပ်ချက်-ဖေဖော်ဝါရီ-၂၀၁၆ ၏ ကုန်သွယ်ရေးကဏ္ဍတွင် ဖော်ပြထားသည်။အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံသို့ ပေးအပ်ထားသည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးကို ၁၉၇၆ ခုနှစ်တွင် စတင်ရရှိခဲ့သော်လည်း ၁၉၈၉ ခုနှစ်တွင်မူ ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။ လက်ရှိ အချိန်၌မူ ပြန်လည်ပေးအပ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ပေးအပ်နိုင်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။မြန်မာနှင့် အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ၁၀ လအတွင်း မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၆၈ သန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်နိုင်ငံမှ တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၁၃၇ သန်းကျော် ရှိခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၀၅ သန်းကျော် ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့သည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံနှင့် အမေရိကန် ကုန်သွယ်မှု အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၅၀ အထိ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။မြန်မာနိုင်ငံမှ အမေရိကန်သို့ တင်ပို့ခဲ့မှု ကုန်ပစ္စည်းများမှာ လယ်ယာထွက်ကုန်များ၊ ရေထွက်ပစ္စည်းများ၊ စက်မှုကုန်ချော ပစ္စည်းများ အဓိက တင်ပို့နေကြောင်းနှင့် အမေရိကန်နိုင်ငံမှ လူသုံးကုန် ပစ္စည်းများ အဓိက တင်သွင်းကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများကိုလည်း တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent