အစိုးရသစ်အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်များ ဆက်သွားနိုင်ရေး အကောင်အထည်ဖော်မည့် စုဖွဲ့မှုအမြန်ဆုံး လုပ်မည်ဟု မျှော်လင့်ကြောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းခြင်း အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ နှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် NCA လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ကျင်းပခဲ့သည်။ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျွန်တော်တို့ကတော့ အလုပ်ကြီးကြီး နှစ်ခုပဲရှိပါတယ်။ မနှစ်က ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ မှာ လက်မှတ်ရေးထိုးထားတဲ့ NCA သမိုင်းဝင် စာချုပ်ပေါ့ဗျာ။ ဒီစာချုပ်ကို အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေဟာ မပြီးသေးပါဘူး။ အစပဲ ရှိပါသေးတယ်။ အဲဒါတွေကို ဆက်သွားဖို့ ပြင်ဆင်ထားပြီးတော့ အစိုးရသစ်ကနေ ဖွဲ့စည်းပေးမယ့် အာဏာပိုင်အဖွဲ့ လုပ်ငန်းအဖွဲ့တွေနဲ့ ပူးတွဲလုပ်သွားဖို့ ကျွန်တော်တို့က အဆင်သင့် လုပ်ထားပါတယ်။ တစ်ဖက်ကလည်းပဲ အစိုးရအဖွဲ့သစ်နဲ့ ပူးတွဲပြီး ခေါ်ယူဖို့လိုတာ နောက်တစ်ခေါက်ပေါ့၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံလို ဆွေးနွေးပွဲကြီးကြီးတွေမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြန်စရင်တော့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအားလုံး ပါနိုင်သလောက်ပါအောင် ပြန်ပြီးကြိုးစားမယ့် သဘောရှိတယ်” ဟု ပြောကြားသည်။ဆက်လက်၍ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “နောက်အစိုးရသစ်အနေနဲ့ အလုပ်တွေ များတာတော့ ကျွန်တော်တို့ သိပါတယ်။ အလုပ်တွေများတဲ့ ကြားထဲက ပြည်တွင်းငြိမ်းချမ်းရေးကို တကယ် ထိထိရောက်ရောက် ဖြစ်သွားဖို့အတွက် အစိုးရဟောင်းရဲ့ အစစလုပ်ငန်းဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေကို ဆက်သွားနိုင်အောင် အကောင်အထည် ဆက်ဖော်ပေးဖို့ တာဝန်ရှိတဲ့လူတွေ စုဖွဲ့မှုတွေ အမြန်ဆုံးလုပ်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တာပေါ့” ဟု ဆိုသည်။အစိုးရသစ်၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်သော မူဝါဒအား ရှင်းရှင်းလင်းလင်း သိရှိပါက တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးတွင် မပါဝင်သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ၎င်းတို့၏ အနေအထားကို ပြန်လည်သုံးလာနိုင်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးအဆင့်တွင် တပ်မတော်က အရေးကြီးကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် အပစ်အခတ်ရပ်စဲရေး အဆင့်တွင် တတ်နိုင်သလောက် လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်ရေးကို စီမံကိန်းချ ဆောင်ရွက်သင့်ကြောင်း၊စစ်ဆင်ရေးကြီးများ လုပ်ဆောင်ရန် ပြင်ဆင်ခြင်းမျိုးထက် နိုင်ငံရေးဆွေးနွေးပွဲတွင် ပါလာနိုင်အောင် လမ်းဖွင့်ပေးခြင်း၊ အပစ်အခတ်ရပ်စဲရေးတွင် ပါလာနိုင်အောင် လမ်းဖွင့်ပေးခြင်းက ပိုပြီး အကျိုးရှိမည်ဟု တိုက်တွန်းလိုကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းကလည်း “ငြိမ်းချမ်းရေးဆိုတာ တည်ဆောက်ဖို့အတွက် လက်ရှိဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းဖို့ အရင်လုပ်။ ဒါက အစိုးရမှာတာဝန်ရှိတယ်။ တပ်မတော်မှာရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာရော တာဝန်ရှိတယ်။ဒုတိယကတော့ ဒီလက်နက်ကိုင်တိုက်ပွဲတွေ ရပ်ပြီးတဲ့ နောက်မှာ ပြန်ပြီးတော့ တိုက်ခိုက်မှုတွေမရှိအောင် ကျွန်တော်တို့ ထိန်းရမယ်။ နောက်ဆုံးအချက်ကတော့ လက်နက်ကိုင် ပဋိပက္ခကို အနာဂတ်မှာ ကျွန်တော်တို့တိုင်းပြည်မှာ ပြန်မဖြစ်ပွားဖို့ အဲဒီလက်နက်ကိုင် ပဋိပက္ခတွေကို ဖြစ်ပွားစေတဲ့ အခြေခံနိုင်ငံရေးပြဿနာ၊ လူမျိုးရေးပြဿနာတို့ ကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးကြပြီး ညှိနှိုင်းအဖြေရှာကြပေါ့ ။ ဒါကို ဆောင်ရွက်ရမှာဖြစ်တယ်။ ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုရင် တစ်ဖက်နဲ့ တစ်ဖက်ရဲ့ အနေအထားကို နားလည်သဘောပေါက်ပြီးတော့ သည်းခံစိတ်နဲ့ ရေရှည်အမြင်နဲ့ ကြိုးစားဆောင်ရွက်ဖို့တော့ လိုအပ်တာပေါ့။ တစ်ဆိတ်ရှိ ဒေါသထွက်တာတို့ တစ်ဆိတ်ရှိ လက်နက် အားကိုးတာတို့ ဒါတွေက မလုပ်သင့်ဘူး။ နားလည်မှုရှိရှိနဲ့ ဆောင်ရွက်ဖို့တော့လိုအပ်တယ်လို့ မြင်ပါတယ်” ဟု ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဆောင်ဖွဲ့စည်းထားသော အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေးအနေဖြင့် လုပ်ဆောင်သွားရန် ပြင်ဆင်ထားကြောင်း ပါတီခေါင်းဆောင်များက ပြောဆိုထားရာ အစိုးရသစ်၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မူဝါဒကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့များ၊ လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက စောင့်မျှော်လျက်ရှိသည်။
အစိုးရသစ်အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်များ ဆက်သွားနိုင်ရေး အကောင်အထည်ဖော်မည့် စုဖွဲ့မှု အမြန်ဆုံးလုပ်မည်ဟု မျှော်လင့်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာ ပြောကြား















