ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းနှင့်ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ အဆောင်အယောင် စရိတ်များကို လျှော့ချရန် စဉ်းစားနေကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ပြောကြား

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းနှင့်ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ အဆောင်အယောင် စရိတ်များကို လျှော့ချရန် စဉ်းစားနေကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ပြောကြား
Published 9 April 2016
မျိုးမင်းထက်၊ ဝီရမိုးနေ

အစိုးရအဖွဲ့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ အဆောင်အယောင် စရိတ်များ ကိုလျှော့ချရန် စဉ်းစားနေကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဧပြီ ၈ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ အ.ထ.က(၁)၌ ပြုလုပ်ခဲ့သည့် တာမွေမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တာမွေမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အလုပ်အမှုဆောင်များ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်အဆင့် တာဝန်ခံများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ တွေ့ဆုံပွဲ အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းများသည် ပြည်သူ့ဝန်ထမ်းများ ဖြစ်ကြောင်း၊ မည်သည့်ပါတီ၊ မည်သည့် အစိုးရတက်တက် နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများအပေါ် စောင့်သိပြီး မိမိတို့ကျရာ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် အဓိက တာဝန်ရှိကြောင်း ဦးဝင်းမြင့်က ဆိုသည်။
လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က "ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေရဲ့ ဘဏ္ဍာအခွန်နဲ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းကမှ တစ်ဆင့် လစာ၊ စရိတ်စက၊ အဆောင်အယောင်တွေ ခံစားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အခါကျတော့  ပြည်သူကို မျက်နှာမူရမှာ ဖြစ်ပါတယ်။ ပြည်သူကို မျက်နှာမူရမယ်လို့ ကျွန်တော်ဘာကြောင့် ပြောလဲဆိုတော့ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်းပေါ်မှာ မျက်နှာမူလို့ မရပါဘူး။ ဒီမိုကရေစီနိုင်ငံကို သွားချင်တယ်။ ဒီမိုကရေစီနိုင်ငံကို တကယ်တည်ဆောက် ကြမယ်ဆိုရင် ပြည်သူကို ဦးထိပ်ပန်ဆင်ကြရမှာ ဖြစ်ပါတယ်။ ပြည်သူသာ အဓိကကျပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ နိုင်ငံ့ဝန်ထမ်းတွေမှာ တာဝန်ရှိပါတယ်" ဟု ဆက်လက် ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်ဖွဲ့ထားသည့် လက်ရှိအစိုးရအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ဌာနနှင့် ပြည်ထောင်စုဝန်ကြီး ဦးရေ ၂၀ ဖြင့် ဖွဲ့စည်းဆောင်ရွက် လျက်ရှိသည်။
"ကျွန်တော်တို့ အခုစတင်ပြီး တာဝန်ထမ်းဆောင်တဲ့ ကာလမှာ ဥပမာဟိုတုန်းက ဝန်ကြီးဌာန ၃၆ ခုရှိတယ်။ ဝန်ကြီးဦးရေ ရာကျော်ရှိတယ်။ အဲဒီတော့ ဝန်ကြီးဌာန ၃၆ ခုနဲ့ ဝန်ကြီးဦးရေ ရာကျော်ကို ကျွန်တော်တို့ ကျစ်လျစ်ခိုင်မာစွာနဲ့ တစ်ဝက်လောက် လျှော့ချလိုက်တဲ့အခါမှာ ဒါက ကျွန်တော်တို့ ပြောချင်တာ ပြည်ထောင်စုအဆင့် ဝန်ကြီးကိုပဲ ပြောသေးတာ။ ကျွန်တော်တို့နိုင်ငံရဲ့ လိုငွေပြနေတဲ့ ကျပ်သန်းပေါင်း ၅၀၀၀ ကျော်ကို လျှော့ချနိုင်ခဲ့တယ်။ ထို့အတူ နောက်ဆက်တွဲဖြစ်တဲ့ ဒုဝန်ကြီးတွေ အခါတိုင်းဆို နှစ်ဦးဝန်ကြီးဌာန တစ်ခုမှာ နှစ်ဦး၊ အခုနှစ်ဦးလည်း မရှိသေးဘူး။ တစ်ဦးလည်း မရှိသေးဘူး။ သို့သော် တစ်ဦးပဲထား၊ နှစ်ဦးမရှိဘူးပဲထား။ ဒုတိယဝန်ကြီး လျှော့ချလိုက်လို့ ရှိရင်လည်း ကျွန်တော်တို့ ဒီငွေလျှော့ရှင်း သွားမယ်ဆိုတာ  တွေ့ရပါတယ်။ ထို့နည်းတူပဲ ကျွန်တော်တို့ အခုကျွန်တော်တို့ရဲ့ လက်ရှိ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်တွေ၊ တိုင်းနဲ့ပြည်နယ်အဆင့် ပုဂ္ဂိုလ်တွေ၊ အဆောင်အယောင် စရိတ်စကတွေ၊ လျှော့ချလိုက်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ လိုငွေပြမှုဟာ တော်တော်လေး လျော့သွားမယ့် အနေအထားရှိတယ်။ ဒါလျှော့ချဖို့လည်း ကျွန်တော်တို့ စဉ်းစားနေတယ်" ဟု ဦးဝင်းမြင့်က ပြောကြားသည်။
ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေတွင် နိုင်ငံတော် သမ္မတသည် လစဉ်ချီးမြှင့်ငွေ ကျပ်သိန်းငါးဆယ်၊ ဒုတိယ သမ္မတသည် ကျပ်သိန်းလေးဆယ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်တို့သည် လစဉ်ချီးမြှင့်ငွေကျပ် သုံးဆယ့်ငါးသိန်း ခံစားခွင့်ရှိပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌတို့သည် လစဉ်ချီးမြှင့်ငွေ ကျပ်သိန်းသုံးဆယ် ခံစားခွင့်ရှိသည်။
ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတို့သည် အစိုးရနေအိမ်တွင် အခမဲ့နေထိုင်ခွင့်၊ နေအိမ်အတွက် လိုအပ်သည့် ပရိဘောဂစရိတ် အခမဲ့၊ လုံခြုံရေး အစောင့်အရှောက်၊ ပြည်တွင်း၊ ပြည်ပ အခမဲ့ဆေးကု သခွင့်၊ ရေအခမဲ့သုံးစွဲခွင့်၊ လျှပ်စစ်ဓာတ်အား အခမဲ့သုံးစွဲခွင့်၊ ပြည်တွင်း ခေါ်ဆိုမှုအတွက် တယ်လီဖုန်း အခမဲ့သုံးစွဲခွင့်၊ ကိုယ်ရေး အရာရှိတစ်ဦး၊ အိမ်အကူနှစ်ဦး၊ ထမင်းချက်နှစ်ဦး၊ ဥယျာဉ်ထိန်းသိမ်းစရိတ် အခမဲ့၊ မော်တော်ယာဉ်လေးစီး၊ ယာဉ်မောင်းလေးဦး၊ မော်တော်ယာဉ် လေးစီးအတွက် တစ်စီးလျှင် စက်သုံးဆီ တစ်လဂါလန် ၆၀ နှုန်း၊ မော်တော်ယာဉ် လေးစီးအတွက် အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီတို့ကို ခံစားခွင့်ရှိသည်။
ထို့အတူ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌတို့သည် အစိုးရနေအိမ်တွင် အခမဲ့ နေထိုင်ခွင့်၊ လုံခြုံရေး အစောင့်အရှောက်၊ ပြည်တွင်းအခမဲ့ ဆေးကုသခွင့်၊ ရေအခမဲ့သုံးစွဲခွင့်၊ လျှပ်စစ်ဓာတ်အား အခမဲ့သုံးစွဲခွင့်၊ ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်း အခမဲ့သုံးစွဲခွင့်၊ ကိုယ်ရေးအရာရှိ တစ်ဦး၊ အိမ်အကူနှစ်ဦး၊ ဥယျာဉ်လုပ်သားနှစ်ဦး၊ မော်တော်ယာဉ်သုံးစီး၊ ယာဉ်မောင်းသုံးဦး၊ မော်တော်ယာဉ် သုံးစီးအတွက် တစ်စီးလျှင် စက်သုံးဆီ တစ်လ ဂါလန် ၆၀ နှုန်း၊ မော်တော်ယာဉ် သုံးစီးအတွက် အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီတို့ကို ခံစားခွင့်ရှိသည်။
ဦးဝင်းမြင့်က ဌာနဆိုင်ရာ တာဝန်ရှိသူများကို နိုင်ငံသူ၊ နိုင်ငံသားများအပေါ် နိုင်ငံဝန်ထမ်း ဥပဒေနှင့်အညီ ပြည်သူကိုလေးစားရန်နှင့် အကျင့်ပျက်ခြစားမှုကို ရှောင်ကြရန် မှာကြားခဲ့သည်။
"ကျွန်တော်တို့ နိုင်ငံက ဆင်းရဲနေတဲ့ နိုင်ငံဖြစ်တဲ့ အခါကျတော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း တကယ်ပြောမယ်ဆိုရင် နိုင်ငံအတွက် လျှော့ချတာတွေရှိတယ်။ အခု ကြားမှာပါ ဝန်ကြီးဌာနတွေရဲ့ အသုံးအဆောင်ကစ ဒါတွေတော့ တစ်ခုချင်း မပြောတော့ပါဘူး။ ကျွန်တော်တို့ နိုင်ငံဘတ်ဂျက်ကို မကုန်သင့်တာ မကုန်ရအောင်၊ အလေအလွင့် မရှိသင့်တာ မရှိရအောင် ကျွန်တော်တို့ စောင့်ထိန်းပြီးတော့ လိုက်နာနေတယ်။ အဲဒီလို လိုက်နာခြင်းအားဖြင့် ဘာမှမလုပ်နိုင်လျှင် နေတိုင်းပြည်အတွက် ငွေရအောင် မရှာနိုင်သေးရင်နေ လောလောဆယ် အဲဒီလို ယိုယွင်းနေတဲ့၊ လေလွင့်နေတဲ့ ဟာတွေကို ပိတ်နိုင် ဆို့နိုင်ရင်တောင် ကျွန်တော်တို့ နိုင်ငံဟာ အဆင်းရဲဆုံးနိုင်ငံ ဘဝကနေ အများကြီး လျော့ပါးသွားမှာပါ" ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆိုသည်။
 

Most Read

Most Recent