သင်္ကြန်ကာမတိုင်မီ ဆန်၊ ဆီ၊ သားငါး နှင့် ကုန်ခြောက်ဈေးနှုန်းများ ကျပ် ၁၀၀၀ မှကျပ် ၅၀၀၀ အထိ ဈေးမြင့်တက်လျက်ရှိ

သင်္ကြန်ကာမတိုင်မီ ဆန်၊ ဆီ၊ သားငါး နှင့် ကုန်ခြောက်ဈေးနှုန်းများ ကျပ် ၁၀၀၀ မှကျပ် ၅၀၀၀ အထိ ဈေးမြင့်တက်လျက်ရှိ
Published 8 April 2016

သင်္ကြန်ကာမတိုင်မီ ဆန်၊ ဆီ၊ သားငါးနှင့် ကုန်ခြောက်ဈေးနှုန်းများ အနေဖြင့် ဈေးနှုန်းမြင့်တက်မှုများ ရှိနေပြီး ကျပ် ၁၀၀၀ မှစတင်၍ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
 
သင်္ကြန်ကာလ နီးကပ်လာခြင်းနှင့် ကုန်စည်ကား၊ သင်္ဘောများ ဆိုက်ရောက်မှု နည်းပါးခြင်းကြောင့် ဈေးကွက်အတွင်း ကုန်ခြောက်နှင့် သား၊ ငါးဈေးနှုန်းများ ကျပ် ၁၀၀၀ မှ ၅၀၀၀ အထိ မြင့်တက်လျက် ရှိနေသည်။
 
သား၊ ငါးဈေးနှုန်းများအနေဖြင့် မွေးမြူရေးကြက် တစ်ပိဿာလျှင် ယခင်ကျပ် ၅၀၀၀-၆၀၀၀ ကြားရှိရာမှ ယခုကျပ် ၈၀၀၀ သို့လည်းကောင်း၊ အိမ်ကြက်တစ်ပိဿာလျှင် ယခင်ကျပ် ၈၀၀၀-၁၀၀၀၀ ကြားမှ ယခုကျပ် ၁၀၀၀၀-၁၂၀၀၀ သို့လည်းကောင်း၊ ဝက်သား တစ်ပိဿာလျှင် ယခင်ကျပ် ၆၀၀၀- ၁၀၀၀၀ ကြားမှ ယခုကျပ် ၇၀၀၀ မှ ၁၂၀၀၀ သို့လည်းကောင်း၊ အမဲသားတစ်ပိဿာလျှင် ယခင်ကျပ် ၇၀၀၀-၁၀၀၀၀ ကြားရှိခဲ့ရာ ယခုအခါတွင် ကျပ် ၈၀၀၀-၁၅၀၀၀ သို့လည်းကောင်း အသီးသီး မြင့်တက်လျက် ရှိနေသည်။
 
ငါးဈေးနှုန်းများ အနေဖြင့်လည်း ယခင်ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် ၂၅၀၀ မှ ၃၀၀၀ ရှိခဲ့ရာ ယခုအခါတွင် တစ်ပိဿာ ကျပ် ၅၀၀၀ မှ ၆၅၀၀ အထိသို့လည်းကောင်း၊ ယခင် ငါးရံ့တစ်ပိဿာ ကျပ် ၄၅၀၀ မှ ၆၅၀၀ ရှိခဲ့ရာ ယခုအခါတွင် တစ်ပိဿာ ကျပ် ၈၀၀၀ မှ ၁၀၀၀၀ သို့လည်းကောင်း၊ ယခင် ငါးကျည်းနှင့်ငါးခူ တစ်ပိဿာလျှင် ကျပ် ၆၀၀၀ မှ ၇၀၀၀ ရှိခဲ့ရာ ယခုအခါတွင် ကျပ် ၈၀၀၀ မှ ၁၀၀၀၀ သို့လည်းကောင်း၊ ယခင် တီလားဗီးယားငါး တစ်ပိဿာ ကျပ် ၁၀၀၀ မှ ၂၅၀၀ ရှိခဲ့ရာ ယခုအခါတွင်ကျပ် ၃၀၀၀ မှ ၆၀၀၀ အထိသို့လည်းကောင်း၊ ယခင် ငါးကြင်းတစ်ပိဿာကျပ် ၄၀၀၀ ရှိခဲ့ရာ ယခုအခါတွင် ကျပ် ၅၀၀၀ မှ ၇၀၀၀ သို့လည်းကောင်း ငါးဈေးနှုန်းများ အနေဖြင့် ကျပ် ၂၅၀၀ မှ ၅၀၀၀ အထိ ဈေးနှုန်းမြင့်တက်လျက် ရှိသည်။
 
“သားငါးဈေးနှုန်းတွေက တစ်ပိဿာ  ၃၀၀၀၊ ၄၀၀၀ ဆိုတာ မရှိတော့ဘူး။ နောက်ပြီး အခုကသင်္ကြန်လည်း နီးပြီဆိုတော့ သားဈေး၊ ငါးဈေးတွေက ဈေးတက်တယ်။ နောက်ပြီး ပစ္စည်းရှားလာတာရယ်ကြောင့် ဈေးတွေက ထက်ဝက်စီ မြင့်နေရတာ။ ဈေးကတက်နေပေမယ့် ဈေးပိတ်ရက်လည်းရှိတော့ ဒီပိတ်ရက်တွေအတွက် ဈေးကြီးလည်း တင်ရောင်းရတာတွေရှိတယ်။ သင်္ကြန်အတွက်ဆိုပြီး တစ်ပတ်စာ လာဝယ်တဲ့သူတွေကလည်းရှိတော့ ဒီရက်ပိုင်းအတွင်းကတော့ ရောင်းရပါတယ်” ဟု တာမွေမြို့နယ်ရှိ တာမွေဈေးအတွင်း သားငါးရောင်းချလျက်ရှိသော ဈေးသည်တစ်ဦးက ပြောကြားသည်။
 
ဆန်ဈေးနှုန်းများ အနေဖြင့် သင်္ကြန်ရက်မတိုင်မီ မတ်လလယ်မှစတင်၍ ဆန်ဈေးနှုန်းများ အနေဖြင့် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ပြီး ရွှေဘိုပေါ်ဆန်းတစ်အိတ် ယခင်ကျပ် ၄၅၅၀၀ မှယခုအခါတွင် ကျပ် ၅၀၄၀၀ သို့လည်းကောင်း၊ ဖျာပုံပေါ်ဆန်းရှယ်တစ်အိတ်လျှင် ယခင်ကျပ် ၄၁၀၀၀ မှယခုအခါတွင် ကျပ် ၄၃၀၀၀ ကျပ်သို့လည်းကောင်း၊ တောင်ပြန်ဆန်သစ် တစ်အိတ်လျှင် ကျပ် ၄၁၀၀၀ မှကျပ် ၄၃၀၀၀ သို့လည်းကောင်း ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀ မှ ၄၀၀၀ ကြားဈေးနှုန်းမြင့်တက်လျက် ရှိနေသည်။
 
ဆန်သစ်တစ်ပြည် ဈေးနှုန်းအနေဖြင့် ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် ယခင်ကျပ် ၁၉၀၀ မှကျပ် ၂၁၀၀ သို့လည်းကောင်း၊ တောင်ပြန်ဆန်တစ်ပြည်လျှင် ယခင်ကျပ် ၁၇၀၀ မှကျပ် ၁၈၀၀ သို့လည်းကောင်း၊ ဖျာပုံဆန်သစ်ရှယ် တစ်ပြည်လျှင် ယခင် ၁၇၀၀ မှယခုအခါတွင် ၁၈၀၀ သို့လည်းကောင်း ဈေးနှုန်းမြင့်တက်လျက် ရှိနေသည်။
 
ဆန်ကြမ်းဆန်သစ် ဈေးနှုန်းများအနေဖြင့် ဧည့်မထဆန်တစ်အိတ်လျှင် ယခင်ကျပ် ၂၆၄၀၀ မှယခုအခါတွင် ကျပ် ၂၈၀၀၀ သို့လည်းကောင်း၊ တစ်ပြည်ဈေးနှုန်းများ အနေဖြင့် ဧည့်မထဆန် တစ်ပြည်လျှင် ယခင်ကျပ် ၁၁၀၀ မှယခုအခါတွင် ကျပ် ၁၁၅၀ မှ ၁၂၀၀ သို့လည်းကောင်း ဈေးနှုန်းမြင့်တက်လျှက် ရှိနေသည်။
 
“ဆန်ဈေးတွေအနေနဲ့ ဆန်အမျိုးအစားအလိုက် အနည်းဆုံး တစ်ပြည်ကို ကျပ် ၁၀၀ စီတက်တယ်။ အရင်တက်ဈေးထက် ပိုတက်သွားတာပေါ့။ အိတ်လိုက်ဈေးနဲ့ တွက်မယ်ဆိုရင် ပျှမ်းမျှအနေနဲ့ ကျပ် ၂၀၀၀ ကနေ ၃၀၀၀ လောက်ထိ ဈေးတက်တယ်။ ဆန်သစ်ဈေးတွေက ဆန်အဟောင်းကိုလိုက်ပြီး ဈေးတက်နေတယ်။ ဆန်ဈေးနှုန်းတွေအနေနဲ့ ဈေးတက်ဖို့ပဲရှိတယ်” ဟု တာမွေမြို့နယ်ရှိ ဆန်လက်လီ အရောင်းဆိုင်မှ ပြောကြားခဲ့သည်။
 
ထို့အပြင် ဆီဈေးနှုန်းများ အနေဖြင့် ပြည်တွင်းပဲဆီနှင့် ဆုံဆီ ဆီဈေးနှုန်းများ အနေဖြင့် ဈေးနှုန်းမြင့်တက်မှုများ မရှိသော်လည်း ပြည်ပမှ တင်သွင်းလျက်ရှိသည့် စားအုန်းဆီ ဈေးနှုန်းများအနေမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ယခင်ကျပ် ၁၈၀၀ ရှိခဲ့ရာမှ ယခုအခါတွင် ကျပ် ၂၀၀၀ မှ ၂၂၀၀ သို့လည်းကောင်း ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း ဆီဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။
 
ကြက်သွန်ဈေးနှုန်းများ အနေဖြင့် ယခင်ကြက်သွန် တစ်ပိဿာကျပ် ၂၅၀-၄၅၀ ရှိခဲ့ရာ ယခုအခါတွင် ကျပ် ၃၅၀- ၅၅၀ သို့လည်းကောင်း၊ ကုန်ခြောက်များဖြစ်ကြသည့် ဆား၊ သကြားဈေးနှုန်းများ အနေဖြင့် ယခင်ပေါက်ဈေးထက် ကျပ် ၅၀ မှ ၁၀၀ ကြား ဈေးနှုန်းမြင့်တက်လျက်ရှိသည်။ 
 
ကုန်စိမ်းများဖြစ်သည့် ဟင်းသီဟင်းရွက်များမှာလည်း ဈေးနှုန်းမြင့်တက်လျက် ရှိနေပြီး ယခင်ထက် ချဉ်ပေါင်၊ ကန်စွန်းရွက်၊ ငရုတ်သီး၊ နံနံပင်၊ ကိုက်လန်၊ မုံညင်း၊ ပြောင်းဖူး၊ ဗိုလ်စားပဲ စသည့်ကုန်စိမ်းများ အနေဖြင့် ယခင်ဈေးနှုန်းထက် ကျပ် ၅၀ မှ ၃၀၀ အတွင်း ဈေးနှုန်းမြင့်တက်လျက်ရှိသည်။
 
ကုန်ဈေးနှုန်းများ အနေဖြင့် ၂၀၁၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက နှစ်ဆ၊ သုံးဆခန့် ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်မှ စတင်၍ ကုန်ဈေးနှုန်းများသည် တဖြည်းဖြည်း ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲကာလပြီး နိုဝင်ဘာတွင် ဈေးနှုန်းသိသိသာသာ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
 
၂၀၁၅ နိုဝင်ဘာလမှ ထပ်မံစတင်မြင့်တက်ခဲ့သည့် ကုန်ဈေးနှုန်းများသည် ၂၀၁၆ ဧပြီသင်္ကြန်မတိုင်မီ ကာလတွင် ဈေးနှုန်းထပ်မံမြင့်ခဲ့သည်။ ၂၀၁၅ ခုနှစ်၏ ဒီဇင်ဘာလ နှစ်ကုန်ပိုင်းတွင် အခြေခံ စားသောက်ကုန်များ အနေဖြင့် ယခင်အတက်ဈေးထက် မြင့်တက်နေမှုများသည် နှစ်သစ်ကူးပွဲတော်ရက်များနှင့် သဘာဝဘေးအန္တရာယ်တို့၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည့် ကုန်ရှားပါးခြင်း၊ လုပ်သားများ ရှားပါးလာခြင်း၊ ကုန်စည်များ အနေဖြင့် ရှားပါးလျက်ရှိနေသော်လည်း ပြည်ပသို့တင်ပို့သည် ဆန်များအနေဖြင့် ယခင်အတိုင်း ဆက်လက်တင်ပို့နေခြင်းနှင့် ကုန်သည်ပွဲစားများ၏ ဈေးကစားမှုတို့ကြောင့် ဆန်နှင့်ကြက်သွန်ဈေးနှုန်းများ အနေဖြင့် ဈေးနှုန်းမြင့်တက်လျက်ရှိနေပြီး အခြေခံ စားသောက်ကုန်စည်များ အနေဖြင့် ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်ရခြင်း၏ အခြေခံ အကြောင်းတရားများပင်ဖြစ်သည်။
 
ထို့ကြောင့် နှစ်နှစ်တာကာလအတွင်း အခြေခံ စားသောက်ကုန် ဈေးနှုန်းများ အနေဖြင့် စံချိန်တင်မြင့်တက်လျက်ရှိသော အခြေခံ စားသောက်ကုန်များ အနေဖြင့် ၂၀၁၅ နှစ်ကုန်ပိုင်း အတွင်း၌လည်း ဈေးနှုန်းအဆမတန် မြင့်တက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဈေးကွက်ဆိုင်ရာ အချက်အလက်များမှ စုံစမ်းသိရှိရပြီး ဆန်၊ ဆီနှင့် သားငါးဈေးနှုန်းများသည်  ၂၀၁၆ ခုနှစ် မတ်လမှစတင်ကာ တစ်ဖြည်းဖြည်း တက်ရိပ်ပြနေခဲ့ပြီး သင်္ကြန်ပွဲတော်ရက် ပိုမိုနီးကပ်လာ၍ ဈေးနှုန်းမြင့်တက်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent