ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာလဲနှုန်း တစ်ရက်အတွင်း ၁၂ ကျပ်အထိ လျှော့ချခဲ့ပြီး တစ်ဒေါ်လာလျှင် ကျပ် ၁၁၈၀ သတ်မှတ် ထားကြောင်း ဗဟိုဘဏ်မှ သိရသည်။
ဗဟိုဘဏ်၏ ရည်ညွှန်းဒေါ်လာ သတ်မှတ်နှုန်းသည် ဧပြီပထမပတ်အတွင်း ဆက်တိုက်လျှော့ချ သတ်မှတ်လျက်ရှိပြီး ဧပြီ ၄ ရက်တွင် ကျပ် ၁၂၁၀ သို့လည်းကောင်း၊ ဧပြီ ၅ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၀၅ ကျပ်မှ ဧပြီ ၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၆ ကျပ်၊ ဧပြီ ၇ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း လေးကျပ်သို့ ထပ်မံလျှော့ချခဲ့သည့်အတွက် တစ်ပတ်အတွင်း ၁၈ ကျပ်ကျဆင်းခဲ့သည့်အပြင် ဧပြီ ၈ ရက်တွင် တစ်ဒေါ်လာ လျှင် ၁၂ ကျပ်အထိ ထပ်မံလျော့ချခဲ့သည့်အတွက် တစ်ဒေါ်လာလျှင် ကျပ် ၁၁၈၀ သို့ ကျဆင်းလာသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ်သတ်မှတ်ပေးနေသည့် ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေဈေးကွက်မှာ ကွာဟချက် များနေခြင်းကြောင့် ဟုဆိုကာ ဗဟိုဘဏ်၏နေ့စဉ် ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁၃ ရက် တစ်ဒေါ်လာ သတ်မှတ်နှုန်း ကျပ် ၁၂၀၀ မှစ၍ သတ်မှတ်ခဲ့သော်လည်း ဒီဇင်ဘာ ၂၈ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်းမှာ ၁၃၁၁ ကျပ်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီးနောက်ပိုင်း ဗဟိုဘဏ်၏သတ်မှတ် ဒေါ်လာလဲနှုန်းသည် ၂၀၁၆ ခုနှစ် ဧပြီ ၈ ရက် တစ်ဒေါ်လာလျှင် ၁၁၈၀ ကျပ်သို့ လေးလဆက်တိုက် ပြန်လည်ကျဆင်းခဲ့သည်။
လက်ရှိအချိန်တွင် ဒေါ်လာလဲနှုန်းများ ဆက်တိုက် ကျဆင်းနေခြင်းနှင့် ပတ်သက်၍ "နံပါတ်တစ်အနေနဲ့ သိသာတာကတော့ လျှပ်စစ်က ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ဘတ်ဂျက်တွေ ချပေးတာရှိတယ်။ ဒေါ်လာ သန်း ၁၅၀၀ လောက်ရှိတယ်။ ချပေးတဲ့ဘတ်ဂျက်က နည်းနည်းပဲ သုံးရသေးတယ်။ အဓိက,ကတော့ နိုင်ငံတကာက ပေးထားတဲ့ ပိုက်ဆံတွေက အစိုးရသစ် လက်ထက်မှာ အုံနဲ့ကျင်းနဲ့ ဝင်တော့မှာလေ။ ဈေးကွက်ထဲကို ဒေါ်လာတွေ ဝင်လာတော့မယ်ဆိုတော့ ဒေါ်လာဈေးတွေ ကျမှာပါ။ နောက်ပြီး နိုင်ငံတကာကလာမယ့် အကူအညီတွေ ရန်ပုံငွေတွေရှိတယ်။ ဒီဟာရဲ့လှိုင်းက အတော်ကြီးတယ်။ ဒါကြောင့် ရုတ်တရက် ကျတာဖြစ်တယ်" ဟု ဦးသန်းစိုး (ဘောဂဗေဒ) က ပြောကြားသည်။
ဧပြီ ၈ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြား ငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၁၁၈၀ သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ကျပ် ၁၁၈၀ ဝန်းကျင်၊ ဝယ်ဈေး ၁၁၇၈ ကျပ်ဝန်းကျင်တွင် ရှိနေသည်။
ဗဟိုဘဏ်၏ ရည်ညွှန်းဒေါ်လာလဲနှုန်း ဆက်တိုက်လျှော့ချ သတ်မှတ်လျက်ရှိပြီး တစ်ရက်အတွင်း တစ်ဒေါ်လာလျှင် ၁၂ ကျပ်အထိ ထပ်မံလျှော့ချ










