ဗဟိုဘဏ်၏ ရည်ညွှန်းဒေါ်လာလဲနှုန်း တစ်ရက်အတွင်း ကိုးကျပ် လျှော့ချ သတ်မှတ်ခြင်းနှင့်အတူ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၁၇၇ ကျပ် ဝန်းကျင်သို့ ဆက်လက် ကျဆင်း

ဗဟိုဘဏ်၏ ရည်ညွှန်းဒေါ်လာလဲနှုန်း တစ်ရက်အတွင်း ကိုးကျပ် လျှော့ချ သတ်မှတ်ခြင်းနှင့်အတူ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၁၇၇ ကျပ် ဝန်းကျင်သို့ ဆက်လက် ကျဆင်း
Published 6 April 2016
အောင်မြတ်ကို

ဗဟိုဘဏ်၏ ရည်ညွှန်းဒေါ်လာလဲနှုန်း တစ်ရက်အတွင်း ကိုးကျပ် လျှော့ချ သတ်မှတ်ခြင်းနှင့်အတူ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၁၇၇ ကျပ်ဝန်းကျင်သို့ ဆက်လက် ကျဆင်းလာကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေး ဈေးကွက်မှ စုံစမ်း သိရသည်။ဗဟိုဘဏ်၏ ရည်ညွှန်းဒေါ်လာ သတ်မှတ်နှုန်းသည် ဧပြီလအတွင်း ဆက်တိုက် လျှော့ချ သတ်မှတ်လျက်ရှိပြီး ဧပြီ ၄ ရက်တွင် ကျပ် ၁၂၁၀ သို့ လည်းကောင်း၊ ဧပြီ ၅ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၀၅ ကျပ်မှ ဧပြီ ၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၆ ကျပ်သို့ သုံးရက်အတွင်း ၁၄ ကျပ် လျှော့ချ သတ်မှတ်ခဲ့သည်။ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းတွင် ဒေါ်လာ သတ်မှတ်နှုန်းသည် မတ် ၂၂ ရက်မှ ၃၁ ရက်အထိ တစ်ဒေါ်လာလျှင် ၁၂၁၆ ကျပ်တွင် တည်ငြိမ်နေခဲ့ပြီး ဧပြီ ၄ ရက်မှစ၍ လျှော့ချ သတ်မှတ်ခဲ့ခြင်းဖြစ်ကာ ဧပြီ ၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၆ ကျပ်အထိ လျှော့ချခဲ့ခြင်းဖြစ်သည်။ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဧပြီလအတွင်း အကျဘက်သို့ ဦးတည်လျက်ရှိပြီး ဧပြီ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၆ ကျပ် ဝန်းကျင်မှ ဧပြီ ၄ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၁၈၀ ဝန်းကျင်သို့ နှစ်ရက်အတွင်း ၁၆ ကျပ် ဝန်းကျင်အထိ ကျဆင်းခဲ့ခြင်းပြီး ဧပြီ ၅ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၈၃ ကျပ် ဝန်းကျင်သို့ ပြန်လည်မြင့်တက်ခဲ့သော်လည်း ဧပြီ ၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၇၇ ကျပ်သို့ တစ်ရက်အတွင်း ရှစ်ကျပ်ဝန်းကျင် ပြန်လည်ကျဆင်းခဲ့သည်။ဧပြီလအတွင်း ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဗဟိုဘဏ်၏ လျှော့ချ သတ်မှတ်ခြင်းနှင့်အတူ လိုက်ပါ ကျဆင်းခဲ့ခြင်းဖြစ်ပြီး ဧပြီ ၁ ရက် (ရောင်းဈေး ၁၁၉၆ ကျပ်ဝန်းကျင်) မှ ၆ ရက် (ရောင်းဈေး ၁၁၇၇ ကျပ်ဝန်းကျင်) အထိ တစ်ဒေါ်လာလျှင် ၁၉ ကျပ် ဝန်းကျင်အထိ ကျဆင်းခဲ့သည်။မတ်လအတွင်း နှစ်ပတ်ကျော်ကြာ တစ်ဒေါ်လာလျှင် ကျပ် ၁၂၁၀ ဝန်းကျင်တွင်တည် ငြိမ်နေသော ပြင်ပဒေါ်လာလဲနှုန်းသည် မတ် ၃၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၀၆ ကျပ် ဝန်းကျင်သို့ လေးကျပ်ဝန်းကျင် စတင်ကျ ဆင်းခဲ့ပြီးနောက် ဧပြီ ၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၇၇ ကျပ်ဝန်းကျင်သို့ ဆက်တိုက် ကျဆင်းနေခြင်းဖြစ်သည်။ဗဟိုဘဏ် အနေဖြင့် ဧပြီလအတွင်း နိုင်ငံခြား ငွေကြေးလေလံတွင် ဘဏ်နှင့် ငွေကြေး အဖွဲ့အစည်းများထံမှ ဧပြီ ၄ ရက်တွင် ဒေါ်လာ သုံးသန်း၊ ၅ ရက်တွင် ဒေါ်လာ ခုနစ်သန်း၊ ၆ ရက်တွင် ၁၁ ဒသမ ၅ သန်း စုစုပေါင်း ၂၁ ဒသမ ၅ သန်းကို ဝယ်ယူခဲ့ကြောင်း ဗဟိုဘဏ်မှ သိရသည်။ဧပြီ ၆ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြား ငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၁၉၆ ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာ လဲနှုန်းမှာ ရောင်းဈေး ၁၁၇၇ ကျပ်ဝန်းကျင်၊ ဝယ်ဈေးကျပ် ၁၁၇၅ ဝန်းကျင်တွင် ရှိနေသည်။ ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ၏ ငွေလဲကောင်တာများတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၁၉၆ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၁၁၇၀ ဝန်းကျင် သတ်မှတ်ထားသည်။

Most Read

Most Recent