၂၀၁၆ ခုနှစ် ပြောင်းလဲလာသော မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်

၂၀၁၆ ခုနှစ် ပြောင်းလဲလာသော မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်
Published 6 April 2016
အောင်ကျည်စိုးမြင့် ANA

တန်ခူးလမှာ ကျရောက်တဲ့ သင်္ကြန်ရေသဘင်ပွဲတော် အချိန်အခါမှာ ရာသီနဲ့လိုက်ဖက်တဲ့ ရွှေဝါရောင်ပိတောက်ပန်း၊ ဝါဝါထိန်ထိန် ပင်လုံးကျွတ်ပွင့်ဖူးတတ်တဲ့ ငုပန်း၊ ပတ္တမြားလို နီနီရဲရဲ ပွင့်တတ်တဲ့ စိန်ပန်းစတဲ့ ရနံ့သင်းထုံတဲ့ ပန်းမျိုးစုံဖူးပွင့်တဲ့ ကာလလည်း ဖြစ်ပါတယ်။ သင်္ကြန်ဆိုသည်မှာ ပါဠိဘာသာစကားမှ လာသော “ကူးပြောင်းခြင်း”ဟု အဓိပ္ပာယ်ရပြီး နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းကို ဆိုလိုတာဖြစ်ပါတယ်။တန်ခူးလဆိုသည်မှာ အညာဒေသများမှာ ထန်းပင်များမှ ထန်းသီးခူးတဲ့ လ၊ ထန်းခူးတဲ့ လမှ တန်ခူးလဟု ဆင်းသက်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်သို့ ကျရောက်ပြီးနောက် သင်္ကြန်အချိန်အခါရောက်ရင် ရိုးရာယဉ်ကျေးမှုအရ တစ်ဦးကိုတစ်ဦး မြို့ပြ၊ ကျေးလက်တွေမှာ ရေပက်ရေလောင်း ကစားကြတာတွေ ရှိခဲ့ဖူးပါတယ်။၂၀၁၆ ခုနှစ် ဧပြီ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆ ရက်တို့မှာ ကျရောက်တဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်မှာ ဝါထပ်သဖြင့် သင်္ကြန်ငါးရက် ကျင်းပမှာဖြစ်ပါတယ်။မြန်မာသင်္ကြန်ဆိုသည်မှာ ပုဂံခေတ်ကပင် စတင်ပေါ်ထွန်းလာခဲ့ပါတယ်။ နရသီဟပတေ့ (ခ) တရုတ်ပြေးမင်း (ခ) မင်းခွေးချေး လက်ထက်တွင် ပူပြင်းသောရာသီမှာ မိဖုရားများ၊ မောင်းမမိတ်ဿံများနှင့် ရေကစားရာမှ စတင်ထွန်းကားလာခဲ့ခြင်း ဖြစ်တယ်” လို့ သမိုင်းများမှာ ဖော်ပြထားပါတယ်။နွေကာလ ပူပြင်းခြောက်သွေ့ချိန်မှာ အေးမြကြည်လင် လန်းဆန်းစေဖို့ တစ်ဦးကို တစ်ဦး ယဉ်ကျေးသိမ်မွေ့စွာ ဖလားထဲတွင် နံ့သာရေများ ထည့်ပြီး သပြေခက်နဲ့ ရေပက်ကြတာဟာ မြန်မာ့ရိုးရာယဉ်ကျေးတဲ့ အလေ့အထတစ်ခု ဖြစ်ပါတယ်။
ရှေးတုန်းက နွားလှည်း၊ မြင်းလှည်း၊ မော်တော်ကားတွေနဲ့ လှည့်လည်ပြီး ရေပက်ကစားကြတာတွေရှိသလို အုန်းလက်တွေ၊ ပိတောက်ပန်း၊ ငုပန်းကလေးတွေနဲ့ မဏ္ဍပ်ဆောက်ပြီး ရေပက်ကစားကြတယ်။ တဖြည်းဖြည်း ခေတ်တွေ၊ စနစ်တွေ ပြောင်းလာတဲ့အခါမှာ ရေကစားမဏ္ဍပ်တွေကလည်း သိန်းထောင်ချီ အကုန်အကျခံကာ တီးဝိုင်းအဖွဲ့တွေနဲ့ နာမည်ကြီးအဆိုတော်တွေ ပါဝင်ပြီး ကြီးကျယ်ခမ်းနားစွာ ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်လာကြတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ သံချပ်တိုင်တဲ့ မော်တော်ယာဉ်များနဲ့ ဆုပေးမဏ္ဍပ်များ ပျောက်ကွယ်သွားပြီး ကြီးကျယ်ခမ်းနားတဲ့ ကုမ္ပဏီမဏ္ဍပ်ကြီးတွေ၊ ကန်ထရိုက်တွေ ပြုလုပ်တဲ့ ရေကစားမဏ္ဍပ်မှာ ရေကစားဖို့ လက်မှတ်ရောင်းချတဲ့စနစ်နဲ့ တဖြည်းဖြည်း ပြောင်းလဲလာတယ်။၂၀၁၆ ခုနှစ် ဧပြီမှာ ကျင်းပမယ့်သင်္ကြန်မှာ ပြည်လမ်းမကြီးမှာသာ ရေကစားမဏ္ဍပ်တွေကို ခွင့်ပြုခဲ့ပြီး ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးကန်ပတ်လမ်းတွေမှာ လုံခြုံရေးအရမဏ္ဍပ်များ ဆောက်လုပ်ခွင့်ကို တားမြစ်ခဲ့တယ်။ ပြည်လမ်းမပေါ်မှာရှိတဲ့ အိမ်ခြံဝင်းတွေကို ခုနစ်ရက်စာ ငှားရမ်းခမှာ ကျပ်သိန်း ၁၃၀၀ ခန့် ပေါက်ဈေးရှိပါတယ်။ သင်္ကြန်ရက်အတွင်း ရေကစားချင်တဲ့သူတွေက ရှစ်သောင်းမှ သိန်းဂဏန်းအထိ ပေးပြီး ရေကစားရတော့မှာ ဖြစ်ပါတယ်။တန်ဖိုးကြီးမားတဲ့ ရေကစားမဏ္ဍပ်တွေမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ မဆီလျော်တဲ့ ဝတ်စားဆင်ယင်မှု၊ သီဆိုက ခုန်မှု၊ မူးယစ်ဆေးဝါးများ၊ အရက်သေစာများ သုံးစွဲမှုတွေနဲ့ နိုက်ကလပ်တွေထဲမှာရှိတဲ့ အနောက်တိုင်းယဉ်ကျေးမှုဟာ မြန်မာရိုးရာ သင်္ကြန်အချိန်မှာ တရားဝင်အဖြစ် ကားလမ်းမကြီးတွေပေါ်ကို ရောက်လာခဲ့တယ်။ နိုင်ငံတကာနဲ့ လူမျိုးအသီးသီးမှာ နှစ်သစ်ကူးတဲ့ပွဲတော်ဆိုတာ ရှိပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုတာ အင်မတန်ယဉ်ကျေးသိမ်မွေ့တဲ့ ဓလေ့ထုံးစံတွေနဲ့ ယှက်နွယ်မှု ရှိပါတယ်။ အခုအခါမှာတော့ မြန်မာ့ရိုးရာသင်္ကြန်ဆိုတာ မူးယစ်ဆေးဝါးနဲ့ အရက်သေစာတွေ သောက်စားပြီး အော်ဟစ်ဆူညံနေတဲ့ သရုပ်ပျက်ယဉ်ကျေးမှုတွေ ဖြစ်လာခဲ့တာ ကြာပါပြီ။ ခေတ်စနစ်နဲ့ ယဉ်ကျေးမှု ပါရာဒိုင်းတွေ ပြောင်းသွားတယ်။၁၉၈၈ ခုနှစ်နောက်ပိုင်း လူငယ်တွေ နိုင်ငံရေး မလုပ်ရင်ပြီးရော သင်္ကြန်မှာ မူးချင်သလိုမူး၊ ရူးချင်သလိုရူး၊ သရုပ်ပျက်ချင်သလို ပျက် တရားဝင်ခွင့်ပြုထားတယ်။ အဲဒါကြောင့် အင်မတန် ယဉ်ကျေးသိမ်မွေ့တဲ့ မြန်မာ့ရိုးရာသင်္ကြန်ဟာ စနစ်တကျ ပုံဖျက်ခြင်း ခံခဲ့ရတယ်။ မြို့အနှံ့မော်တော်ကားတွေနဲ့ ရေပက်ခံသူတွေရှိသလို မဏ္ဍပ်မှာထိုင်ပြီး မီးသတ်ပိုက်ကြီးတွေ နဲ့ ရေပက်ကစားသူတွေလည်း ရှိခဲ့တယ်။ ဒီနှစ်ဟာ အယ်လ်နီညိုရာသီဥတုဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး သန့်စင်တဲ့သောက်သုံးရေ မရနိုင်လောက်အောင် ရေတွေခန်းခြောက်နေတဲ့ ဒေသတွေ အများကြီးဖြစ်ပေါ်နေတယ်။ အယ်လ်နီညိုကြောင့် နေရောင်ခြည်ထဲမှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ရေတွေကို အလဟဿမဖြုန်းတီးဖို့ ရန်ကုန်တိုင်းအစိုးရက ကြပ်မတ်လိုက်တာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၃၀ နီးပါး ပျောက်ကွယ်နေတဲ့ သင်္ကြန်နဲ့အတူ ပေါ်ထွန်းလာတဲ့ သံချပ်တိုင်တဲ့ အဖွဲ့တွေ၊ ဆုပေးမဏ္ဍပ်တွေကို ဒီနှစ်မှာ ပြန်လည်ပြီးတော့ ပေါ်ထွန်းလာဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
တစ်ခေတ်တစ်ခါက ရှိခဲ့ဖူးတဲ့ မြန်မာ့ရိုးရာသင်္ကြန်မှာ သံချပ်ပြိုင်တဲ့ အဖွဲ့တွေအကြောင်းကို အမှတ်တရ ပြန်လည်ဖော်ပြလိုက်ပါတယ်။    (ပထစ) ပြည်ထောင်စုအစိုးရလက်ထက် သင်္ကြန်အချိန်အခါမှာ သံချပ်တိုင်တဲ့ အဖွဲ့တွေက ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မုံရွာ၊ မကွေး စတဲ့မြို့တွေမှာ မော်တော်ကားတွေနဲ့ လှည့်လည်ပြီး တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ထင်ဟပ်တဲ့ သံချပ်တွေ ရေးစပ်ဖွဲ့ဆိုကြတယ်။ ပြီးရင် မဏ္ဍပ်တွေမှာ လှည့်လည်သံချပ်တိုင်ကြတယ်။ ပရိသတ်များကလည်း အားပါးတရ အားပေးခဲ့ကြပါတယ်။ရန်ကုန်မြို့မှာ ထင်ရှားတဲ့ သံချပ်အဖွဲ့ များစွာ ပေါ်ထွန်းခဲ့ပါတယ်။ မြို့နယ်အသီးသီး က ဝါသနာရှင်တွေ စုပေါင်းပြီး သံချပ်အဖွဲ့တွေ ထူထောင်ကြတယ်။ ရန်ကုန်မြို့အနှံ့ လှည့်လည်ပြီးတော့ ညဘက်တွေမှာ သံချပ်တိုင်ကြတယ်။ တောင်ဥက္ကလာပမြို့နယ် တစ်ခုတည်းက အလှအက သဘာဝသံချပ်အသင်းပေါင်း ၄၀ ကျော် ထွက်ရှိခဲ့ဖူးတယ်။ သင်္ကြန်မတိုင်ခင် တစ်လလောက်ကပင် သံချပ်တွေ တိုက်ကြ၊ ပြင်ကြဆင်ကြနဲ့။ အားပေးတဲ့သူတွေကလည်း မုန့်စားတန်းကြီးနဲ့ အားပေးကြ။ သင်္ကြန်မတိုင်ခင်ကတည်းက လူတွေက ပျော်နေကြတယ်။သင်္ကြန်ကားတစ်စီး ထွက်ဖို့ ကုန်ကျစရိတ်က ၁၉၇၀ ပြည့်နှစ်လောက်မှာ ငွေကျပ် ၃၀၀၀ လောက်ရှိရင် ကားထွက်လို့ရပြီ။ ကားက တစ်ရက်ကို ကျပ် ၅၀၀။ ဆီက ကိုယ့်ဘာသာကိုယ် ထည့်။ ကားအလှဆင်ဖို့ သစ်သားဝယ်တာနဲ့ မာလဂျင်ပိတ်ကို အလှဆင်၊ ပန်းချီဆွဲ အဖွဲ့သား ၂၅ ယောက်၊ ၃၀ ဆိုရင် တစ်သင်းစာရပြီ။
အဲဒီကာလက နာမည်ကြီးတဲ့အဖွဲ့တွေဟာ အခုခေတ် ဇာတ်အဖွဲ့ကြီးတွေလိုပဲ အားပေးမယ့် ပရိသတ်က ဖျော်ဖြေမှုတွေကို တစ်ညလုံး မအိပ်မနေ စောင့်ကြည့်ရတယ်။ လမ်းမတော်မြို့နယ်က ထွက်တဲ့  “အနန္တစွမ်းအားရှင်”အသင်းကြီးဆိုရင်  လောင်းလှေကြီးကို ကားခေါင်မိုးပေါ်တင်ပြီး လှေဦးမှာ ပြည်ထောင်စုအလံ တလူလူလွှင့်လို့ တိုင်းရင်းသားတွေက လှေလှော်နေတဲ့ဟန်နဲ့ သရုပ်ဖော်ကြတယ်။ ကျောက်ဆည်ဆင်အကနဲ့လည်း ဖျော်ဖြေကြတယ်။ ဝတ်စုံတွေကလည်း လှလှပပ၊ သံချပ်တွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ဆိုတော့ အဲဒီခေတ်က ရန်ကုန်မြို့မှာ ထိပ်တန်းက အောင်မြင်တဲ့ အဖွဲ့တစ်ဖွဲ့လို့ ဆိုရမယ်။သင်္ဃန်းကျွန်းမြို့နယ်က မောင်တင့်ဆန်း၊ မောင်ဆန်းတင့်တို့ရဲ့ “ဧည့်သည်”ဆိုတဲ့ သံချပ်အဖွဲ့ဟာ နွားလှည်းယာဉ်ကို ကားပေါ်မှာ အလှဆင်ထားတယ်။ ရန်ကင်းမြို့နယ်က ပေါ်ဦးထွန်း (မင်းကိုနိုင်) ရဲ့ “ဆိတ်ပါးစပ်နဲ့ နတ်မျက်စိ” လူငယ်လေးတွေအဖွဲ့၊ ကြည့်မြင်တိုင်မြို့နယ်က ကိုခင်မောင်ဆွေရဲ့ “ယဉ်ကျေးမောင်”အဖွဲ့၊ “ပြည်တော်ချစ်မင်းသားကြီး” သံချပ်အဖွဲ့၊ ကိုခင်မောင်မြင့် (မေတ္တာ)ရဲ့ “ပြည်သူ့တရားရှင်” သံချပ်အဖွဲ့၊ ပန်းချီဆရာကြီး စတားဦးမြသန်းနဲ့ ဒီဥက္ကာတို့ရဲ့ “မဟာရန်ကုန် ၃၆၅”သံချပ်အဖွဲ့၊ ဗဟန်းမြို့နယ်မှ ကမ္ဘာကျော်ငွေလှိုင်ရဲ့ “ကမ္ဘာကျော် ဟာသမဟာစင်တော်ကြီး”သံချပ်အဖွဲ့၊ ကိုအောင်ချစ်တင်ရဲ့ “အနုလုံ ပဋိလုံနှင့် ပဏ္ဍိတစွမ်းအားရှင်” သံချပ်အဖွဲ့၊ ဂီတစာဆို မောင်ကြေးမုံရဲ့ “မကောင်းသူထိပ် ကောင်းသူထိပ်” သံချပ်အဖွဲ့။
မောင်ကြေးမုံတို့အဖွဲ့လာရင် သိပ်ရယ်ရတာပဲ။ သူ့ရဲ့ပြောင်မြောက်တဲ့ ဟာသ၊ အပြောအဆို၊ အမူအရာတွေက ပရိသတ်ကို ဟဒယနှလုံးကို ရွှင်ပြုံးစေတယ်။ မဏ္ဍပ်ရှေ့မှာ ကားရောက်လာရင် ကားပေါ်ကဆင်းပြီး စင်ပေါ်ကို ခပ်တည်တည်နဲ့ တက်သွားတယ်။ ခေါင်းပေါင်း၊ ရင်ဖုံးတိုက်ပုံ၊ တောင်ရှည်ပုဆိုး၊ ပုံတော်ဖိနပ်နဲ့ အကဲဖြတ်လူကြီးတွေအဖွဲ့ကို သူတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်၊ ကားရဲ့အပြင်အဆင်တွေကို ရှင်းပြတဲ့အခါ မဏ္ဍပ်ထဲက လူတွေကတော့ မသိရှာဘူး။ နောက်ကကြည့်နေကြတဲ့ ပရိသတ်က တဝေါဝေါ ရယ်နေကြပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူက ခပ်တည်တည်နဲ့ အဝတ်အစားတွေ ဝတ်ထားပေမယ့် တောင်ရှည်ပုဆိုးက ရှေ့မှာပဲပါတယ်။ နောက်က ပုဆိုးကို ခါးတောင်းကျိုက်ထားတယ်။ ဖင်လေးက အပြောင်သား။ မြင်သူတိုင်းက တဝါးဝါးနဲ့ ပွဲကျကြတယ်။ “ရွှေညာမြေမှ ဧရာမောင်”ဆိုတဲ့အဖွဲ့က ကားပေါ်မှာ ဝါးဖောင်ကြီး လုပ်ထားတယ်။ ဝါးဖောင်ပေါ်မှာ ဖောင်သမားတွေနေတဲ့ တဲလေးပါတယ်။ တဲခေါင်မိုးပေါ်မှာ ကြက်က တွန်နေသေးတယ်။ မိန်းမက ထမင်းအိုးတည်ရင်း ငရုတ်သီးထောင်းနေတယ်။ ရေစီးနဲ့မျောသွားတဲ့ ဝါးဖောင်ကို ကမ်းစပ်ကနေ ဖောင်ကြိုးကို ဆွဲပြီးသွားနေတဲ့ ပုံသဏ္ဌာန်နဲ့ သရုပ်ဆောင်တယ်။ သံချပ်အဖွဲ့တွေမှာက အက၊ အလှ၊ သဘာဝသံချပ်ဆိုပြီး စွယ်စုံဆုကို ပြိုင်ပွဲဝင်ကြတာ။သံစဉ်မှာ နောင်ဒိုင်း၊ ဂန္ထဝင်မှာ မောင်ဝိုင်းဆိုတဲ့ ကိုနေဝင်းကလည်း “မောင်မောင် ဆိုလေ ထီးရိုးရှည်”ဆိုတဲ့ သံချပ်အဖွဲ့နဲ့ ပြောင်မြောက်တဲ့ သံချပ်တွေနဲ့ ခေတ်စနစ်တွေကို ထင်ဟပ်ပြီး သရော်တယ်။ ကိုတင်မောင်ဝင်း၊ ထိပ်တင်ဝင်း၊ ထိပ်တင်အေး (ကြည်သာ ပွဲကြိုက်ခင်) တို့ရဲ့ “ဟုတ်ပါပေ့” ဆိုတဲ့ သံချပ်အဖွဲ့ဟာ ကလေးသရုပ်ဆောင် အင်္ဂလန်စိန် (အကယ်ဒမီ ငြိမ်းငြိမ်းအိ) ကလည်း ပါဝင်အားဖြည့်ပြီး ဇော်မျိုးထွဋ် (အကယ်ဒမီ၊ ဂီတမှူး) တို့ကလည်း ငယ်ဘဝမှာ သံချပ်အဖွဲ့တွေ နဲ့ ပျော်ရွှင်စွာ ပါဝင်ဖြတ်သန်းခဲ့ဖူးတယ်။ သာကေတမှ “အရူးပါးစပ်”ဆိုတဲ့ သံချပ်အဖွဲ့၊ “ဂနိုင်မှနှင်းဆီ”၊ မိုးဝင်းဇာတ်သဘင်အဖွဲ့မှ  ပြဇာတ်မင်းသား လူငယ်ကြည်ခိုင်ကလည်း “ဝေလေလေ”အမည်နဲ့ သံချပ်အသင်း လုပ်ခဲ့သေးတယ်။ ရန်ကင်းမှ “မဟာနေကမ္ဘာသား”ဆိုတဲ့ အသင်းကြီးကို ကဗျာဆရာကြီး ဒေါင်းနွယ်ဆွေ ကိုယ်တိုင်ရေးပြီး ကိုယ်တိုင် သံချပ်တိုင်ခဲ့တယ်။ ကေသီပန်ရုပ်ရှင်က  (ဒါရိုက်တာ မိုက်တီးရဲ့အဖေ) ဒါရိုက်တာ ဦးခင်ဇော်က ကလေးသရုပ်ဆောင်တွေနဲ့ ရိုက်ကူးတဲ့ “လှတာကိုမှ လိုချင်တယ်” ဇာတ်ကားက မို့မို့မြင့်အောင်၊ ဇော်ဦး၊ အာလူးစတဲ့ ကလေးသရုပ်ဆောင်တွေနဲ့ သံချပ်ရေသဘင်အဖွဲ့ ထွက်ခဲ့ဖူးတယ်။
ကိုမြင့်သိန်း (ကုသိုလ်) ရဲ့ “ပြီးပါပြီ” အဖွဲ့၊ မောင်မောင်မြင့်အောင် (ဗေလုဝ) ကလည်း “ပြောမဆုံးပေါင် တောသုံးတောင်”၊ “ဒိုးဒိုးဒေါက်ဒေါက်” စတဲ့အသင်းများကို တည်ထောင်ပြီး ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သံချပ်တိုင်၊ ကိုယ်တိုင်သရုပ်ဆောင် လုပ်ခဲ့ဖူးတယ်။ ကဗျာဆရာကြီးမောင်စိမ်းနီနဲ့ ခန့်မင်းထက်တို့ရဲ့ “အပြာထဲက အနီ”သံချပ်အဖွဲ့ကလည်း အခုအချိန်မှာ အရမ်းလူကြိုက်များတဲ့အဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။တစ်ညလုံး ရန်ကုန်မြို့အနှံ့ ဆုပေးမဏ္ဍပ်တွေကို လှည့်လည်ပြီးတော့ သံချပ်တွေတိုင်၊ နံနက်မိုးလင်းတော့ အင်းလျားကန်၊ ကြက်ကျွန်း (ဆီဒိုးနားဟိုတယ်ရှေ့ကကျွန်း) မှာ တစ်ဖွဲ့လုံးအိပ်ကြ၊ ချက်တဲ့အဖွဲ့တွေကလည်း ချက်ကြ၊ ပြုတ်ကြနဲ့  ညနေ စားသောက်ပြီးရင် ပြင်ဆင်ပြီးတော့ ထွက်ကြပြန်ရော။ တကယ်တော့ သင်္ကြန်သံချပ်အဖွဲ့တွေဟာလည်း ဇာတ်သဘင်အဖွဲ့တွေလိုပါပဲ။ ဗေလုဝတို့၊ ကုသိုလ်၊ မေတ္တာတို့ ဆိုတာ အဲဒီတုန်းကတော့ အနုပညာဝါသနာရှင် လူငယ်တွေပေါ့။ သင်္ကြန်နားနီးရင် စင်ပေါ်မှာ မင်းသားလိုဝတ်ဖို့ နတ်ကတော်တွေဆီက အဝတ်တန်ဆာတွေကို ငှားနေကျ ဖောက်သည်တွေပါ။ရုပ်ရှင်နဲ့ ပြဇာတ်ဒါရိုက်တာ ဒဂုံတင်ဝင်း၊ ကိုအောင်မြင့်၊ ကိုစိုးကြည်တို့ ဦးဆောင်ပြီး မိန်းကလေးတွေက သံချပ်တိုင်တဲ့ “ခေတ်၏ သမီးပျို”အဖွဲ့လည်း ရှိခဲ့တယ်။ ဂီတစာဆို ကိုလေးလွင်၊ မောင်ဆွေနွယ်၊ ဟင်္သာတမြင့်ငွေတို့က သီချင်းတွေ ရေးစပ်ပေးခဲ့တယ်။ ဒေါပုံသင်္ဘောကျင်းကလည်း မော်တော်ကားပေါ်မှာ သင်္ဘောပုံဆင်ပြီးတော့ ထွက်ခဲ့ဖူးတယ်။ ကိုဖေသန်းရဲ့ “ရှားရှားပါးပါး”၊ ကိုအေးကို (ဇာတ်ညွှန်းဆုသြချယ်)၊ ကိုမြင့်လွင်တို့ရဲ့ “ခြင်းကြား တုတ်ထောက် ထိရာပေါက်”၊ ဟာသစာရေးဆရာကြီး အီကြာကွေးရဲ့ “ခွပ်လိုက်ကြစို့ သူငယ်ချင်း”၊ ဝင်းနိုင် (အနုပညာ) ရဲ့ “လေမျိုးရှစ်ဆယ်” သံချပ်အဖွဲ့၊ မောင်မောင်မြင့်သန်း (ချစ်စရာ) ရဲ့ “လောကသံသရာခရီးသည်”စတဲ့ အသင်းတွေဟာ သင်္ကြန်အချိန်မှာ ပြည်သူလူထုကိုဖျော်ဖြေဖို့ ပြည်သူတွေ ရင်ထဲမှာရှိနေတဲ့ စကားတွေကို ပြန်လည်တင်ပြဖို့အတွက်ရည်ရွယ်ပြီး သံချပ်အသင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကာလမှသည် ၁၉၈၇ ခုနှစ်အထိ သင်္ကြန်မှာ သံချပ်အဖွဲ့တွေနဲ့ ဆုပေးမဏ္ဍပ်တွေ ရှိခဲ့တယ်။ နဝတ၊ နအဖစစ်အစိုးရအုပ်ချုပ်တဲ့ခေတ်မှာ ၁၉၈၈ ခုနှစ်ကနေပြီး ၂၀၁၂ ခုနှစ် အထိ သံချပ်အသင်းတွေနဲ့ ဆုပေးမဏ္ဍပ်တွေ ပျောက်ကွယ်သွားခဲ့တယ်။၂၀၁၃ ခုနှစ်ကစပြီး သံချပ်အဖွဲ့တွေ ပြန်လည်ထွက်ပေါ်လာခဲ့တယ်။ ဒီနှစ် ၂၀၁၆ ခုနှစ်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဆုပေးမဏ္ဍပ်တွေနဲ့ သံချပ်အသင်းတွေ ပြန်လည်ဆောင်ရွက်နိုင်ဖို့ ခွင့်ပြုပေးခဲ့တယ်။