စတော့ဈေးကွက်တွင် ပါဝင်နိုင်ရန် Securities ကုမ္ပဏီများနှင့် စတော့အိတ်ချိန်းမှတစ်ဆင့် လာရောက် လျှောက်ထားသည့် အများပိုင် ကုမ္ပဏီပေါင်း ၁၅ ခုအထိရှိ

စတော့ဈေးကွက်တွင် ပါဝင်နိုင်ရန် Securities ကုမ္ပဏီများနှင့် စတော့အိတ်ချိန်းမှတစ်ဆင့် လာရောက် လျှောက်ထားသည့် အများပိုင် ကုမ္ပဏီပေါင်း ၁၅ ခုအထိရှိ
Published 5 April 2016
အေးမြတ်မွန်

စတော့ဈေးကွက်တွင် ပါဝင်နိုင်ရန် Securities ကုမ္ပဏီများနှင့် စတော့အိတ်ချိန်းမှတစ်ဆင့်  လာရောက် လျှောက်ထားသည့် အများပိုင်ကုမ္ပဏီပေါင်း ၁၅ ခုအထိ ရှိနေကြောင်း မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်မှ သိရသည်။
စတော့အိတ်ချိန်း ဈေးကွက်တွင် စာရင်းဝင်အဖြစ် ဝင်ရောက်လိုသည့် ကုမ္ပဏီများအနေဖြင့် ရန်ကုန်စတော့ အိတ်ချိန်းနှင့် Securities ကုမ္ပဏီများထံသို့ စာရင်းဝင်ရောက်နိုင်ရန် လာရောက် စာရင်းပေးသွင်း စုံစမ်းနေကြောင်း သိရသည်။
"အခုကစတော့နဲ့ ပတ်သက်ပြီး SECM နဲ့ YSX မှာ လျှောက်တာက ကုမ္ပဏီသုံးခု ပြီးတော့ Securities ကုမ္ပဏီတွေထဲမှာလည်း ၁၂ ခု၊ ၁၃ ခုလောက် လာကမ်းလှမ်းတယ်။ ရှယ်ယာထုတ်ရောင်း ချင်လို့ပါဆိုပြီး။ အဲဒီလို အလုပ်လာအပ်တဲ့ ကုမ္ပဏီတွေလည်း ရှိနေပြီ။ ဒီနှစ်ထဲမှာ ၁၅ ခုလောက် လက်ခံရရှိတဲ့ သဘောပဲ။ အဲဒီ ၁၅ ခုက ဒီနှစ်ထဲမှာ ပြီးချင်မှပြီးမယ်။ နောက်နှစ်တွေ ဆက်သွားချင်သွားမယ်။ ဒီယန္တရားကြီးက စပြီးလည်ပတ် နေပြီဆိုတော့ သူ့ဘာသာသူ လည်ပတ်တော့မှာပဲ" ဟု မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
ရန်ကုန်စတော့ အိတ်ချိန်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ ပြီး ၂၀၁၆ ခုနှစ် မတ် ၂၅ ရက်တွင် ရှယ်ယာရောင်းချခွင့်ရ အများပိုင်ကုမ္ပဏီ ခြောက်ခုအနက် FMI ကုမ္ပဏီမှာ ပြင်ဆင်မှု အမြန်ဆုံး ပြီးစီးသည့်အတွက် ရန်ကုန်စတော့ ဈေးကွက်တွင် ပြိုင်ဘက်မရှိ ပထမဆုံးရောင်းချသည့် ကုမ္ပဏီဖြစ်လာကာ ဧပြီလတွင် မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ၏ ရှယ်ယာရောင်းချမှုမှာ စတော့ဈေးကွက်အတွင်း ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။
ရှယ်ယာဝယ်ယူမည့်သူများ အနေဖြင့် လိုင်စင်ရငွေချေး သက်သေခံလက်မှတ် ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုတွင် စာရင်းဖွင့်လှစ်ရန် လိုအပ်ကြောင်း  သိရသည်။
ရန်ကုန်စတော့ အိတ်ချိန်းကို တနင်္လာမှ သောကြာနေ့အတွင်း နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၁ နာရီအထိ ဖွင့်လှစ်ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်း အရောင်းအဝယ် ပြုလုပ်ချိန် Trading Session နှစ်ပိုင်းရှိကာ ဈေးကွက်ဖွင့်ချိန် နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ (ပထမအပိုင်း) နှင့် ဈေးကွက်ပိတ်ချိန် ၁ နာရီအထိကို (ဒုတိယအပိုင်း) ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။
ရန်ကုန်စတော့ ဈေးကွက်၌ အများပိုင်ကုမ္ပဏီ First Myanmar Investment, First Private Bank  (ပထမ ပုဂ္ဂလိကဘဏ်)၊ Myanmar Citizen Bank, Myanmar Thilawa SEZ Holdings public ကုမ္ပဏီ၊ Great HOR KHAN Public Co., Myanmar Agribusiness Public Corporation (MAPCO) တို့က ရှယ်ယာ ရောင်းချခွင့် ရရှိထားကြောင်း သိရသည်။
စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများ၏ ရှယ်ယာများ ရောင်းချခွင့် လုပ်ငန်းလိုင်စင်အတွက် ကျပ်သန်း ၃၀ မှ ကျပ် ၁၅ ဘီလျံအထိ သတ်မှတ်ထားပြီး တစ်ဆင့်ခံ ရှယ်ယာများ ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မည့် Underwriter လိုင်စင်တစ်ခုအတွက် ကျပ် ၁၅ ဘီလျံ၊ ဝယ်ရောင်း လုပ်ငန်းအမျိုးအစား Dealer လိုင်စင်အတွက် ကျပ် ၁၀ ဘီလျံ၊ အကျိုးဆောင်လုပ်ငန်း Broker လိုင်စင်အတွက် ကျပ် ခုနစ်ဘီလျံ၊ အကြံပေးလုပ်ငန်း Consultant လိုင်စင်အတွက် ကျပ်သန်း ၃၀ သတ်မှတ်ထားကြောင်း သိရသည်။
 

Most Read

Most Recent