စီးပွား/ကူးသန်းနှင့် အာဆီယံ-ကိုရီးယား စင်တာတို့ ပူးပေါင်းပြီး မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား စီးပွားရေး အခွင့်အလမ်းများ ပိုမိုတိုးချဲ့နိုင်စေရေး ဆွေးနွေး

စီးပွား/ကူးသန်းနှင့် အာဆီယံ-ကိုရီးယား စင်တာတို့ ပူးပေါင်းပြီး မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား စီးပွားရေး အခွင့်အလမ်းများ ပိုမိုတိုးချဲ့နိုင်စေရေး ဆွေးနွေး
Published 5 April 2016
နီလာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် အာဆီယံ-ကိုရီးယားစင်တာတို့ ပူးပေါင်းပြီး Product Development Workshop ကို ဧပြီ  ၅ ရက်က ရန်ကုန်မြို့ရှိ Chatrium Hotel တွင် ကျင်းပခဲ့သည်။
ကိုရီးယား စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းစဉ်များ၊ ထုပ်ပိုးမှုနည်းပညာနှင့် သန့်ရှင်းမှုဆိုင်ရာ ကိစ္စရပ်တို့ကို မြန်မာ့စားသောက်ကုန် ထုတ်လုပ်သူများ အနေဖြင့် ပိုမိုသိရှိ နားလည်စေရန်၊ မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား စီးပွားရေး အခွင့်အလမ်းများ ပိုမိုတိုးချဲ့နိုင်စေရန်နှင့် ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှုမျး အပြန်အလှန် တိုးပွားလာစေရန်အတွက် ရည်ရွယ်ကာ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသည် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ မြန်မာ့ကုန်သွယ်မှု ဗဟိုဌာနနှင့် အာဆီယံ-ကိုရီးယား စင်တာတို့အကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများအနက် ကုန်သွယ်မှု တိုးတက်ရေး စွမ်းအားစု တည်ဆောက်ရေးကို ဖော်ဆောင်သည့် အဋ္ဌမအကြိမ်မြောက် အလုပ်ရုံ ဆွေးနွေးပွဲဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့က အုန်းသီးလုပ်ငန်းကို လုပ်ကိုင်ပါတယ်။ ကျွန်တော်တို့က စိုက်လည်း စိုက်ပျိုးတယ်။ ပြည်ပကိုလည်း တင်ပို့ပါတယ်။ အဲဒီတော့ အခု ကိုရီးယားကို ပို့ချင်တယ်ဆိုရင် ဘယ်လိုဆက်သွယ်ရမလဲ။ အုန်းသီးဆိုတဲ့နေရာမှာ အလုံးလိုက်ကို ယူချင်သလား။ ဒါမှမဟုတ် အုန်းသီးအသားကို ယူသလား။ အုန်းသီးအမှုန့်ကို ယူသလား။ အခု ကျွန်တော်တို့က အုန်းသီးကို ယိုးဒယားနိုင်ငံကို တင်ပို့နေပါတယ်" ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်တွင်းလုပ်ငန်းရှင် တစ်ဦးက မေးခွန်းထုတ်ခဲ့သည်။
အဆိုပါ မေးခွန်းအား ကိုရီးယား လုပ်ငန်းရှင်များမှ ပြန်လည်ဖြေကြားရာတွင် အုန်းသီးနှင့် ပတ်သက်ပြီး ကိုရီးယားသို့ တင်ပို့လိုပါက စည်းမျဉ်းစည်းကမ်းများကို ပထမဦးစွာ လေ့လာရန် လိုအပ်ကြောင်း၊ ကိုရီးယား နိုင်ငံတွင် အုန်းသီးကို ဆီအဖြစ် အများဆုံး အသုံးပြုကြောင်း၊ လက်ရှိအချိန်တွင် အုန်းသီးနှင့် ပတ်သက်သည့် အချိုရည်များ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက် လျက်ရှိကြောင်း၊ ကိုရီးယားနိုင်ငံသို့ အုန်းသီးတင်သွင်းမှုနှင့် ပတ်သက်ပြီး ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ အာဆီယံ-ကိုရီးယား စင်တာမှ အထွေထွေ အတွင်းရေးမှူး ချုပ် H.E Mr.Kim Young Sun တို့အပါအဝင် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent