မြန်မာ့ဆန် အင်ဒိုနီးရှားသို့ တင်ပို့ရာတွင် မြန်မာဘက်မှ ဆန်တန်ဖိုးကို ငွေလွှဲစာတမ်းမှ ထုတ်ယူနိုင်ရန် ဆောင်ရွက်ရာ၌ အပင်ပိုးမွှားဆိုင်ရာ ကိစ္စရပ်များအတွက် သတ်မှတ်ထားသော ဓာတ်ခွဲခန်းများကို အင်ဒိုနီးရှား၌ မှတ်ပုံ မတင်ထား၍ အခက်အခဲ ဖြစ်နေ

မြန်မာ့ဆန် အင်ဒိုနီးရှားသို့ တင်ပို့ရာတွင် မြန်မာဘက်မှ ဆန်တန်ဖိုးကို ငွေလွှဲစာတမ်းမှ ထုတ်ယူနိုင်ရန် ဆောင်ရွက်ရာ၌ အပင်ပိုးမွှားဆိုင်ရာ ကိစ္စရပ်များအတွက် သတ်မှတ်ထားသော ဓာတ်ခွဲခန်းများကို အင်ဒိုနီးရှား၌ မှတ်ပုံ မတင်ထား၍ အခက်အခဲ ဖြစ်နေ
Published 4 April 2016
နီလာ

မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံ ရေးထိုးထားသည့် MoU အရ အင်ဒိုနီးရှား နိုင်ငံသို့ မြန်မာ့ဆန် တင်ပို့ရာတွင် ဆန်တန်ဖိုးကို ငွေလွှဲစာတမ်းမှ ထုတ်ယူနိုင်ရန် ဆောင်ရွက်ရာ၌ မြန်မာဘက်မှ အပင်ပိုးမွှားဆိုင်ရာ ကိစ္စရပ်များအတွက် သတ်မှတ်ထားသော ဓာတ်ခွဲခန်းများကို အင်ဒိုနီးရှား အစိုးရသို့ မှတ်ပုံတင်ထားခြင်း မရှိ၍ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် အင်ဒိုနီးရှားနိုင်ငံ၊ ကုန်သွယ်ရေး ဝန်ကြီးဌာနတို့ ကြားတွင် ရေးထိုးထားသည့် ဆန်တင်ပို့ ရောင်းချခြင်းဆိုင်ရာ MoU အရ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တင်ပို့ ရောင်းချရန်အတွက် စီးပွား/ကူးသန်းဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်း (MAPCO) အနေဖြင့် အင်ဒိုနီးရှားနိုင်ငံ Perum Bulog သို့ ဆန်တန်ချိန် (၂၀,၀၀၀) ရောင်းချပေးရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။ယင်းသို့ ဆန်တင်ပို့ ရောင်းချရန်အတွက် နှစ်ဦးနှစ်ဖက် သဘောတူထားသော OMIC Myanmar မှ စစ်ဆေး အတည်ပြု၍ ဆန်တန်ချိန် (၁၃,၇၇၅) တန်ကို အင်ဒိုနီးရှားနိုင်ငံ Surabaya ဆိပ်ကမ်းသို့ ငါးကြိမ်ခွဲ၍ တင်ပို့ခဲ့ပြီဖြစ်ကြောင်း သိရသည်။ သို့ရာတွင် အဆိုပါ တင်ပို့ထားသော ဆန်များကို ထုတ်ယူရန်အတွက် လည်းကောင်း၊ တင်ပို့ထားသော ဆန်များ၏ တန်ဖိုးကို ငွေလွှဲစာတမ်းမှ ငွေထုတ်ယူ ရရှိနိုင်ရန်အတွက် ဆောင်ရွက်ရာတွင် လိုအပ်သော ပြဋ္ဌာန်းချက် တစ်ခုဖြစ်သည့် Prior Notice ကို သတ်မှတ်ထားသော Website မှ လျှောက်ထားရာတွင် မြန်မာနိုင်ငံ အနေဖြင့် အပင်ပိုးမွှားဆိုင်ရာ ကိစ္စရပ်များအတွက် သတ်မှတ်ထားသော ဓာတ်ခွဲခန်းများကို အင်ဒိုနီးရှား၌ မှတ်ပုံတင်ထားခြင်း မရှိသောကြောင့် ဆောင်ရွက်၍ မရနိုင်ကြောင်း သိရသည်။မြန်မာ အစိုးရဘက်မှ လိုအပ်သော ဆက်သွယ်မှု၊ ဓာတ်ခွဲခန်း မှတ်ပုံတင်ခြင်း ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်မှသာလျှင် ပြီးမြောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ယခုကဲ့သို့ အလားတူ ကိစ္စရပ်မျိုးကို ဗီယက်နမ်နိုင်ငံမှ ဆန်တင်သွင်းမှုတွင် ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ဗီယက်နမ် အစိုးရ အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဌာနများဖြင့် အနီးကပ် ဆောင်ရွက်ခဲ့မှုကြောင့် ဓာတ်ခွဲခန်း မှတ်ပုံတင်ခြင်း ကိစ္စ ဆောင်ရွက်နေဆဲ ကာလတွင် ရောက်ရှိနေသော ဆန်သင်္ဘောအား သတ်မှတ်ချက်ကို လျှော့ပေါ့၍ တင်သွင်းခွင့် ပြုခဲ့ကြောင်း သိရသည်။အဆိုပါ အခက်အခဲများကြောင့် ဆန်တန်ချိန် (၁၃,၇၇၅) တန်ကိုသာ တင်ပို့ခဲ့ပြီး ဆိပ်ကမ်းတွင် အချိန်ကြာမြင့်စွာ ထားရှိပါက ဆန်အရည်အသွေးနှင့် အလေးချိန်ကို များစွာ ထိခိုက်နိုင်ပါသဖြင့် တင်ပို့မှုကို ရပ်နားထားခဲ့ကြောင်း၊ စာချုပ်ပါ စည်းကမ်းဖြစ်သည့် ဆန်တန်ချိန် (၂၀,၀၀၀) အား မတ် ၃၁ ရက် နောက်ဆုံးထား၍ အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့ရမည်ဖြစ်ပြီး သတ်မှတ်ချိန်အတွင်း တင်ပို့နိုင်ခြင်း မရှိပါက ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်ရာ သင်္ဘောတင် ကာလအား မတ်လမှ ဧပြီလကုန်သို့ တိုးမြှင့်ပေးရန်အတွက် Perum Bulog နှင့် ညှိနှိုင်းရာတွင် Perum Bulog အနေဖြင့် ကူညီဆောင်ရွက် ပေးနိုင်သော်လည်း ၎င်းတို့၏ သွင်းကုန်လိုင်စင်မှာ အကန့်အသတ်ဖြင့် ထုတ်ပေးထားခြင်းဖြစ်ပြီး ကုန်သွယ်ရေး ဝန်ကြီးဌာနမှ သွင်းကုန်လိုင်စင်အား သက်တမ်း တိုးမြှင့်ပေးမှသာလျှင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်းနှင့် Perum Bulog အနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အကြောင်းပြန်ကြားမှုကို ၁၄ ရက်ခန့် စောင့်ဆိုင်းခဲ့သော်လည်း အကြောင်း တစ်စုံတစ်ရာ ပြန်ကြားမှု မရှိခြင်း၊ တင်ပို့ထားသော ဆန်များ၏ အရည်အသွေး ထိခိုက်၍ မြန်မာ့ဆန်၏ ကောင်းသတင်းကို ထိခိုက်နိုင်ခြင်း၊ သတ်မှတ်သင်္ဘော တင်ပို့မည့် မတ် ၃၁ ရက်ကို ကျော်လွန်ခဲ့ပြီဖြစ်၍ အင်ဒိုနီးရှားနိုင်ငံ အကောက်ခွန် ဌာနမှ ယခု တင်ပို့ထားသော ဆန်များကို သွင်းကုန်လိုင်စင် မရှိ၍ ပြန်လည်တင်ပို့ပါက နိုင်ငံ၏ ဂုဏ်သိက္ခာကို များစွာ ထိခိုက်နိုင်ကြောင်း ၎င်းက သုံးသပ်ထားသည်။                           

Most Read

Most Recent